သို့ ... အိမ်
မျက်နှာဦးမေ စိတ်အလှရုန်းကြွ
လေညှင်းတွေ အသက်ရှုမဝလဲ ဘာမှမဖြစ်ပါနဲ့
အကြောက်တရားကို သိခြင်းပညာနဲ့ဖျောက်လို့
ငါ့ရင်မှာ နင်က အမြဲလှနေမယ် . . . ။
ရာစုကမ္ဘာတွေ ငါတို့ ဇရာကို စားသွားလဲ
အိမ်ငယ်ကလေး တစ်လုံးနဲ့ လေပြင်းတွေကို ပုန်းရှောင်ကြမယ်
ငါ့အတွက် အဓိပ္ပါယ်မရှိခြင်းတွေကို
ကြည်လင်အေးမြတဲ့ မျက်ဝန်းအနွေးဓါတ်နဲ့နှစ်သိမ့်လို့
ငါ့စိတ်ကူးထဲမှာ အဝါရောင်အိမ်ကလေးတစ်လုံး ဆောက်နေတယ်
ငရဲလမ်းကို ဖြတ်သန်းလာတဲ့
ငါတို့ ဝိဥာဉ်တွေ ငြိမ်းချမ်းစေဖို့
ဘာနဲ့မှမလဲနိုင်တဲ့ ငါ့အိမ်ကလေးထဲ လုံခြုံစေရမယ်
ပင်လယ်ကို ဖြတ်ကျော်လာတဲ့ အဲ့ဒီ့မျှော်လင့်ချက်က
နင့်ပါးပြင် အိပ်မက်ထက်က နံနက်ခင်းကို
တယုတယ လှုပ်နှိုးဦးခိုက်လိမ့်မယ်
ငါ့အိမ်ကလေးက အမှောင်မရှိတဲ့အလင်းကမ္ဘာမှာ
အဆွေကောင်းတွေနဲ့ ပညာအပေါင်းကို စိုက်ပျိုးဝေဖူးလိမ့်မယ်
နင့်လက်ချောင်းသေးသေးကလေးတွေနဲ့
မိုးမခပင်ကို အိမ်ရှေ့ဟင်းလင်းပြင်မှာ စိုက်ပျိုးအုံးမယ် . . .
မြေနီလမ်းပေါ်က ယုံကြည်ချက် ညနေခင်းကို
နောက်နေ့ မနက်မရောက်ခင်အထိ
ငါတို့အားတင်း အမှောင်ကိုခွင်းကြမယ် . . .
ကြာသာပတေး စိုက်ခင်းကြီးထဲက
နေကြာပင်တွေ မိုးမျှော်လာတဲ့အချိန်
အဖြူရောင်ဂါဝန်ကလေးနဲ့ ငါ့လက်ကိုတွဲပြီး
အစိမ်းရောင်မြက်ခင်းပေါ်က
ငါတို့အိမ်ကလေးဆီ ပြန်လာကြလိမ့်မယ် . . . ။
Nelay
No comments:
Post a Comment