အနောက် ရေတွေက အဝေးကိုစီးကြ
အရှေ့ လေတွေက အနီးကိုတိုက်ကြ
အစီအစဉ် မဆွဲခင် လက်ဖျံသွေးကြောပေါ်က ငှက်ဟာ
အညိုရောင် ဆံနွယ်တွေအောက်က
တောအုပ်ထဲမှာ သွေးဆာနေရတယ်
ကြောက်လန့်ခြင်းရဲ့ မဟူရာ ဓါးသွားပေါ်က
ငှက်မကလေးရေ ………
ခွဲခွာခြင်းရဲ့ ၀တ်ရုံတော်မှာ အနီရောင်ကျိန်စာ တစ်ပိုင်းက
လွှင့်ကျလာတဲ့ မျက်ရည်တိုင်းကို ဖန်ပုလင်းထဲ ပြုစုပျိုးထားတယ်
ယားယံခြင်းရဲ့ အတတ်ပညာဟာ
အလွမ်းလို့ခေါ်တဲ့ အိမ်ရှေ့ခန်းက
မသေဆုံးတဲ့ မင်းရဲ့ အသံအပိုင်းအစတွေပါပဲ
ပန်း အက်ကြောင်းကို တူးဖေါ်မိတဲ့
အဆိပ်သင့် ၀ိဥာဉ်အတွက်တော့
အင်္ဂါမစုံတဲ့ ဒုက္ခိတသက်တန့် ရှု့ခင်းကြီးပဲပေါ့ …
အိမ်ဆိုတဲ့ ရပ်ဝန်းမှာ ပြိုကျမိတဲ့
ငါ့လက်မောင်းထဲက မြစ်တစ်စင်းဟာ
ငါးတွေကိုသယ်လာတဲ့ အသူရာ ကျောရိုးကြီးဖြစ်တယ်
မျက်တောင်ခတ်တိုင်း ကစားဖူးတဲ့
သူရူးအလင်္ကာ တဖျပ်ဖျပ်ကို
အမှောင်စာကြည့်စားပွဲပေါ်မှာ ဖယောင်းစက်ချရက်တယ်နော်
အဖြေက အမေးကို ပြန်သတ်လိုက်တဲ့ ဒါး
အတိတ်ကိုကျဲပက်လိုက်တဲ့ မျှားတွေက
အကြောင်းမကြားပဲ ငါ့ကိုလာစိုက်ဖူးတယ်
ကဲ
ပန်းကို ကိုးကွယ်သူ လူရွှင်တော်က
သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း
သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်
မြက်ပျိုတို့ရေ …
ငါ့ကိုမကြည့်ကြပါနဲ့ တရားလောင်ထားတဲ့အနာမှာ
ဖြေစရာ မရှိတဲ့ ကံတရားကိုကြိုးဆွဲချ
ငါ ခု ရပ်နေတဲ့ ကမ္ဘာအိုကြီး ပြိုလဲကျသွားတယ်
သက်ရှိထင်ရှားရှိစဉ်က ရင်ခုန်သံအစစ်တွေပါ
အခုအမှ အတုဖြစ်သွားတဲ့
မဟာမြိုင်က မြရာပင်အိုကြီးအောက်မှာ
ဆေးရုံမတင်လိုက်တဲ့ ၀ိဥာဉ်ကောင်
မိုးမသောက်ခင် လှဲကျင်းခံလိုက်ရတယ်
သိပ်ကြောက်နေလား ငှက်ကလေးရေ …….
ပျော်ရွှင်ခြင်းဆိုတာ နတ်ဘုရားလည်တိုင်က
သွေးရောင်သန်းနေတဲ့ ပိုးမွှားကလေးပါပဲ
အညတရ ပိုးကောင်နီ ရဲ့
လက်တွေ့မဆန်းလွန်းတဲ့ အိပ်မက်ကို
ပညာတတ်လူကြီးလူကောင်းတွေရဲ့
ရွှေရောင်ပကာသနလက်ဆောင်တွေကြား
ငါလက်ဖွဲ့ခဲ့ပါရစေ ……
ငါ့အမည်နာမကို မီးရှို့လိုက်တော့ ဘဲကလေးရေ
ဘ၀ဆက်တိုင်း မီးရှို့လိုက်တော့
သံသရာဆက်တိုင်း မီးရှို့လိုက်တော့
သစ်ရိပ်ပင်ကို နောက်ပစ်လှဲချလိုက်ယုံ
ငါတိှု့တွေ ဒါးဆွဲနှုတ်လို့
သွေးတွေ ခမ်းလိုက်ကြမယ်
ဘာမဟုတ်တဲ့ အနီရောင်လိပ်ပြာတစ်ကောင်ရဲ့
ဝလုံး ဥတွေကြား
ကြယ်ကြွေသတို့သမီးရဲ့ လက်ညိုးကလေးနဲ့
ကမ္ဘာခြား … ခြား ….ခြား….ခဲ့ပါပြီ …. ။
nelay
No comments:
Post a Comment