အပြောအဆိုများ ဆိုင်းဘုတ်
ငါပဲ ငရမကန်းဖြစ်လိုက် အံ့ကျော်ဖြစ်လိုက် ယုန်ဆိုးဖြစ်လိုက်နဲ့
ထမင်းဆီဆမ်းရွှေလင်ဗန်းလည်းဒေါသတကြီးထထရီတယ်
ဟားဟားဟား လို့တော့မမြည်ဘူး
သူ့ဟာသူနေတဲ့လောကကြီး
အထင်သေးမှာစိုးလို့တဲ့
အားလုံးရှင်းပစ်လိုက်မယ်ဆိုပြန်တော့လည်း
နေဖို့ထိုင်ဖို့ ဂွ ကျပြန်ရော
လူပီသလာလေ အသက်ရှုဖို့ဝန်လေးလာလေပဲ
လေသဘာဝကို ရင်ထဲရှိုက်တတ်လာတော့
ဝိဥာဉ်က အနားမကပ်တော့ဘူးပေါ့
ဟာသပဲနော်
တစ်ကိုယ်တော်မှောက်မှားကြတာတဲ့
မန်မိုရီတွေတစ်ဆောင်းပြီးတစ်ဆောင်းသစ်ကုန်ပြီ
မနေ့ကဖုံးဆက်တဲ့အချိန်မှာ
နင့်အသံက လေလှိုင်းထဲ ပါမလာဘူး
အရိုင်းဆန်လိုက်ပုံများ
လူကြီးမင်းဆိုတဲ့ ငနာကြီးက ထထအော်တယ်
ဟားဟားဟား
သစ်ပင်ကို ဓါတ်ကြိုးသွယ်ပြီ
ငါတို့သံယောဇဉ်တွေ လှိုင်းလတ်မီတာ
ဘယ်လောက် ဘယ်လောက်နဲ့ ဝေးးး ခဲ့ ....
ငါဖုန်းမဆက်ရဲဘူး ...
အသံလှိုင်းကလေးပျော်နေရင် ...
ဖုန်းကြိုးတွေတုန်ရီငိုရှမှာစိုးလို့
မတူညီတဲ့ညီမျှခြင်းက အဆင့်တွေ တစ်ဆင့်ပြီး တစ်ဆင့်တက်
ဒီလိုနဲ့လှလှပပကြီးလမ်းခွဲကြလေသတည်းပေါ့
တစ်ကယ်တော့ အသုံးမကျဘူးဆိုတာ
ကန့်လန့်ဖြတ်ဆွဲချလိုက်တဲ့ ဖြတ်မျဉ်းနှစ်ကြောင်းလား
ဖယောင်းစက်တောင် အချမခံဘူး
အရေပြားတွေကအစ အမြစ်တွယ်ထားလို့
လမ်းဆုံလမ်းဂွမှာ အလင်းပြောက်အောင်
မုန်တိုင်းတွေနဲ့ ၀င်ဝင်ဆောင့်တယ်
ရင်ဘတ်ကိုဖြေဖြေပျိုးဆက်ပါ
ခံစားချက်ဆိုတာ ရခဲတဲ့ အနာ စုဗူးလေး
ဒီဝါကျတစ်ကြောင်းကိုပဲဒုက္ခနဲ့လွယ်ပြီး
အဓိပ္ပာယ်ရှိရှိမွေးဖွားကြမယ်
ဘာမှလည်းမတွေးနဲ့ဘာမှလည်းမစဉ်းစားနဲ့
တစ်ခါတစ်ခါ
ပစ်မှတ်ဆိုတာလားရာနဲ့
ဆန့်ကျင်ဘက်သွားတတ်တယ်
ငါ့ကိုယ့်ငါထွေးပိုက် ငါငေးနေလိုက်တယ်
ငါထွက်သွားတဲ့ ရည်ရွယ်ရာ
ငါ့မျက်နှာမူရာမှာ ငါ့ကျောတွေ သေး သေး ... သေး .. သေ .. ။
တဖြည်းဖြည်းနဲ့ ငါတို့နှစ်ယောက်လည်း ဝေး.....ဝေး ....ဝေး........ဝေ ။
အပျော်တစ်ခြမ်း စိတ်ညစ်မှုတစ်ဝက်က
ငါ့ကိုယ်ပေါ် တစ်က္ကန့်ခြားတစ်ကြိမ်ပြုတ်ကျ
လက်သီးကို ကျစ်နိုင်သထက်ကျစ်ကျစ်လေးစုပြီး
ရှေးဟောင်းနှောင်းဖြစ်အကြောင်း
သတိပေးဆိုင်ဘုတ် ထောင်မယ်**
လေသံမထွက်ပဲ မိုးဘယ်နှစ်ခါလင်းခဲ့ရ ... ။
အမည်မဲ့ , nelay
No comments:
Post a Comment