လူပုံစံအထပ်ထပ်
ကြပ်ကြပ်ညပ်ညပ်ဝေဝါး
အတွေးများထဲက ပန်းတိုင်းမှာ
လှမ်းကိုင်မရတဲ့
တံတိုင်းတို့ရဲ့မာယာ
မမိမချင်းကွန်ပစ်ခဲ့တဲ့ရေလွှာ
ကောင်းကင်မှာလမ်းဖောက်သူတို့ရဲ့စကား
အသုံးအနှုန်းမလှတဲ့အပြုံးများကြားမှာ
ဘဝဟာ မြွေတကောင်လိုမလိမ္မာခဲ့ဘူး
လွင်ပြင်ကိုကူးခတ်ချင်တဲ့ကောင်
အရိပ်ပြောက်သွားတဲ့မြေပြင်မှာ
နှုန်းချိချိပန်းတပွင့်ကိုလဲ
မောဟတွေစီးပြီး
ဖြူစွတ်စွတ်မျက်နှာဖုံးတွေကြား
သူမျှော်ရှာသေးတယ် . . .
နှာခေါင်းထက်မှာပွင့်ခဲ့တဲ့ ပန်း
ရနံ့ပျိုလေး နမ်းတဲ့ညက
အလင်းနှစ်တို့မောဟိုက်ဖောက်ပြား
တထောင့်နားတဲ့ကမ္ဘာ့မှတ်တိုင်မှာ
ငါဟာနှလုံးသားမပါတဲ့
မီးသင့်လူသား
လွန်ခဲ့သောနံနက်ခင်းတိုင်းလှပ
သူ့ညကျမှလသာခဲ့လေသလား
အမှောင်ဒေါင့်မှာခြောက်ခြား
အရောင်မမှားတဲ့လဟာ
စုန်းသက်သက်မျက်လုံးများနဲ့
သူ့အသက်ကိုရှာနေခဲ့တာလဲကြာ . . .
မမှားဖူးသေးတဲ့လူမှာ
နုနုရွရွအမှန်တရားတွေဖွက်မထား
လက်သည်းကြားက
နှာခေါင်းထုတ်ရှုရသူ
ကံ့ကော်လူသား
သူမြင်ဖူးသမျှဟာ
ရနံ့လှတဲ့
အမှန်တရား ပြာပြာတွေသာ . . .
ဒီအတိုင်းသာပွေ့ဖက်ထားတဲ့အလွမ်းမှာ
လှိုင်းတွေကြားကဆုတေသွားတဲ့နတ်ပျို
အလင်းတခြမ်းနဲ့ညနေကမ်းမှာ ဖွဖွရွရွ
ခရေကောက်ရင်း လူဖြစ်လာတဲ့နန်းတော်ပေါ်
စိတ္တဇကဗျာတွေပွစာကျဲ
မလှဲကျင်းပဲနေခဲ့တဲ့ပင်လယ်မှာ
လှိုင်းကယက်တို့ချက်ပြုတ်ထားတယ် . . .
ငါ့ကိုပျိုးပျိုးပြီးတူးဆွ
မိုးပေါက်တွေကျတော့မှ
နောက်ဆုံးကမ္ဘာ
အူတိုင်မဲ့တေးသွားနဲ့
စကြာဝဠာထဲအရှင်လတ်လတ်
တခြမ်းမှောင်တခြမ်းလင်း
ပြတင်းအပြည့်နဲ့
မွန်းကြပ်စူးရှအောင်မြှပ်
ကမ္ဘာ့နေရာဟာ ယခုအခါမှာ
မီးသင့်ထားတဲ့ ခေါင်းတလား . . . ။
nelay
No comments:
Post a Comment