Pages

Monday, January 16, 2012

ငါက မိသားစု ကြည့်ရန် မသင့်တော်တဲ့ ကောင်

ငါက မိသားစု ကြည့်ရန် မသင့်တော်တဲ့ ကောင်



လက်ဖ၀ါးပေါ်မှာ အကြွေစေ့တွေ ရိုက်နှိပ်ထားတဲ့ ကောင်
ဗုဒ္ဓဟူးနေ့ကိုမျှော်ပြီး မင်းက အရိပ်တွေနဲ့ ပျော်နေတဲ့ ကောင်

တိတ်ဆိတ်ခြင်းကို ပြီးဆုံးခြင်းနဲ့ အပြန်ပြန်နားထောင်နေရတဲ့
ပိတ်ကားပေါ်က အစိမ်းရောင် ကျွဲရိုင်းဘူးခွံတွေနဲ့ ကောင်

လူမလောက်တော့လို့ တိတ်တိတ်ကလေးငိုနေရတဲ့
သူမပါးစပ်ထဲက ဂျလေဘီ အိပ်မက်တွေနဲ့ ကောင်

အနီရောင်နဲ့လဲလှယ်ခွင့်ကိုပိတ်ပင်လိုက်ကြပြီလား
ကျေးဇူးပြုပြီးဒီကောင့်ကို ကျိန်းစပ်စေတဲ့အရာများနဲ့ပစ်ပေါက်
မွန်းတည့်ချိန်နဲ့ မွန်းလွဲချိန်ကို ခေါ်ယူလို့ခြစ်ခြောက်ရတယ်

နည်းပညာအခက်အခဲကြောင့် ကဗျာတွေ ပျော်ကျကုန်ပြီလား
လေးအေးပေးစက်ကို အဆုံးထိတင်ပြီးမှ
နံရံထဲက နေလုံးကိုဘယ်နှစ်ကြိမ်ထုတ်နေရအုံးမှာလဲ

လောကကြီးကြောင်းကို အကြောင်းရာတွေပိုနေတုန်းပဲမို့
သံကြိုးတွေလွတ်မြောက်လာရင်တောင်မှ
စိတ်တွေလွတ်မြောက်ဖို့ မေ့မေ့ နေတဲ့ ကောင်

ဘယ်သီလကို လက်ငါးချောင်းအောက်က ကွက်လပ်ထဲမှာ
ဒီကောင်က မတူးချင်ဘူး မစွချင်ဘူး ဒီအတိုင်းလေး ပျော်နေတဲ့ကောင်

ဒီကောင့်ကို ဟိုကောင့်ကို ထိန်းမရတော့လို့
လေတံခွန်လေးနဲ့ မှန်စာကြိုးကို ဖြတ်ပစ်လိုက်ပြီ

အောက်ပိုင်းအရာတွေ ပြသနေတဲ့
နေ၀င်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘ၀ကို ထိစပ်မိလိုက်တိုင်း
မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်



nelay