Pages

Saturday, September 15, 2012

ရုပ်ရှင်ကြည့်သူများ

ရုပ်ရှင်ကြည့်သူများ



ရုပ်ရှင်ကြည့်သူများဟာ မုန့်ပဲ သရေစာနဲ့ ဈေးကြီးကြီးပေးဝယ်ရတဲ့ လက်မှတ်ကို လွှင့်ပစ်လိုက်ကြ ။
မမြင်ရဘူး ဆိုတဲ့ အမှောင်ထဲမှာ ချောင်းဟန့်သံဟာ ငါ့ရင်ကိုတုန်သွားစေသလား ။
ရုပ်ရှင်ကြည့်သူများဟာ ပိုက်ဆံမပေးရတဲ့ လက်မှတ်ကို တယုတယ ကိုင်လို့ ရုပ်ရှင်ရုံမဟုတ်တဲ့ ရုပ်ရှင်ရုံကိုဝင်လာကြ ။
ငါက ရုပ်ရှင်လို့ လွယ်လွယ် သုံးနှုန်းလိုက်ရတာကို အလိုမကျ ။
စုပုံထားတဲ့ အရောင်ကတောင် ငါ့ရင်အုံပေါ် နင်ခြေသွားသလား။
ရုပ်ရှင်ကြည့်သူများဟာ ရုပ်ရှင်ရုံရှေ့မှာ ဖိနပ်ကို ညီညီညာညာ ချွတ်လိုက်ကြ ။
လက်မှတ်ဖြတ်တဲ့သူတွေက ပိုက်ဆံမရတဲ့ အလုပ်နဲ့ လက်မှတ်တွေကို ၀မ်းသာအားရ ဆုတ်လို့ ဖြဲလို့ ပြုံးလို့ ပျော်လို့ ။
ငါက တစ်ခါတစ်လေ အကောင်းဖက်က စဉ်းစား ကြည့်ရတာကို အရသာတွေ့လာ ။
မကြာပါဘူး ။
မိုးတွေရွာ ။
မကြာပါဘူး ကောင်းကင်ကြီးက မှောင်လို့ ။
မကြာပါဘူး အလင်းရောင်ကို ရုပ်ရှင်ကြည့်သူများဟာ တိုးတိုး တိတ်တိတ် လှောင်ဖို့ ကြိုးစားလိုက်ကြ ။
အတ္တဟာ သုံးပုံ တစ်ပုံအထက်ကို ရောက်လာတော့ ရုပ်ရှင်ကြည့်သူတွေဟာ နေကြာစေ့ကို ထုတ်ဝါးဖို့ မေ့နေ ။
နေကြာ စေ့ မရောင်းပါ ။
နေကြာစေ့ မ၀ယ်လာပါ ။
နေကြာစေ့ ၀ါး မဲ့ ပါးစပ် တွေက ရုပ်ရှင်ကြည့်ရင်း ဟ နေရလို့ ။
နှလုံး ခုန်သံတွေက ပါးစပ်ထဲမှ အသံတွေအဖြစ် ထွက်ကျလာ ။
ရုပ်ရှင်ကြည့်သူများဟာ လိုက် မကောက်အားဘူး ။
လက်နှစ်ဖက်က မအားဘူး ။
လက်နှစ်ဖက်က လက်ခုပ်တီးဖို့ အဆင်သင့် ။
မမြင် ကွယ်ရာမှာ ရွံ့နေကြတဲ့ လက်တွေတောင် ငါတို့ အသံနဲ့ အမှီလိုက်လို့ တီးလို့ ခတ်လို့ လက် ခုပ်သံတွေ ပြည့်လို့လျှံလာကြ ။
ငါက ရုပ်ရှင်လို့ လွယ်လွယ် သုံးနှုန်းလိုက်ရတာကို အလိုမကျ ။
နေပြည်တော်မှာ မြင်ဖူးကြမယ်မထင်ဘူး ။
ရှေ့ဆောင်မှာ မြင်ဖူးကြမယ်မထင်ဘူး ။
Junction MawTin Cineplex Theatre 1 မှာ မြင်ဖူးကြမယ်မထင်ဘူး ။
Junction MawTin Cineplex Theatre 2 မှာ မြင်ဖူးကြမယ်မထင်ဘူး ။
Naypyitaw Mini Theatre မှာ မြင်ဖူးကြမယ်မထင်ဘူး ။
Junction Square Cineplex Theatre 1 မှာ မြင်ဖူးကြမယ်မထင်ဘူး ။
Junction Square Cineplex Theatre 2 မှာ မြင်ဖူးကြမယ်မထင်ဘူး ။
Junction Square Cineplex Theatre (3D) မှာ မြင်ဖူးကြမယ်မထင်ဘူး ။
မင်္ဂလာ (Dagon Center – D II ) (3D) မှာ မြင်ဖူးကြမယ်မထင်ဘူး ။
မန္တလေး မြို့မ မှာ မြင်ဖူးကြမယ်မထင်ဘူး။
မန္တလေး ၀င်းလိုက် မှာ မြင်ဖူးကြမယ်မထင်ဘူး။
ရုပ်ရှင်ကြည့်သူများဟာ အိပ်မက်ကို ခပ်နာနာကလေး ရိုက်နိုးလိုက်တဲ့ အသံမို့ ။
နီးစပ်ရာတွေ ထိ လျှံရတယ် ။
သိပ်မကြာပါဘူး ။
ရုပ်ရှင်ကြည့်သူတွေဟာ ဘာ ဖြစ် မလဲ ကြိုကြိုသိနေတဲ့ အသိဥာဏ်မှိုင်းတိုက် ရုပ်ရှင်တွေကို ထွီး … ခနဲ ထွီး … ခနဲ ထွေးထုတ်လိုက်ကြ ။
ငါက ရုပ်ရှင်လို့ လွယ်လွယ် သုံးနှုန်းလိုက်ရတာကို အလိုမကျ ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ ဆိုက်ကားသမားကို လက်ခုပ်တီးကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ မိဘမဲ့ကလေးကို မျက်ရည်ကျ ကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ သုံးရက်လောက်ထမင်းမစားရတဲ့လူကို လက်ခုပ်တီးကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ ၀က်မွေးတဲ့ မိန်းမတွေကို လက်ခုပ်တီးကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ ပန်းချီဆရာကို လက်ခုပ်တီးကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ ဇာတ်လမ်းပြောင်းပြန်ကို ကြိုက် ကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ ၀က်သားသည်ကို လက်ခုပ်တီးကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ
မိတ်ကပ်များနဲ့ မျက်တောင်အတုတပ် မိန်းမတွေကို မုန်းကြ ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ ဟန်လုပ်ထားတဲ့ ပုံရိပ်တွေကို ဆွဲဆုတ်ကြ ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ အသံတုတွေကို ရွံမုန်းကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ မျက်ရည်တုတွေကို ဟားတိုက်ကြ။
ငါက ရုပ်ရှင်လို့ လွယ်လွယ် သုံးနှုန်းလိုက်ရတာကို အလိုမကျ ။
ပိတ်ကားထက်က အရောင်တွေ ပြန်ပြန်ဟပ်တိုင်း ရုပ်ရှင်ကြည့်သူတွေဟာ ဆေးလက်စ မျက်နှာများကို သုတ်လိုက်ကြ ။
ငါက ရုပ်ရှင်လို့ လွယ်လွယ် သုံးနှုန်းလိုက်ရတာကို အလိုမကျ ။
ရုပ်ရှင်ကြည့်သူတွေဟာ
မမြင်ဖူးတဲ့ ရုပ်တွေ
မမြင်ဖူးတဲ့ အသံတွေ
မမြင်ဖူးတဲ့ စကားတွေ
မမြင်ဖူးတဲ့ အငြင်းအခုန်တွေကို အံ့သြကြ ။
ငါက ရုပ်ရှင်လို့ လွယ်လွယ် သုံးနှုန်းလိုက်ရတာကို အလိုမကျ ။
ရုပ်ရှင်ကြည့်သူတွေဟာ တကယ့် မင်းသမီး မင်းသားတွေကို မေ့သွားကြ ။
ရုပ်ရှင်ကြည့်သူတွေဟာ ရုပ်ရှင်ကြည့်နေကြ ။
ရုပ်ရှင်ကြည့်သူတွေဟာ ဘ၀တွေကိုကြည့်နေကြ။
ရုပ်ရှင်ကြည့်သူတွေဟာ ရုပ်ရှင်ရုံအပြင်မှာကြည့်နေကြ။
ရုပ်ရှင်ကြည့်သူတွေဟာ ရုပ်ရှင်ကြည့်သူတွေနဲ့ အတူတူ ကြည့်နေကြ။
ရုပ်ရှင်ကြည့်သူတွေဟာ တီဗီတွေကို မေ့ထားလိုက်ကြ။
ရုပ်ရှင်ကြည့်သူတွေဟာ အသံတွေကို မြင်နေရ ။
ရုပ်ရှင်ကြည့်သူတွေဟာ ရုပ်တွေကို ကြားနေရ ။
ရုပ်ရှင်ကြည့်သူတွေဟာ ပိတ်ကားအပြင်ကို မြင်နေကြ။

ရုပ်ရှင်ကြည့်သူတွေဟာ ရုပ်ရှင်ကြည့်ရင်း ရုပ်ရှင်ဖြစ်လာကြတယ် ။



nelay


Inspiration from ၀ဿန်ရုပ်ရှင်ပွဲတော် #2

Wednesday, September 12, 2012

စုန်းတစ်ကောင်ဟာ ကဗျာဆရာကို လိပ်ပြာသန့်လိုက်တဲ့ ည

စုန်းတစ်ကောင်ဟာ ကဗျာဆရာကို လိပ်ပြာသန့်လိုက်တဲ့ ည


စုန်းမဟာ သူ့ပါးပြင်ပေါ်က မျက်ရည်စ များကို သုတ်လိုက်တယ် ....
ပြီးတော့ သူဟာ ခပ်တည်တည်နဲ့ youtube ကိုဖွင့်ပြီး သူ့မျက်ရည်စ များကို upload တင်လိုက်တယ် .... ခဏနေတော့ .... အမေရိကန်သမ္မတ တစ်ယောက်ယောက်က ဖေါက်ပြန်နေတဲ့ ရုပ်ရှင်တွေကြားက ၀ုန်းခနဲ ခုန်ထွက်လာပြီး .... မြန်မာပြည်လို့ သုံးကြိမ်အော်လိုက်တယ် ...
ဒီတော့ ... စုန်းမ တင်ထားတဲ့ youtube ကို ၀င်ရောက်ကြည့်ရှု့သူပေါင်း သန်းချီသွားလေရဲ့ ..... တကယ်တော့ ..... လူ့အရိုးတွေ ထည့်ထည့်ပြုတ်ထားတဲ့ .... အိုးးးး .... ဆိုတာ .... ပွက်ပွက်ဆူနေမှ ကြည့်ကောင်းတာမဟုတ်လား .... တံခါးက ကျွီးး ခနဲ့ ဖြေးဖြေးကလေး ပွင့်လာတယ် .... ငါ့ စိတ်အထင် ... ပန်းချီဆရာ ဟာ သူ့ဒေါက်ဖိနပ်ကို ဖွဖွ ကလေး နင်းလာရ ပုံ ရတယ် ..... သူ့စုတ်တံနဲ့ အဲ့ဒီ လူ့အရိုးပြုတ် အိုးကို .... တုန်တုန်ယင်ယင်နဲ့ မွှေနေလိုက်တယ် .... ဘာလို့ဆို .... သူ့ခြေဖ၀ါးအောက်က ဒေါက်ဖိနပ်တွေကို ခြေဖျားထောက်ပြီး အသံမ မြည်အောင် စီးထားရလို့လေ ...
ဒီမြင်ကွင်းကို မြင်တဲ့ ကဗျာ ဆရာက စိတ်ငြိမ်ဆေး ငါးလုံး ပြူးလိုက်ကို ပါးစပ်ထဲ ပက်ခနဲ ပစ်သွင်းလိုက်တယ် ..... ဒါနဲ့ .... ဒေါက်တာက နှလုံးခုန်သံနားထောင်ဖို့ သူ့ နားကြပ်ကြီးကို အမြင့်ကြီးမြှောက်လိုက်တယ် .... ငါလဲ ကြောက်ကြောက်နဲ့ .... ငယ်ငယ်က အမေပြောဖူးတဲ့ ပုံပြင်တွေထဲ ၀င်ပုန်းနေလိုက်တယ် ..... ဘယ်ရမလဲ .... ခေတ်ကိုထင်ဟပ်ရမယ်ဆိုတဲ့ စကားလုံးထဲမှာ …. ငါ့နာမည်များပါမလားလို့ လိုက်ရှာကြည့်လိုက်တယ် … လားလား …. ငါ့နာမည်မပြောနဲ့ …. ငါကြည့်ဖူးတဲ့ ရုပ်ရှင်ထဲက မင်းသားနာမည်တောင်မပါဘူး ….. ဒါနဲ့ …. စုန်းမက ပြောတယ် ….. နင်တို့တွေ ခေတ်မှားရောက်နေကြတာပဲ …. စုန်းမကို မှန်ထဲမှာ ရှင်းလင်းတိကျစွာ ငါမြင်လိုက်ရတယ် … လားလား … စုန်းမက ငါတို့ ကြားဖူးတဲ့ ပုံပြင်ထဲကလိုမဟုတ်ဘူး ….. သူက နှုတ်ခမ်းနီ အနီကို ရဲနေအောင်ဆိုးထားတာမှ …. တကယ့်ကို လိင်စိတ်ကြွစေတယ် …. ဒါရိုက်တာက ဒီမှာ ဆရာကြီးဝင်လုပ်ပြီးပြောတယ် …. မင်းတို့တွေ ပရိတ်သတ်ကိုလေးစားရမယ်ကွ …. ဒါရိုက်တာရဲ့ …. စကားလဲဆုံးရော …. စာကြည့်တိုက်ထဲက စာအုပ်တွေ သူ့အိမ်မှာ တပည့်ခံဖို့ ထွက်ပြေးကုန်တယ် ….. မထူးပါဘူးကွာ လမ်းပေါ်က အကြွေတွေ လိုက်ကောက်ပြီး ငါလဲ မှီရာ စပယ်ရာ နဲ့ လိုက်ရတယ် .... ဒါနဲ့မဆီမဆိုင် လွှတ်တော်ထဲက ၀န်ကြီးက သူ့စာတန်းရှည်ကြီးကိုဖတ်ပြတယ် …

“ငါက ကဗျာဆရာဖြစ်ချင်တာမဟုတ်ဘူး
ငါက ကဗျာဖြစ်ချင်ခဲ့တာ
ကဗျာရေးနေရယုံနဲ့ ငါ့မှာပြည့်စုံနေတာ
ကဗျာဆီကနေ ငါက
ဘာတစ်ခုမှ ကြီးကြီးမားမား မျှော်လင့်ထားတာမဟုတ်ဘူး
ကဗျာကို ကဗျာအတိုင်း တယုတယ ထားချင်ခဲ့တာ
ကဗျာတွေကို သူ့ရဲ့လုံခြုံတဲ့နေရာမှာ ထားဖို့အတွက် ….
ရုပ်သေးဆိုတဲ့ လူတစ်ယောက်ဟာ ခရီးတွေအများကြီးထွက်ပြီး
တစ်ခါတုန်းက ရုပ်သေးဆိုတဲ့ လူတစ်ယောက်ရေးတဲ့ကဗျာတွေရှိနေခဲ့တယ်”
ဖြစ်ချင်တော့ စာတန်းက တစ်ဝက်တစ်ပြက်နဲ့ မပါလာဘူး …. အဲဒီ့ ၀န်ကြီးလဲ မကြာပါဘူး အပေါ်က တစ်ဝက်တစ်ပျက် စာတန်းရှည်ကြီးလဲ ဖတ်ပြီးရော …. တစ်ခါထဲပြုတ်သွားပါလေရော …..
စုန်းမဟာ တီဗီပေါ်မှာ ပါချင်လွန်းလို့ ….. သူ့ကိုယ်သူ အမ်တီဗီ တစ်ပုဒ်ရိုက်တယ် ….. သူရိုက်တုန်းကတော့ ….. ကိုယ်ပိုင်ဖန်တီးမှု ပါပဲ …. တီဗီပေါ်ပါလာတော့ …. သူ့သံစဉ်ကြီးက …. ဟိုက ဆိုလား ဒီက ဆိုလား …. ကူးချထားတာကြီးဖြစ်နေတယ် …. ဒါနဲ့ဗျာ …. စုန်းမလေ .. သုံးရက်သုံးည လုံးလုံး ငိုလိုက်တာ လွန်ပါရော ………… ။


nelay


သေချင်းဆိုးငှက်ပျောပင် 08-12-2009 12:37 PM


သေချင်းဆိုးငှက်ပျောပင်
08-12-2009 12:37 PM


အခွံကလွဲပြီး အနှစ်မရှိဘူး
လှုပ်ကြည့်ရင်တောင်ရေပဲရှိတယ်

တလွှာချင်းခွာ
အဲဒီ့ သေချင်းဆိုးအလွှာကို
ငါးဟင်းရည်ထဲပစ်ထည့်
သူမပါရင်မပြီးတဲ့
ဗမာကြိုက်တဲ့မုန့်ဟင်းခါးရတယ်

သေချင်းဆိုးအပင်ကတခိုင်လုံးရွှေတဲ့
ရနံ့မွှေးမွှေးသေချင်းဆိုးအသီးကိုသီးတယ်
မမှည့်ခင်ကသေချင်းဆိုးအစိမ်းရောင်
မှည့်လာတော့သေချင်းဆိုးအဝါရောင်
အနီရောင်တောင် တစက်ကလေးမှမပါဘူး

သေချင်းဆိုးစွိုင်းပေါ်ကပျော့တွဲတွဲအသီးတွေ
သေချင်းဆိုးရောဂါလည်းထည့်ပေးထားတယ်
သေချင်းဆိုးအဟာရလဲဖြည့်ပေးထားတယ်
အဲဒီလိုသေချင်းဆိုးကောင်းတဲ့အသီးတွေ
သေချင်းဆိုးနတ်တွေလဲကြိုက်တယ်
ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်

ပြာယာခတ်တဲ့သေချင်းဆိုးမျောက်လွဲကျော်က
သေချင်းဆိုးအောင်ကြိုက်တဲ့အသီးတွေ

ခုတ်လှဲပြီးလို့သေချင်းဆိုးအခွံမို့အထင်မသေးနဲ့
သေချင်းဆိုး အတုံးက ဖက်အိပ်လို့ရတယ်
ကုန်ကုန်ပြောမယ်ဗျာ ...
လှံနဲ့စိုက်ရင်တောင်
သေချင်းဆိုးအောင်လျှောကနဲဝင်တယ်

ဘာအနှစ်မှမရှိဘူး သေချင်းဆိုးအခွံကြီးပဲ
ဒါမို့ ငါက ငှက်ပျောပင်လိုမျိုး
သေချင်းဆိုးလှောင်ရယ်ဖို့ကောင်းတဲ့
သေချင်းဆိုးနေတဲ့ကောင် ... ။



nelay