Pages

Tuesday, February 23, 2010

ဥယျာဉ် ထဲကကောင်းကင်



ခပ်တိုးတိုးလေးပဲပြောပါရစေ အပင်ပျိုမှာ ရေလိုနေတယ် . . .
မငိုပဲနဲ့ကွာကျလာတဲ့ မျက်ရည်အတွက် အပျိုပင်တို့ ရှင်သန်ရမယ်
မင့်ဟာမင့် အိုအို ပျိုပျို ဒီဥယျာဉ်ဟာ ငါ့ပိုင်နက်
တယုတယနဲ့ ကောင်းကင်တွေ မင့်အတွက် ဆွဲယူချယ်သထားတယ်
ပေါင်းတွေလဲ နွှင်လို့ အလွမ်းတွေလည်း ရှင်လို့ . . .
နောင်ဘ၀များရှိရင် ဒီဥယျာဉ်ပဲငါပိုင်ချင်ရဲ့
အ၀င်ဝမှာပြုံးထားတဲ့ လီလီဟာ မင့်ရနံ့
မမြင်ပဲနဲ့တောင် အေးမြအောင်မွှေးတဲ့ ရင်ခွင်နွယ်
ပြင်မရတဲ့တံတားအိုနားက ချယ်ရီဟာ မင့်အပြုံး
ငါ့ကိုလုံးခြေအောင် အေးခဲစေတယ် ဥယျာဉ်ရဲ့တဖက်ကမ်းမှာ
ကောင်းကင်တခုလုံးစိမ်းနေလိုက်တာ
နှလုံးသားနဲ့ရိုက်လို့မဆုံးနိုင်တဲ့ ဓါတ်ပုံတွေ
မျက်လုံးတွေတလုံးပြီးတလုံး . . .
ဒီဥယျာဉ်ကြီး ရောင်ပြန်ဟပ် ချက်ကတော့
မှောင်လျက်နဲ့တောင်လှနေလိုက်တာ ဟိုးမှာ . . . သဇင်တွေ . . .
လမပါတဲ့ ညခါးခါးတွေမှာ အတိတ်ရောင် အဆိပ် ပေါင်းတွေ
မင့်အပင်လေးပေါ်နွယ်တက်ခဲ့
ခွာခွာကြွေးခဲ့ရတဲ့ငါ့မြေဆီလွှာတွေ
အချိန်မမှီနိုင်ခဲ့လို့တရွက်တော့ကြွေခဲ့ရှာတယ် . . .
နာကျင်နေလိုက်တာ ဥတုတွေတောင် ဖြူရော်ရော် . . .
ငါမကြည့်ရက်ပါဘူး အဖူးနုနုလေးတွေ အခုမှအားယူခါစ
အကြင်နာရေမွှန်းပြီး ညှိုးမသွားစေချင်ဘူး
ရာသီတွေကို အခုမှခူးယူချယ်သရအုံးမယ် ... အသစ်တွေတိုက်ခတ်ပါအုံး ...
မနူးညံ့တတ်လိုက်တာများ နှင်းဆီနက်ရဲ့ စူးတွေစွင့်စွင့်ကားကား
အရိုင်းတဲ့လား သွေးတွေရဲနေပုံက လိပ်ပြာဝိဥာဉ်တွေ တယောတကျီကျီနဲ့ . . .
အဖူးရိုင်းလေးကို စူးနေတဲ့ ဒီဥယျာဉ်ဟာ ငါ့ပိုင်နက် . . .
အမှောင်ခြမ်းလေးကို တဖြေးဖြေးနဲ့ ဖျက်လာခဲ့တာ အခုဆို အရောင်တွေတောင်စိုလို့
လင်းလိုက်မှောင်လိုက် ဒီဥယျာဉ်လေးလဲ အော်ငိုလို့ ပျော်လွန်းလို့တဲ့လေ . . .
ကဗျာတွေလဲပွင့်လာလိုက်တာ ခုနှစ်တွေတောင်အဖူးအပွင့်တွေနဲ့ . . .
တကယ်လို့များ . . .
ဒီဥယျာဉ်ကြီးမစိမ်းစိုနိုင်ခဲ့ရင် ပျိုးပင်လေးလဲစွန့်ခွာခဲ့ရင်
အဆီခန်းတဲ့ မြေပြင်ကျယ်ကြီးရယ် ၊ သံချက်ပြုတ်တချက်မိတချက် ခြံဘောင်ကြီးရယ်
အရောင်မပါတဲ့ကောင်းကင်စိမ်းကြီးရယ် . . . . နောက် တံတားအိုလေးရယ်
နောင်ဘ၀ကူးတဲ့အထိ အပင်ပျိုလေးကို သစ္စာရှိစွာသေနေအုံးမယ်ဆိုတာ
အနှေးပြကွက်နဲ့ အစမ်းမက်ကြည့်လို့ရတယ် . . . တဖြေးဖြေး .. ကောင်းကင်ထဲ . . . ။
nelay

ရက်ရက်စက်စက် ရာသီ


ဟောဟို အနောက်တောင်မှာ
နတ်ဆိုးတွေအရောင်ဆိုးဖို့ ကြိုးစားနေကြတယ်
မမြင်ချင်ယောင်ဆောင် ငါလိုကောင်တောင်
ပုဝါပျိုက မလှုပ်ရွဘူး . . .


ရင်ခွင်သေတွေ ပုတ်သိုးအောင် ချစ်လို့
နင်မမြင်ခင် ငါ့ကိုယ့်ငါ သင်္ဂျိုလိုက်ရတယ်
အဲ့ ကမ်းနဖူးက လရိပ်အောက်မှာ . . .


ခြေသံကိုဖွဖွ နင့်ခေါင်းတွေ တွင်တွင်ရမ်းခါ
ငါ့ကိုငါ ပြစ်မှားတော့ ငါ့စိတ်ကူးတွေ အလွန်းပျော်ကြတယ်
အကြိမ်ကြိမ် ပြောက်ဆုံးခဲ့ရတဲ့ ဟိုးအဝေး က ကြယ်ချိုချိုရယ် . . .


ရင်ခုန်သံတွေ နေ၀င်သွားတော့
ပုဝါပျိုတွေ လှုပ်ရွကာ ရစ်သိုင်း
ငါ့ဘ၀လှိုင်းတွေ တောင်မြောက် ပိုင်းလိုက်ကြတယ်
နွေရာသီရဲ့ မိုးရေစက်တွေအောက်မှာ . . .


စကားလုံးတွေရိုက်ခတ်ကာ ကွဲကွဲရှရှ
နင့်အော်သံကြားမှာ ညဆိုတာ လ မလိုတဲ့
စုန်းသက်သက် သတ်ကွင်း စစ်စစ်ပါပဲလေ . . .


မျက်ကွင်းတွေ အညိုစင်းအောင် အမုန်းမိသွားတဲ့ ကြယ်အို
ဇက်ကိုအပီချိုးလို့ ငါ့ပေါ် ချစ်သွားရက်တယ်
ဖိနပ်ကြိုးတွေ ခြည်ရအုံးမယ် ကမ်းပါးပျိုရယ် . . .


တိတ်ဆိတ်ခြင်းဟာ နင့်နောက်ကျောက ဒါးတလက်
ငါ့ကိုချစ်လျှက်နဲ့ နင့်ကိုယ်နင့်ထိုးစိုက်ခံခဲ့ရတယ်
အဲ့ တိတ်ဆိတ်ခြင်းဟာ ငါ့ရဲ့လူရုံစစ်စစ် . . .


နင့်ကို မမြင်ဖူးခင်ထဲက ချစ်နေခဲ့ရတော့ . . .
နတ် ဆိုတဲ့ ကောင် ကြိုးတန်လန်းနဲ့ သေနေပြီး . . .
အမုန်းမရှိတဲ့ အချစ်ရွာပျက်ကြီးထဲမှာ . . .။







nelay







စာမျက်နှာ ၂၈

စာမျက်နှာ ၂၈


ငါကတော့
လူမသိတဲ့ကြမ်းပြင်မှာ
ကုတ်ဖဲ့တက်လာတဲ့
နတ်သားတပါးလို့
ခံယူထားတာပဲ

ငါကို မြင်ကြတော့
လူမရှိတဲ့ဥယျာဉ်မှာ
ကုတ်ဖဲ့စားနေတဲ့
လူမဝါးတဲ့ အသီးအဖြစ်
သူတို့ခံယူကြပြန်တယ်

ငါကိုက လှနေခဲ့တာ
စကားလုံးတွေနဲ့တွဲပြီး
လျှောက်နေရင်း
သုံးရာသီဓါတ်တိုင်ပေါ်က
ကျီးကိုမျက်စောင်းထိုးမိရာက
ငါ့ကိုလိုက်ဆိတ်လိုက်တာလွန်ရော

ငါကိုက မှန်တွေရောင်းနေမိတာ
ဒါမှမဟုတ်
လူတိုင်းကိုမှန်ကြည့်စေချင်တာ
သူတို့က ငါ့ကိုပြဒါးအထင်နဲ့
လာလာညှိကြတော့
ငါက မသိမသာပြုံးမိတာပါ
နှင်းတွေကိုရွှဲရော . . .

ငါကတော့
သမုဒယသစ္စာကို
လည်မှာဆွဲပြီး ရေထဲခုန်ချခဲ့တာပဲ
မုသားစကားတွေ အမြှုပ်ထပြီး
စီးပွားဖြစ်ဆိုတဲ့ အကြောင်းအရာတွေ
မိုးမှောင်ခဲ့တာလဲ ငါမမြင်

ငါ့သခင်က တက်တချက်ခေါက်တယ်
မင်းမှာခြေတွေလက်တွေပြောက်နေသတဲ့
ငါကတော့
ကြောင်တွေလိုလိပ်တွေလို
ထီလက်မှတ်လိုနှင်းဆီပန်းလို
ကြယ်ကလေးတွေလိုသစ်ပင်လို
ထင်တာပဲ . . .

ငါ့ကိုလူတွေကမျက်နှာဖုံးလှလှလေး
ချုပ်မပေးဖြစ်ခဲ့ဘူး
ဒါပေမဲ့ ငါလူတွေကို
မျက်နှာဖုံးလှလှလေး
ချုပ်ပေးချင်သားလား

ငါကိုက အလှကြိုက်နေခဲ့တာ
အော် ... နှလုံးသားတခု
အမေကတိုက်ခဲ့တယ်
ရင်ထဲက ကလီစာတွေ
အကောင် မကိုက်အောင်တဲ့
လုံးပါးပါးလာတဲ့
ဒီနှလုံးသားလဲ
အငွေ့ပျံလွယ်တဲ့ရာသီထဲ . . .
အမေ နောက်တခုလောက်
ထပ်တိုက်ပါအုံးလား . . .
(အမေကလက်ခါပြတယ်)

ငါ့မှာဘဲလေးတကောင်ရှိတယ်
ငါ့ဘဲလေးကအဟောင်းကလေး
သူ့ဟာသူကူးနေ၊ခတ်နေတာနဲ့
ငါ့ကိုမကြည့်အားဘူး
ငါက အထီးမဟုတ်လား

ငါ့မိုးတိမ်မှာ အပ်ခြည်နဲ့မိုးစက်တွေ
သီတွဲထားတယ် တိုလို့တွဲလောင်းနဲ့
ဦးခေါင်းရှည်တဲ့လူတော့
ဝင်တိုက်မိမှာပဲ
ဒါမှမဟုတ်
လည်ပင်းနဲ့ငြိလိမ့်မယ်

ငါ့ကို သံသယထီးနဲ့ဆောင်းပြီ
ကာကွယ်နိုင်ပါတယ်
ငါကတော့ ပကတိ
တို့လို့တွဲလောင်းပဲ
ငါကမဟောင်းတဲ့ ညကို
လမင်းကြယ်သီး ချုပ်နေတာလေ

ငါလားအမြဲပြုံးနေတတ်တယ်
စိတ်ပါပါမပါပါ
ငါပြုံးနေတတ်ပါတယ်
ငါကိုက စပ်ဖြီးဖြီးကောင်ကို

ငါ့ကို ကတုံးလို့ခေါ်ကြတယ်
ငါ့ခေါင်းကဆံပင်ကို
သူတို့မြင်ပုံမပေါ်ဘူး
ငါကိုက ခပ်တုံးတုံးကိုး

ငါကတော့ လေယာဉ်ပျံကိုမုန်းတယ်
ဘာလို့ဆို ငါသိပ်ပျံချင်ခဲ့တာလေ
ဒီကောင်တွေကငါ့ထက်ဦးသွားလို့
ငါလေယာဉ်သံကိုမကြားချင်ဘူး
နောက်ပြီး
လေတွေတင်လာတဲ့ယာဉ်ကြီးမို့ . . .

ငါ့မှာတိတ်ဆိတ်တဲ့ညတွေရှိခဲ့ဖူးတယ်
ဆူညံတဲ့အလှတွေလဲရှိခဲ့ဖူးတယ်
လူမမှန်တဲ့နေ့တွေလဲရှိခဲ့ဖူးတယ်
ဒါမို့ငါဟာလူဖြစ်ဖို့များတယ်

ငါ့အနီရောင်နဲ့အစိမ်းရောင်
ကြားတရောင်ပြောက်နေတဲ့အခါ
မြို့လယ်ခေါင်လမ်းမှာ
အတိုက်အခိုက်တွေများခဲ့တယ်

ငါ့မှာ မိုးအမြဲအုံ့နေတဲ့ ရာသီဥတုရယ်
နှုတ်ခမ်းဝါဝါနဲ့ဘဲကလေးရယ်
ရေမချိုးရသေးတဲ့မုသားစကားတွေရယ်
စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ်
ငါသယ်ပြီးတက်လာခဲ့တယ်

ငါ့အတွက်ပေးတဲ့လက်ဆောင်မှာ
ရုပ်ရှင်တကားပါတယ်
အသည်းကွဲဇာတ်လမ်းဆိုပါတော့
ဒါပေမဲ့ငါမကြည့်ဖြစ်ခဲ့ဘူး
ငါတမြတ်တနှိုးသိမ်းထားခဲ့လို့လေ

ငါကညတိုင်းကြယ်လေးတွေကိုဦးချတယ်
ပြီးတော့မနက်တိုင်းမျှော်လင့်ခြင်းကိုစားသုံးတယ်
ညရောက်တော့မျှော်လင့်ခြင်းက
ငါ့ကိုစားသုံးတယ်

ငါ့ကိုမြက်ပင်တွေကပြောတယ်
ရေမှန်မှန်လောင်းပါတဲ့
မိုးခေါင်တဲ့ငါ့ကောင်းကင်က
မိုးစက်တွေကိုငါကတ်ကြေးနဲ့
ဖြတ်ချပေးခဲ့တယ်
မြက်ပင်တွေပေါ်ကို

ငါဟာဘာလိုလိုနဲ့
ကျူပင်တွေယိမ်းတဲ့ကမ်းခြေထဲ
တရွေ့ရွေ့တိုးဝင်လာရင်း
ချောင်းငယ်ထဲက
ဒိုက်လုံးလုံးဖြစ်ခဲ့ပြန်တယ်

ငါ့မှာအိပ်စက်ခြင်းဂီတ
စီးဆင်းရာ တိမ်ရနံ့တွေမွှေးလို့
လွမ်းစွတ်ခြင်းကို
လှောင်အိမ်ထဲထည့်
အိပ်ရာဝင်တေးအဖြစ်နားထောင်ခဲ့တယ်

ငါက''သပ်ပုန်''မမှန်တဲ့လူ
အချိုးချ အကြည့်ထဲကလွတ်မြောက်
တကယ်တော့
ငါက ကမ်းနဖူးအောက်က မိုးတိမ်

ငါ့ကိုဘယ်သူမှမသိကြဘူး
လူဆိုတာမွေးကတည်းက
အသိအကျွမ်းတွေမှမဟုတ်ပဲ
သေဆုံးတော့ရောသိစရာမလိုဘူး

ငါပျော်ရွှင်ခြင်းအပေါ်
သံသယရှိခဲ့တယ်
မျက်လုံးတွေမမြင်ရဘူး
တကယ်တော့
ငါ့မျက်လုံးတွေကို
သူတို့မမြင်ကြဘူး

ငါ့ကိုယ်ပေါ်မှာ ၂၅ထစ်ကလွဲလို့
အခုလောလောဆယ်
မျက်နှာကျက်ရှိသေးတယ်
အာခေါင်ထဲကနေ ရင်ထဲ
လက်နဲ့နှိုက်လိုက်ရင်
၂၅ ဂဏာန်းနောက်ပိုင်းတွေတော့
အစီအရီထွက်လာမယ်မထင်ဘူး
ထောင်းခနဲ့ . . .
မနေ့တနေ့က
အောက်သိုးသိုး မုသားတွေ
ရေမချိုးပဲ ထွက်လာလိမ့်မယ်
ခင်ဗျားတို့ရော ဘာနံ့ရလဲ . . . ။




nelay