Pages

Friday, November 7, 2014

နိုဝင်ဘာ တေမိ

နိုဝင်ဘာ တေမိ


အဆိပ်သင့်နေတဲ့ မြေပေါ်က
မောင်းနေတဲ့ရထားကို လ ကမ္ဘာပေါ်မှာရပ်ထား

အဲဒီ့မှာလူကြုံတင်ခဲ့တဲ့ မျက်ရည်တွေ
ဇီဇ၀ါပွင့်နဲ့ရောပြီးအခင်းလိုက်ကိုပွင့်ထား

နွေးထွေးတဲ့အမုန်းတွေနဲ့
ကြီးကြီးတက်ချစ်ခဲ့တဲ့အချိန်တွေဖြုန်းပြီး
နိုဝင်ဘာနဲ့မဆန့်တော့တဲ့ ရင်ဘူတာကိုလဲဖွင့်ထား

မျက်ခုံးပေါ်မှာ အနက်တွေသာဆိုးမထားဘူးဆိုရင်
လက်တစ်ဖက်ကိုဆွဲပြီး ကမ္ဘာ့အတွင်းသားထဲက
အနီလွှာကိုဖောက်ထုတ်လာခဲ့မယ် ဆိုထား

ပြာမှုံထဲက ရထားဟာ မိုင်ကုန်တင်လို့
ပြာပုံထဲမှာပဲ တရကြမ်းမှောင်းနှင်ထား

ဓာတုဗေဒနဲ့ပြုလုပ်ထားတဲ့ခန္ဓာပေါ်မှာ
မေတ္တာအတုတွေဝယ်ပြီး
စိတ်သစ္စာနဲ့ မောင်းနှင်ထား

သံယောဇဉ်ယက်လုပ်ထားတဲ့စကားနဲ့
ဘယ်ဂြိုလ်ကမ္ဘာပေါ်ကအမုန်းတရားကို
အတ္တရဲ့အူတိုင်တည့်တည့်မှာပဲငြင်းထားခုံထား

ပြသထားတဲ့ဇာတ်လမ်းတွေကုန်တော့
လာလာဟပ်တဲ့ အပူတွေထဲအဲဒီ့အပူနဲ့အပူကို
မိုင်ပေါင်းသောင်းချီအောင်ရှည်ထား

အေးချမ်းသာယာမှုနဲ့သိမ်မွေ့နူးညံ့မှုတွေ
စာရေးဆရာလွယ်အိတ်ထဲက ထွက်လာတဲ့အခါ
ဘူတာရုံကြီးပိတ်ချိန်ရောက်ရောက်လာတဲ့ရထား

ပြောစရာတွေကုန်တော့တူးစရာတွေလိုက်ရှာ
အပိုင်းအစတွေကြားမှာ မင်္ဂလာတီးလုံးနဲ့
ရီဝေေ၀အမုန်းတွေစားသုံးပြီး
အသံတိတ်ပျက်လုံးကိုပဲအကြိမ်ကြိမ်ရစ်မူးထား



nelay


Monday, October 20, 2014

အလွမ်းမင်ရုပ်

အလွမ်းမင်ရုပ်


အိမ်ကိုပြန်ရောက်တော့
CHARLES & KEITH ကို
ခရမ်းရင့်ရောင်
အလွမ်း ကော်ဇောပ်ါမှာတွေ့တယ်

အိမ်အသားပေါ်က
ဘယ်တော့မှမပျယ်တဲ့
အနီရောင် အလွမ်း မင်ကို
စိတ်နဲ့နာမ် ရောပြီးထိုးထား

ရေချိုးခန်းထဲဝင်လိုက်တော့
အဖြူရောင်ဂါဝန်လေးက
အနက်ရောင် ရေဗုံးလေးထဲ
အပြာရောင်ဆပ်ပြာရည်နဲ့
အနှစ်ခံထားရတာတွေ့တယ်

အိမ်အသားပေါ်က
ဘယ်တော့မှမပျယ်တဲ့
အနီရောင် အလွမ်း မင်ကို
စိတ်နဲ့နာမ် ရောပြီးထိုးထား

ကြမ်းပြင်ပေါ်ကိုခြေချမိလိုက်တော့
ပန်းနုရောင်ခြေဖ၀ါးနုနုကလေးရဲ့
ခြေနွေးငွေ့လေးတွေ အသက်ငင်နေတဲ့
အအေးဓါတ်ကို ရှိန်းခနဲ ခံစားလိုက်ရတယ်

အိမ်အသားပေါ်က
ဘယ်တော့မှမပျယ်တဲ့
အနီရောင် အလွမ်း မင်ကို
စိတ်နဲ့နာမ် ရောပြီးထိုးထား

ရေဗူးအဖုံးကို ဖွင့်ပြီးသောက်လိုက်တော့
အသက်ဓါတ်မပါ ဇီဝဖြစ်စဉ်အားနည်းနေတဲ့
အရသာမကြည်လင်မှုမျိုးနဲ့
အနီရောင် အူကြောတစ်လျှောက်
ပူပြီးဆင်းသွားလိုက်ပုံများ

အိမ်အသားပေါ်က
ဘယ်တော့မှမပျယ်တဲ့
အနီရောင် အလွမ်း မင်ကို
စိတ်နဲ့နာမ် ရောပြီးထိုးထားရတယ်

မျက်မမြင်တစ်ယောက်ရဲ့တံခါးခေါက်သံနဲ့
ဂဏာမငြိမ်တဲ့ နာမ်ကျောရိုးတစ်လျှောက်က
ဖြတ်သွားဖြတ်လာလုပ်နေတဲ့ အလွမ်းစိတ်ကို
ဘယ်လှောင်အိမ်နဲ့မှထည့်လှောင်မရလို့
အော်သံအကြီးကြီးနဲ့အသက်ထွက် ရီခဲ့တယ်

စိတ်နဲ့နာမ် ရောပြီးထိုးထား
အနီရောင် အလွမ်း မင်ကို
ဘယ်တော့မှမပျယ်တဲ့
အိမ်အသားပေါ်မှာ



nelay

Friday, October 17, 2014

အောက်တိုဘာရွာထဲက လူမှုရေး


အောက်တိုဘာရွာထဲက လူမှုရေး


နလပိန်းတုန်းတွေ ယူသောက်သွားတဲ့ သောက်တော်ရေထဲမှာ
သူတို့ ပိုးလောက်လန်းတစ်ရွာလုံး ဟိုခုန်ဒီခုန် ဟိုတွန့်ဒီတွန့်

ဘုရားဘေးက ပန်းတွေလှလှလာတော့ သူတို့ ထိုးထားတဲ့အိုးတွေထဲ
သူတို့ အမြစ်တွေနဲ့ သူတို့သဒ္ဒါတရားတွေ ပုတ်လို့ သိုးလို့ အနံ့ထွက်

နေကာမျက်မှန်အမဲရောင်နဲ့ မှ ကောင်းမွန်သော သူတို့အသိုင်းအ၀ိုင်းထဲ
စိတ်ကျရောဂါကို လက်မခံထားတဲ့ သိပ်တော် သိပ်တတ် အယူဝါဒ ဂေါင်းကို
သူ့ ဂေါင်းက ပိုကျယ်တယ် ငါ့ ဂေါင်းက ပိုကျယ်တယ် အချင်းဝက်ချင်းတိုင်းလို့မကုန်

မျက်နှာ မက်နေတဲ့ ဘုံမှာ တစ်ခြမ်းဘဲ့ လကို Branded ရွာထဲကနေ
neckties စည်းထားတဲ့ ၀ါးလုံးဂေါင်းနဲ့ ပြူးပြီးကြည့် ပြဲပြီးကြည့်

ကြော်ငြာသာ မပါရင်တော့ ဒီကမ္ဘာမှာ ဘုရားတောင် ပွင့်မရတော့ဘူးဆိုပြီး
သူတို့ရွာထဲ အမေတွေခြေခြင်းလိမ်ပြီး သမီးဒွေကို စာရွက်တွေပေါ်တင်ပြီးဖူးဖူးမှုတ်ထား

သူတောင်းစားတွေကတော့ တီဗီအပြားလေးတွေနဲ့ ဝေးရာမှာပဲ တောင်းရမ်း
သူတောင်းစားကြီးတွေကတော့ တီဗီအပြားကြီးတွေထဲ ၀င်ဝင်ပြီးတောင်းရမ်း

သူတို့ရွာကအမျိုးတွေများ ပါရင် လက်ညှိုးကလေးထိုးပြီး လက်မကလေးထောင်ပြီး
သူ့အမေလင်ငယ်သွားတဲ့ လေသံနဲ့ congratulations သေးသေးလေးတွေလုပ်

မဟာဘုတ်ထဲမှာမှ ဒီရာစုက မျောက်နတ်က္ခနဲ့ညိပြီး လျှာကောင်းတဲ့ရွာထဲလူတွေ
သင်းကွတ်ထားတဲ့ နွားကြီးကိုပြပြပြီး တစ်ခန်းတစ်နား အောင်မြင်လာတဲ့ရာစု

ရွာထိပ်ကညောင်ပင်ကြီးမှာ မိန်းမပျက်နဲ့ မိန်းမကောင်းကို ခွဲခြားမရတော့လို့
နတ်စင်ဆောက်ပြီး စောက်ကျင့်ပျက်ယောက်ကျားတွေကို ပူဇော်ထားလို့မကုန်

ဒုတ်တွေကုန်သွားပြီးဆိုတော့ ရေလောင်းအိမ်သာတွေဆောက်ရမယ်ဆိုပြီး
သူတို့ အိမ်သာကျင်းတူးရင်း ဘုရားဖြစ်ဖို့ဆုတောင်းရင်း




nelay

Thursday, September 11, 2014

မေမေ



မေမေ



တကယ်တော့ မေမေ
သားအတ္တကို သားထုပ်
မေမေ့ကို အဟုတ် ခံပြောခဲ့ မေမေ


တကယ်တော့ မေမေ
သားအပြစ်ကို သားမခံ
မေမေ့ကို အပြစ်လုပ်
မကောင်းသားပါ မေမေ


တကယ်တော့ မေမေ
သားအပျော်ကို သားမော်
မေမေငို မှ သားပျော်တဲ့
ငကန်းကောင်ပါ မေမေ


တကယ်တော့ မေမေ
ဟင်းမကောင်းတိုင်း ရန်လုပ်
ပန်းကန်ဆေးဖို့ စားတာမဟုတ်
မေမေ့ ချွေးတွေ ပုတ်တော့မှ
သားအဟာရ အဆိပ်သင့်ခဲ့ပြီ မေမေ


တကယ်တော့ မေမေ
အိမ်ပြန်ဖို့ကို သားမေ့
မေမေ့မျှော်တဲ့ စက္ကန့်သံတွေ
သားချိုးပစ်ခဲ့ မေမေ


တကယ်တော့ မေမေ
သားခလုတ်ထိလို့ မတ
နာရကောင်းမှန်း မသိခဲ့
မေမေ


တကယ်တော့ မေမေ
မေမေ့ မေတ္တာ ကိုသားမမြင်
သားခံယူချက်ကို
သားဘယ်တော့မှမပြင်ချင်တဲ့
သားလူမိုက်ပါမေမေ


တကယ်တော့ မေမေ
ဟိုး အဝေးဆီက ခေါ်သံကို
သားမကြားသလို ယောင်ဆောင်လို့
နှလုံးတွေကွဲအောင် အော် နေပါပြီ
မေမေ




nelay

Tuesday, August 26, 2014

ကျောင်းမှာ မသင်ခဲ့ရတဲ့ ပုံပြင်

ကျောင်းမှာ မသင်ခဲ့ရတဲ့ ပုံပြင်




ပြုတ်နေတဲ့ ပါးစပ်ကို ပြန်တပ်ပြီး လန်းနေတဲ့ အမြီးကို ပြန်ကုတ်ရတယ်
ဒါဟာ သောကြာနံမကင်းတဲ့ လူသုံးဦးရဲ့ ညနေခင်းပွဲတော်တစ်ခုပဲ
ရှင်းတာတွေကိုနားထောင်ချင်လွန်းလို့ ဟောပြောပွဲတကာလိုက်တက်နေတဲ့သူက
ကဗျာဖတ်ဖို့ စ လုံးတွေ ပါမလာခဲ့ဘူး ဒါဆို လက်ညှိုးကို နားထင်ပေါ်တေ့ပြီးပစ်ထည့်
ဘာသာရေးအသုံးအနှုန်းတွေနဲ့ မလွတ်ကင်းသေးတဲ့ မိတ်ဆွေတွေကို မနှုတ်လောက်တစ်ပေါင်း
အခေါင်းထဲရောက်မှ ငါတို့တွေ့ကြမယ် မျက်ရည်နဲ့ မျက်ခွက်ကို ကော်နက်ရှင်ကောင်းတိုင်းတင်
စာလုံးပေါင်းတွေ ပြင်ပြင်ပြီးမှ ကလေးတွေကို သင်ရမယ်တဲ့ ရောဂါကြီးကြီး ထမ်းထားပြီးမှ
အိပ်မက်ကြီးကြီးတွေ ချချရေးနေရတယ် လက်ဖျောက်တီးလိုက်တိုင်း ဂေါင်းထောင်လာတဲ့ နတ်မင်း
ဟောဒီ့ တလင်းပြင်မှာ ဘယ် လဒ မှရေမငတ်ဘူး ကိုယ့်ကိုယ်ကိုယ် ဖန်ဆင်းရှင်အထင်နဲ့
ရေမသောက် ရှုးမပေါက်ဘူးတဲ့ ကဲ ဘယ်လောက်များ လဒ တွေ အ ကြသလဲ
ပုံရိပ်ရောင်တွေကိုများ မှုံဝါးဝါးမြင်နေရရင်ဖြင့် အမြင်တွေမကြည်လင်ပဲ ငါတို့ဝေးသွားကြပါပြီးသတဲ့
ချွတ်ထားတဲ့ မျက်မှန်ကိုမှ အားမနာ ဇာတ်တူသားတွေပဲ စားနေတဲ့ စာသားတွေသူ့ကိုယ်ပေါ်မှာ ရွှဲလို့နစ်လို့
ငါ့ကိုယ်ငါ ကဗျာရေးလို့ မရတော့ဘူးဆိုပြီး ဆက်အိပ်နေတာ ဘယ်ကလာတဲ့ ၀ိဥာဉ်မှန်းမသိတသိက
မနက်အာရုဏ်ကြီး ရင်ဘတ်ကို ဖနောင့်နဲ့ ကန်ပြီးနှိုးတယ်လေ မြင်ဖူးနေတဲ့ ရာသီဥတုကြီးကိုပဲ
မြည်တွန်တောက်တီးပြီး ပြန်ထရတယ် ပညာရှင်ကြီးတွေရဲ့ နာမည်ကို မြန်မာအသံထွက်နဲ့
ကဗျာတွေထဲ ထည့်ထည့်ရေးနိုင်မှ လူထင်ကြီးမယ်ဆိုလဲ ငါက အိမ်သာ ဆက်တက်နေအုံးမှာပါပဲ
လူကြီးပီပီ ဖင်ပေါ့တယ် မီဒီယာ အသုံးအနှုန်းတွေထဲ အပေါ်ရည်စိမ်ထားတဲ့ အချပ်ပိုတိုင်းပါ
ပါပြီးရင်း ပါ ဗလာစာရွက်တွေ အကုန်သုံးလိုက်တာတောင် ရှေ့က စို့နေတဲ့ အတုံးက မဆင်းနိုင်ဘူး
ငှက်ပျောတုံးသာ ဆိုတယ် ရင့်လို့ထော်လို့ ငါတော့ ဒီကမ္ဘာပြီးရင်ဖြင့် လူဖြစ်ဖို့ကို အတော်စဉ်းစားရအုံးမယ်
အော် ကျေးဇူးပြုပြီး ငါ့ရှေ့မှာ လာလာ ဖန်ဆင်းပြမနေပါနဲ့တော့ မင့် နှလုံးသားထဲက ကြည်လင်အေးမြခြင်းကို
ဘုရားမှာလှူ ဆွမ်းတော်ကပ် ပန်းတွေဆက်ပြီး လူ့ဖြစ်ခြင်းရဲ့ အနှစ်ကိုသာ အမေကိုဆပ် အဖေကိုဆပ်
လူ့မုန်းတီးရေးဝါဒ အလွန်က ခဏခဏခတ်နေတဲ့ အမြီးကို ဘယ်ဂီတအတွက် စည်းချက်လိုက်နေသလဲ



nelay


Wednesday, August 20, 2014

ပိုးဟပ်ကိုခေါ်ပေးပါ

ပိုးဟပ်ကိုခေါ်ပေးပါ



ပိုးဟပ်ကို ငါအော်ခေါ်လိုက်တယ်
ပိုးဟပ်က ငါ့အနားလာတယ်
ပိုးဟပ် ပါးစပ်ကို ငါဖြဲကြည့်လိုက်တော့
ဆက်သွယ်မှု ကရိယာနဲ့ ၀ါယာကြိုးတွေထွက်လာတယ်
ငါနားမလည်တဲ့ ဆိုရှယ်နက်ဝေါ့ကိုမျိုချထားတဲ့ ပိုးဟပ်က
ငါရှင်းပြဖို့လိုတဲ့ ငါမရှင်းပြချင်တဲ့ မေးခွန်းတွေနဲ့
ငါ့အပေါ်တက်လာတယ်
ငါ့မှာ ယား ယား ယား ယားးးးးး
ယားးးး လိုက်တာ

အဲလိုမျိုး သူမ လည်တိုင်နုနုပေါ်က
ပြေးဆင်းလာတုန်း ငါချှော်လဲတယ်
ပိုးဟပ်က ငါ့ အလံ ကိုဆွဲယူပြီး
သူသိမ်းပိုက်လိုက်တဲ့ ငါ့ ဒူးမှာ စိုက်ထူဖို့ကြိုးစားတယ်
ငါ့မှာ အသံမကြားအောင် သူ့ကို
ချစ်လို့ မုန်းလို့ လွမ်းလို့
ငါးပါးသီလကို ခဏခဏချိုးဖူးတဲ့ ပိုးဟပ်လိုမျိုး

လူကြီးတွေလို ငါ့ကိုယ်ငါ ဆဲတတ်အောင် သင်ယူရင်း
ပုတ်သိုးနေတဲ့ ခြေအိတ်စုတ်တွေကို
ပိုးဟပ်မမြင်အောင် ငါပစ်ရတယ်
ပိုးဟပ်ဟာ အခုတော့ ခေါ်မကြားအော်မကြား
ဘယ်အသံတွေနောက် ဘယ်မာတိကာအောက်ဝင်ပုန်းလို့
ငါ့အသံကိုများယဉ်သွားရော့သလား
ပိုးဟပ်ဆိုတဲ့ သဘာဝက
အသံကြားရာ ပြေးပြေးလာတတ်တဲ့သဘောမှန်း

ငါကောင်းကောင်းကြီးသိလျှက်



nelay

ရနံ့သေတို့ကပ်တဲ့ကမ်း

ရနံ့သေတို့ကပ်တဲ့ကမ်း


သပြေအရွက်တွေကြားက မင်းကို
ဇီဇ၀ါဦးလွှမ်းတဲ့စကားနဲ့ ငါပြောတယ်

ရနံ့တွေဖောက်လုပ်ထားတဲ့လမ်းမှာ
အကန်းအာရုံအတွက်တော့ မင်းဟာအလင်းပေါ့

ငါ့ကိုယ်ငါ ရေတွက်ပြီး လျှောက်ခဲ့ပါတယ်
အရောက်နောက်ကျတဲ့ လူတွေနဲ့
နောက်ပြန်လျှောက်တဲ့ လူတွေ
လူတွေ မှီထားတဲ့ ကမ်းဟာ သိပ်မြင့်လွန်းလို့
ငါလေ ….. ပြုံးဖို့တောင် မေ့ခဲ့တယ် ……

လေးဖက်လေးတန် ကာရံပြီးမှ
ပခုံးပေါ်ကသပ်ချ တဲ့ ရေကို
ငါက ဘယ်လို အင်အားမျိုးနဲ့
မင်းကိုတိုက်ရမလဲ ……

ခါးညွှတ်လို့ အနေအထားဖျက်
တိမ်ငွေ့တွေဖိအားနဲ့မှ
မင်းကပျော်မယ်ဆိုလဲ ပျော်

အမုန်းကိုဖျော်
စိတ်နာခြင်းကို ခေါ်ပြီး
အစာအိမ်ထဲပဲ ခုန်ခုန်ချ

လွမ်းချင်းတွေ ခဏထားပြီး
မင်းဆီကို ပန်းခွေတွေပဲ ပို့

အရှေ့ဖက်ကလမ်းကို မရွေးနဲ့
မြောက်ဖက်ကလမ်းကို မရွေးနဲ့
ဆောက်တည်ရာမရတဲ့ လမ်းကိုသာလာခဲ့တယ်

တက် တစ်ချက်ခေါက်ပြီး
ကန်လိုက်တဲ့ ၀ တွေထဲ
ဘ တွေသာ ကပ်ပါသွားတယ်
နေ၀င်ချိန်က သူ့ကို
ဆည်းဆာလို့ခေါ်ဖို့သာ လက်ပြနေတော့လေရဲ့




nelay

Tuesday, May 6, 2014

ပညာတတ် လူမလေး ခွေးမခန့်

ပညာတတ် လူမလေး ခွေးမခန့်




သူ့တစ်မျိုးလုံးမှာ သူ့တစ်ယောက်ထဲ ဘွဲ့ရလို့ တစ်မျိုးလုံးက ဖူးဖူး မှုတ်တယ်
သူကလဲ သူ့တစ်မျိုးလုံး ကို ဖူးဖူး ပြန်မှုတ်တယ်
ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်တွေက အစ သိန်းစိန်ရဲ့ နွားနို့အဆုံး
မြန်မာ့သမိုင်း ကို အာဂုံဆောင် နိုင်တဲ့ အထာနဲ့ သူ့ကိုယ်သူ မော်လို့ကြွားလို့
Discovery Channel ကြည့်ပြီး National Geographic မှာ ပါချင်တဲ့ စိတ်နဲ့
ကျောက်စာတွေကို တစ်ဖြဲနှစ်ဖြဲ သူဖတ်တယ်
လူငယ်တွေဆိုတာ သံပါတ်ရုပ်တွေ ဖျက်စီးဖို့ မွေးလာတဲ့ ကစားစရာတွေ
လူကြီးတွေဆိုတာ ဘယ်တော့မှ ပြင်မရတော့တဲ့ သံပါတ်ရုပ်တွေ
သူ့စာအုပ် နောက်ကျောအဖုံးက စာတိုပတ်စ ကို
ကလေးတွေ ကြားအောင် အကျယ်ကြီး ဖတ်ပြတယ်
နွေလည်ခေါင် ညခင်းတွေဆီက ပြတင်းပေါက်မှာ ဖြူးနေတဲ့လေညှင်းကို
သူ့ကျောဟင်းလင်းပြင်ပေါ်က ကန္တာရအေးစေဖို့ သူ့တစ်ကိုယ်စာအကျယ်ကြီးဖွင့်ထားတယ်
သူ့အမေက လှမ်းခေါ်ရင် မကြားချင်ယောင်ဆောင်တဲ့ အထာကို
သူ့စာအုပ်ထဲက ထွက်ထွက်ဆဲနေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ မကြားအောင်လဲ ဖင်ခုထိုင်တယ်
တစ်ခါတလေများ သူ့ပညာတတ် ငယ်ပေါင်းကြီးဖေါ်တွေနဲ့ တွေ့ပြီဆို
အဖေ သေတာကိုလဲ မေ့ အဘိုး သေတာကိုလဲ မေ့ သူ့ညီတွေ ဖာခန်းရောက်တာကိုလဲမေ့
မနက်မနက် ၀ရီယ ရှိရှိ ကျိုးနေတဲ့ ကော်လံကို လည်ဂုတ်သားပေါ်သပ်သပ်ရပ်ရပ်တင်ပြီး
၇နာရီ မထိုးခင်ကထဲက တက်ကြွတဲ့ ကျွန် စိတ်ရဲ့ အာရုံကြောတွေက သူ့ရှေးဟောင်း ရုံးတော်ကြီးဆီခေါ်တယ်
မြင်မြင်ဖူးသမျှ ထဲမှာ သူ့ဘ၀ ကြီးက သိပ်ကိုလှနေတဲ့ အရာနဲ့ လမ်းမှာ ရှိရှိသမျှ ခွေးတွေကိုသူကန်တယ်
ရုံးတော်ကြီးကိုရောက်ရင်များ သူ့ကိုယ်သူ သမ္မ အလုပ်ကြီးဆယ်မျိုးလောက်လုပ်နေရတဲ့အထာနဲ့
ကော်ဖီဖျော်လိုက် မိတ္တူကူးလိုက် ဖဲရိုက်လိုက်နဲ့ ဦးနုခေတ်က လွတ်လပ်ရေးမျိုး သူ့လူကြီးရှေ့မှာ သူလုပ်ပြတယ်
သူတို့မျိုးရိုးက အမိမြေကိုချစ်တယ် ဆိုတဲ့ လူတွေကြီးပဲဆိုပြီ သေလို့ရှိရင်တောင် ဒီနိုင်ငံထဲက မထင်မရှား သင်းချိုင်းကုန်းလေးမှာ လာလာ သေကြတယ်
မျိုးကြီးရိုးကြီးဆိုတော့ သူ့ဘေးအိမ်က ဆိုက်ကားသမားလဲ သူ့ကိုခံမပြောရဲ
သူ့အနောက်အိမ်က အကြော်သည်လဲ သူ့ကို ပြန်မပက်ရဲ
ကုန်ကုန်ပြောမယ် ရပ်ကွက်လူကြီးထက် သူ့အဖေက ၄တန်းလောက် ပိုတက်ခဲ့တယ်ဆိုတဲ့အထာနဲ့
သူ့ကိုယ်သူ ပညာတတ် လူမလေး ခွေးမခန့် အဖြစ်မခံနိုင်ဘူးတဲ့




nelay

Sunday, February 9, 2014

ပွဲပေးခြင်း

ပွဲပေးခြင်း


ပ ပ ပ ပ ပ ပ
ပွ ပွ ပွ ပွ ပွ ပွ
ပွဲ ပွဲ ပွဲ ပွဲ ပွဲ ပွဲ
ဟေ့ ….. ပွဲ
ပွဲ ဖြစ် ပြီ ဟေ့ ….
ပွဲ ဖြစ် ပြီ ဟေ့ ….
ပွဲ ဖြစ် ပြီ ဟေ့ ….
ပွဲ ပွဲ ပွဲ ပွဲ ပွဲ ပွဲ
ပွ ပွ ပွ ပွ ပွ ပွ
ပ ပ ပ ပ ပ ပ
ပွဲ တွေ ပေးပြီး ဟေ့ ….
ပွဲ တွေ ပေးပြီး ဟေ့ ….
ပွဲ တွေ ပေးပြီး ဟေ့ ….
ပွ ပွ ပွ ပွ ပွ ပွ
ပွဲ ပွဲ ပွဲ ပွဲ ပွဲ ပွဲ
ပ ပ ပ ပ ပ ပ
ဟေ့ ….. ပွဲ
ရွှေ ရွှေ ရွှေ ရွှေ ပွဲ
ပွဲ ရွှေ ရွှေ ရွှေ ရွှေ
ပွဲ ပွဲ ရွှေ ပွဲ ပွဲ
ပွဲ တွေ ပေးပြီး ဟေ့ ….
ပွဲ တွေ ပေးပြီး ဟေ့ ….
ပွဲ တွေ ပေးပြီး ဟေ့ ….
ရွှေတိဂုံ တောင်ဖက်မုဒ်မှာ
ဟေ့ ….. ပွဲ
ပ ပ ပ ပ ပ ပ
ပွ ပွ ပွ ပွ ပွ ပွ
ပွဲ ပွဲ ပွဲ ပွဲ ပွဲ ပွဲ
ပွဲ တွေ ပေးပြီး ဟေ့ ….
ပွဲ တွေ ပေးပြီး ဟေ့ ….
ပွဲ တွေ ပေးပြီး ဟေ့ ….


nelay

Friday, January 17, 2014

မိုးဇက် မြို့ရောက်တော့ သူ့အဖေဆီ ဒီလို စာရေးတယ်

မိုးဇက် မြို့ရောက်တော့ သူ့အဖေဆီ ဒီလို စာရေးတယ်



သက်ရှိသက်မဲ့ ရုပ်ဝါဒီနဲ့ တစ်ယောက် ၀ဋ် ကို တစ်ယောက်ပြန်ကြည့်ပါတယ်
တစ်ယောက် အနာ ကို တစ်ယောက်အကြွေးလဲပြီး မိဘတွေကို ဒူးထောက်ရှိခိုးဦးချပါတယ်

ကိတ်မုန့်ပေါ်မှာ ယင်မနားအောင် ဖယောင်းတိုင်ထွန်းပြီး လေတွေစုလို့ အားရပါးရမှုတ်ထုတ်ပါတယ်
ကျောကုန်းအမဲပေါ်က ဆေးပျယ်နေတဲ့ လူကူးမျဉ်းကျားပေါ် ငါတို့လက်ကိုမြဲမြဲတွဲလို့ ကူးပါတယ်

နတ်ဆိုးတွေကို ပြုစုယုယပြီး အလှူခံကိုလည်း ငွေတွေ ထည့်ပါတယ်
ပင်လယ်ပြင်ပေါ် ဖြတ်တိုက်လာတဲ့လေတွေကို ရှုရှိုက်ပြီး အနာဂတ်မရှိတဲ့ အိပ်မက်ကိုနှစ်နှစ်ခြိုက်ခြိုက်မက်ပါတယ်

Restart ခလုတ်ကို ခဏခဏ နှိပ်ပြီး ဘ၀ကို ခဏခဏပြန်စဖို့ ပါးစပ်တွေအကျယ်ကြီးဟ လို့ ပြုံးပါတယ်
သိပ်ချစ်တယ်ဆိုတဲ့ စကားကို လိုအပ်မှပြောတတ်ဖို့ ကင်ဆာရောဂါပါတဲ့ အစားအစာကို တစ်ပတ် တစ်ခါမှန်မှန်စားပါတယ်

ကဗျာတွေမှာပါတဲ့ ဂီတအသံကို လူတွေမကြားအောင် တီးတတ်ဖို့ နှလုံးသားကို လူ့အဖွဲ့အစည်းထဲက ထုတ်ထားပါတယ်
အမြင်အာရုံကို အကြားအာရုံ နဲ့ ဖျော်ဖြေတင်ဆက်ရင်း ဖုန်းဘက်ထရီကိုလဲ အားမှန်မှန်သွင်းထားပါတယ်

ကျေးဇူးတရားကို ကိုယ့်အရပ်နဲ့တိုင်းပြီး ၅ပေ ၇လက်မ ဗီနိုင်းနဲ့ ပရင့်ထုတ်လို့ ဘုရားကျောင်းတော်အောက်မှာ ကပ်ထားပါတယ်
မိန်းမယူဖို့နဲ့ မိဘလုပ်ကြွေးဖို့ အိပ်မက်အလယ်က Volume ကိုလဲ အဆုံးထိတင်လို့ ချဲ့ထားပါတယ်

မြို့ပြ လူနေမှုမှာ ပျဉ်းရိညီးငွေ့လာရင် မျောက်ပွဲတွေ ကြည့်ဖို့နဲ့ အောက်လမ်းက ကားကိုစီးဖို့တစ်ခါတစ်ခါစိတ်ကူးမိပါတယ်
မြို့လယ်ခေါင်မှာ တိုက်တွေပေါ်မှာ တိုက်တွေကြားမှာ ဓါတ်လှေကားမှာ စက်လှေကားမှာ ဘုရားပေါ်မှာ အလုပ်ခန်းထဲမှာ တီဗီရောင်းတဲ့ဆိုင်မှာ ကွမ်းယာဆိုင်မှာ ဖုန်းရောင်းတဲ့ဆိုင်မှာ အခပေးအိမ်သာထဲမှာ ရုပ်ရှင်ရုံမှာ ၁၉လမ်းမှာ ကျန့်တိတ်တရုတ်ကျောင်းမှာ အမျိုးသားစာကြည့်တိုက်မှာ စာပေဗိမာန်မှာ ရုပ်ရှင်အစည်းအရုံးမှာ ကားပွဲစားတန်းမှာ ခြံနဲ့ဝင်းနဲ့ ၀က်သားဒုတ်ထိုးဆိုင်ထဲမှာ အဖေ တွေများလို့ ဘယ်သူ့ အဖေခေါ်ရမလဲ စိတ်ကို မွေးထားပါတယ်

အဖေ မသိတဲ့ Facebook  ပေါ်မှာ လူတွေအမှန်တကယ်မျိုးပွား နေကြောင်း နောက်တစ်စောင်မှာ ရေးလိုက်ပါ့မယ်
အပေါင်းအသင်း နဲ့ ရောင်းရင်းနဲ့ စားလို့ရတဲ့ အဟာရကို MRTV4 က လာ ဗျူးရင်ဖြေဖို့ ပွဲမှန်သမျှကိုလဲ မှန်မှန်တက်ပါတယ်

လူတွေ စိတ်ဆင်းရဲပြီး ဒုက္ခရောက်မှ ရာထူးတက် လစာကောင်းတဲ့ ဘစ်ဇစ်နပ် သီဝရီကို ကမ္ဘာပြုကျမ်းထဲမှာ မတွေ့ပေမယ့် ဒီမြို့ မှာတွေ့လိုက်ရလို့ အဖေ့ကိုပြဖို့ ဖုန်းနဲ့ဓါတ်ပုံရိုက်ပြီး ဒီစာနဲ့ အတက်ခ်ျ လုပ်လိုက်ပါတယ်

စာဖတ်ရတာ စိတ်မရှည်တဲ့ အဖေ့ စိတ်ကိုသိလို့ တချို့ နာမ၀ိသေသနတွေ နာမ်စားတွေဖြုတ်ထားခဲ့ပါတယ်
စောက်သုံးမကျတဲ့ သားစာကို ဖတ်ပြီး စွတ်မယုံဖို့လဲ မှားချင်ပါတယ်



nelay

မိုးဇက် မြို့တက်တော့ သူ့အဖေက ဒီလိုမှာတယ်


မိုးဇက် မြို့တက်တော့ သူ့အဖေက ဒီလိုမှာတယ်




ကြက်သီးထလောက်အောင် စကားလုံးတွေပြူးပြနေတာ
ခြေမကိုက်ပြီး ရယ်လိုက်ရတယ်

အားလုံးတိတ် . . .
ပွဲပြီးမှလက်ခုပ်တီးပါ
ပြန်ဆိုပါ
ကော်ပီကူးပါ
ပြီးရင် နာရေးပါကူညီပါ
အားလုံး Censor ကျပြီးသားတွေပါ
အားမရသေးရင် မီးဖွားကူညီမှုအသင်းပါ ဖွဲ့ပါ
အပျက်မတွေမတိုးကြနဲ့
International ဆန်ဆန် တန်းစီပါ

လူကြီးလက်မှတ်မလိုပါဘူး
ကလေးလက်မှတ်ရှိရင် လုံလောက်ပါပြီ

၅၀ ထက်မကျော်ရ
ကျော်ရင်ပြန်အမ်းမည်မဟုတ်ပါ

မှုတ်ဆိတ်ထားပါ သကြားသုတ်ပါ
ပျားဆွဲဖို့ ပြတင်းပေါက်မှာ မတ်မတ်ရပ်ပါ

အဒေါ်ကို မိဒွေးတော်ဖို့ အားမွေးပါ
လောကမှာ ရှိသမျှ မိန်းမအားလုံး မိခင်ပဲလို့ အဆိုပြုပါ

စိတ်ဖြေဖို့ ဆင်းရဲသား ရုပ်ရှင်ကြည့်ပါ
သိပ်နာပြရင် ကြည့်မကောင်းတော့ဘူး

ဒီနေရာမှာ ခင်မောင်တိုးရဲ့ ဆည်းလည်းလှိုက်သံကိုကျယ်ကျယ်ဖွင့်ထားပါ
အမှားနဲ့အမှန်ဆိုတာ အတ္တရဲ့တယူသန်စိတ်ကူများဖြစ်တယ်
L ဆိုင်းဇီ နားထောင်ပြီး L လွန်းဝါရဲ့ မျက်ဝန်းကိုစိုက်ကြည့်ပါ
L ဇေးရှင်း အကိုက်ခံဖို့ ခြေသလုံးသားတွေ ဖွင့်ထားပါ

အခုမြင်နေကြ အဘိုးကြီးတွေလို ရွှေထုတ်ကြီးပိုက်ပြီး
Withdraw နဲ့ ရက်တွက်ပါ အတိတ်ကို ဖီလ်လင် တက်ပြီး
Ozzy Osbourne နားထောင်ပါ

Jme နဲ့အောင်ကိုလတ် သားအဖ ဖြစ်ကြောင်းရဲရဲကြီးလက်ခံပါ
ဘောင်းဘီဝတ်ပြီး လိင်မဆက်ဆံပါနဲ့
ဆေးလိပ်ကို 90 ဒီဂရီ ထောင်ပြီးမသောက်ပါနဲ့
တောသားဆန်တဲ့အပြုအမူဖြစ်ကြောင်းသတိပြုပါ

မင်းရဲ့ကလေးတွေကို ဆူပူကျိန်းမောင်းရိုက်နှက်ခြင်းကိုရှောင်ပါ
ကလေးတွေဆိုတာ တချိန်မင်းကို ပြန်လုပ်ကြွေးနိုင်တဲ့ ကျွန်ကောင်းတွေဖြစ်ပါစေ
မင်းကိုယ်တိုင်တော့ ကျွန်ကောင်းတစ်ယောက် မဖြစ်ပါစေနဲ့

စာအုပ်တွေကိုဖတ်ပါ စာအုပ်ကြီး မဖြစ်ပါစေနဲ့
မင်း အဖေ ငါ အခုရေးတဲ့ စာကိုလဲ စောက်သုံးမကျတဲ့ ဦးနှောက်နဲ့ စွတ်မယုံပါနဲ့ ။






nelay