Pages

Tuesday, December 12, 2017

ညနေ ၃နာရီ အဆိပ်ပင်ကို ရေလောင်းရန်ဂျူတီ

ညနေ ၃နာရီ အဆိပ်ပင်ကို ရေလောင်းရန်ဂျူတီ
သိကြားမင်းက အဆိပ်ပင်ကို ရေလောင်းလိုက်တဲ့အခါ
အနံ့မပါတဲ့ ပန်းတွေပွင့်လာကြတယ်
တစ်ချိန်က မိုးသစ်တောမှာ ငါလဲပန်းအထင်နဲ့ မျော
မိုးသစ်တောကို ကျောခိုင်းထွက်လာတော့
လွင်ပြင်ထက်မှာ နေမင်းနဲ့စကားပြောမိတုန်း
အဆိပ်ခွက်လဲ ရေအထင်နဲ့သောက်ရတာပဲ
ဇီဇ၀ါပင်ဟာ ငါ့ဘ၀တစ်ခုလုံးစုတ်ယူစားသုံး
မသေရုံထွေးထုတ်လိုက်တဲ့နောက်
အစကိုပြန်ပြန်ရောက်နေတဲ့ ငါက
အဆိပ်လင်္ကာ တေးရူးတစ်ပုဒ်
ထွေးထုတ်လိုက်တဲ့ အရာကို
၇ နှစ်နေပြီး ပြန်မျိုချင်တဲ့
ဖုန်းသံမျိုးကို စာအသေမျိုးကို
ဘယ်နတ်ဆိုးအလင်္ကာကျမ်းထဲက
အဆိပ်တော် ၀ိဥာဉ်မျိုးနဲ့ ငါ ကပြရမလဲ
မျက်ကန်းကို နားထဲ အက်ဆစ်လောင်းပေး
မုဆိုးမကိုအပျိုလိုပြန်ချုပ်ပြီးရောင်းစား
မနေ့ကအဖန်တစ်ရာ ငရဲကို
ငါ့အာခေါင်ထဲလောင်းထည့်
ငါ့ဘာသာတွေရဲရဲကြီးထွက်လာတော့မှ
ငါ့ကို “ဘာ’’ ကြီး အကြောင်းတရားလာပြလို့ရော
အဲ့ဒီ့ ကိုယ်ပြောက်စိတ်ဓါတ်တွေကမတိုးတော့ဘူး
ကျောက်ဆောင်ကြားမှာ အိပ်နေတဲ့ ပင်လယ်ဟာ
နေ့ရူးတွေရဲ့ လေနဲ့ တ၀ုန်းဝုန်းနိုးလာတယ်
မင့်ရွှေဖြစ်စဉ်ငွေဖြစ်စဉ်တွေရဲ့ကြား
အကြောင်း မကြား ဘာမကြား
ငါ့ဖုန်းထဲ ခုန်ဝင်ရအောင်
ငါကလဲ အဆိပ်စားပြီးကြီးလာတဲ့အပင်ပါ
ညောင်ပင်လိုစိတ်ဓါတ်တွေနဲ့
ရှေးလွန်လေပြီးသော အတွေးအခေါ်မျိုးနဲ့
ငါ့အခေါင်းပေါ်များ ပန်းလာကြဲနေကြသလား
ငါကလဲမသေခင်ထဲ ပျိုးထားတဲ့ အဆိပ်ပင်ပါ
နေ့အိပ်မက်မျိုးမှာ အစာဝအောင်းစားပြီး
ညဖက် စီးကရက်တိုတွေစိုက်ပျိုးနေတဲ့ကောင်လေ
ငါ့အဆိပ် နံရံမှာ graffiti ရေးရုံလောက်နဲ့
ငါ့နံရံတွေ ရုပ်ပျက်ဆင်းပျက် ကွဲအက်မယ်ထင်နေသလား
ငါမလာခင်ကထဲက ငါ့နေရာငါ့ဝေဆာမှုကို
မိုးထားတဲ့ နံရံစစ်စစ်တွေပါကွာ
မင့်မလဲ တစ်ဘ၀လုံးသာကုန်သွားတယ်
အဲ့ဒီ့ကို သွားသွားပြီး ဘာမှမရကြပါလား
မင့်ရှာရှာနေတဲ့ ဘာမှမရှိခြင်းဆိုတာလေးတောင်
မင်းမရခဲ့ရှာဘူးနော်
ငါ့ ဆီလာရင်တော့ ငါက မင့်ကို
ငါ့ရယ်သံတွေထုတ်ပိုးထားတဲ့
အဆိပ်ပင်လယ်တစ်ခု လက်ဆောင် ပေးနိုင်ပါတယ်
ဒါနဲ့
ညနေ ၃နာရီ အဆိပ်ပင်ကို ရေလောင်းရန်က
မင့် ဂျူတီ။
nelay