နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း
နှလုံးသားထဲက မနားတမ်း အတိတ်တွေ အဒွန့်ရှည်ပါစေ
မျက်လုံးထဲက ဆံနွယ်တွေ မြစ်ကိုရစ်လို့ ဒီအချစ်ကိုတည်ဖြစ်စေ
မပြောစကား အခြေနဲ့ နားအိုထဲက မြွေကိုလဲ လန့်နိုးပါစေ
ရုပ်လုံးအထပ်ထပ်နဲ့ ငါ့လက်ကိုဆွဲမှတ်လို့ အချစ်ကိုဦးညွှတ်ပါရစေ
ဘယ်နေရာက ရွှေငါးတွေလဲ မင်းအရိပ်ကို ခိုးနမ်းကြလို့
မျက်ရည်တွေ သုတ်ပြီး ညမအိပ်နဲ့တော့ ကလေးရေ ...
လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား
ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့
စိတ်အမုန်းအခြေရဲ့ အူတိုင်တည့်တည့်က ဒေါသတေးသွားကို
ဧဒင်ဥယျာဉ်ထဲက အဆိပ်ခွက်နဲ့ဖြေဖျောက် နံနက်မိုးသောက်ရင်
ကလေးတစ်ယောက် အိပ်မက်တွေပိုက်လို့
ရည်ညွှန်းရာ တိမ်ကိုးကို အပြုံးတွေမှုံရည်လူးလို့ ပြန်လာပါစေသား
ခရီးလမ်းတစ်လျှောက် ငါ့ခြေရာတွေက ဆူးဆိပ်တွေ ပွင့်ဝေဖူးလို့
ဘယ်လိုမှဖြောက်မရတဲ့ ခြောက်ကမ္ဘာမှန်ထဲ အဖြူရောင်ကိုဘောင်ကွတ်ဖူးတယ်
မြွေတစ်ကောင်ရဲ့ သူ့အမြှီး သူပြန်မျိုနေတဲ့ အသံ
... ... ... ... ... ... ... ... ... ... ... ... ... ... ... ...
ညာဖက်မျက်လုံးနဲ့ကြည့်ပြီး ဘယ်ဖက်ရင်ခုန်သံနဲ့ကြားရဲ့လား ကလေးရေ
တိတ်ဆိတ်ခြင်းရဲ့ အိပ်မက်တေးသွားလောက်
မင်းကို ကိုယ်ချင်းစာတတ်တဲ့ လူတစ်ယောက်
မင်းသာ အိပ်ယာအောက်မှာ ရှိခဲ့ဖူးလိမ့်မယ်
ကမ္ဘာကို လျှော့တွက်ပြီးသာ မင်းလမ်းတွေဖောက်
လည်ချောင်းထဲက ပရိတ်သတ်တွေ ကျော့ကျော့ကလေး လျှောက်လာလိမ့်မယ်
စာမျက်နှာပြည့်ပြီမို့
ဘလူးဘယ်ရီ ပင်တွေကြားက ကြိုးတပ်စန္ဒာယားသံနဲ့
ခရမ်းရောင်ကြိုးတပ် ထီးတစ်ချောင်ကို ကိုင်လို့
နတ်ဆိုးတစ်ကောင်ရဲ့ ပန်းချီကားထဲက ငါထိုင်စောင့်နေမယ် ။
nelay
No comments:
Post a Comment