Pages

Tuesday, February 23, 2010

ဥယျာဉ် ထဲကကောင်းကင်



ခပ်တိုးတိုးလေးပဲပြောပါရစေ အပင်ပျိုမှာ ရေလိုနေတယ် . . .
မငိုပဲနဲ့ကွာကျလာတဲ့ မျက်ရည်အတွက် အပျိုပင်တို့ ရှင်သန်ရမယ်
မင့်ဟာမင့် အိုအို ပျိုပျို ဒီဥယျာဉ်ဟာ ငါ့ပိုင်နက်
တယုတယနဲ့ ကောင်းကင်တွေ မင့်အတွက် ဆွဲယူချယ်သထားတယ်
ပေါင်းတွေလဲ နွှင်လို့ အလွမ်းတွေလည်း ရှင်လို့ . . .
နောင်ဘဝများရှိရင် ဒီဥယျာဉ်ပဲငါပိုင်ချင်ရဲ့
အဝင်ဝမှာပြုံးထားတဲ့ လီလီဟာ မင့်ရနံ့
မမြင်ပဲနဲ့တောင် အေးမြအောင်မွှေးတဲ့ ရင်ခွင်နွယ်
ပြင်မရတဲ့တံတားအိုနားက ချယ်ရီဟာ မင့်အပြုံး
ငါ့ကိုလုံးခြေအောင် အေးခဲစေတယ် ဥယျာဉ်ရဲ့တဖက်ကမ်းမှာ
ကောင်းကင်တခုလုံးစိမ်းနေလိုက်တာ
နှလုံးသားနဲ့ရိုက်လို့မဆုံးနိုင်တဲ့ ဓါတ်ပုံတွေ
မျက်လုံးတွေတလုံးပြီးတလုံး . . .
ဒီဥယျာဉ်ကြီး ရောင်ပြန်ဟပ် ချက်ကတော့
မှောင်လျက်နဲ့တောင်လှနေလိုက်တာ ဟိုးမှာ . . . သဇင်တွေ . . .
လမပါတဲ့ ညခါးခါးတွေမှာ အတိတ်ရောင် အဆိပ် ပေါင်းတွေ
မင့်အပင်လေးပေါ်နွယ်တက်ခဲ့
ခွာခွာကြွေးခဲ့ရတဲ့ငါ့မြေဆီလွှာတွေ
အချိန်မမှီနိုင်ခဲ့လို့တရွက်တော့ကြွေခဲ့ရှာတယ် . . .
နာကျင်နေလိုက်တာ ဥတုတွေတောင် ဖြူရော်ရော် . . .
ငါမကြည့်ရက်ပါဘူး အဖူးနုနုလေးတွေ အခုမှအားယူခါစ
အကြင်နာရေမွှန်းပြီး ညှိုးမသွားစေချင်ဘူး
ရာသီတွေကို အခုမှခူးယူချယ်သရအုံးမယ် ... အသစ်တွေတိုက်ခတ်ပါအုံး ...
မနူးညံ့တတ်လိုက်တာများ နှင်းဆီနက်ရဲ့ စူးတွေစွင့်စွင့်ကားကား
အရိုင်းတဲ့လား သွေးတွေရဲနေပုံက လိပ်ပြာဝိဉာဉ်တွေ တယောတကျီကျီနဲ့ . . .
အဖူးရိုင်းလေးကို စူးနေတဲ့ ဒီဥယျာဉ်ဟာ ငါ့ပိုင်နက် . . .
အမှောင်ခြမ်းလေးကို တဖြေးဖြေးနဲ့ ဖျက်လာခဲ့တာ အခုဆို အရောင်တွေတောင်စိုလို့
လင်းလိုက်မှောင်လိုက် ဒီဥယျာဉ်လေးလဲ အော်ငိုလို့ ပျော်လွန်းလို့တဲ့လေ . . .
ကဗျာတွေလဲပွင့်လာလိုက်တာ ခုနှစ်တွေတောင်အဖူးအပွင့်တွေနဲ့ . . .
တကယ်လို့များ . . .
ဒီဥယျာဉ်ကြီးမစိမ်းစိုနိုင်ခဲ့ရင် ပျိုးပင်လေးလဲစွန့်ခွာခဲ့ရင်
အဆီခန်းတဲ့ မြေပြင်ကျယ်ကြီးရယ် ၊ သံချက်ပြုတ်တချက်မိတချက် ခြံဘောင်ကြီးရယ်
အရောင်မပါတဲ့ကောင်းကင်စိမ်းကြီးရယ် . . . . နောက် တံတားအိုလေးရယ်
နောင်ဘဝကူးတဲ့အထိ အပင်ပျိုလေးကို သစ္စာရှိစွာသေနေအုံးမယ်ဆိုတာ
အနှေးပြကွက်နဲ့ အစမ်းမက်ကြည့်လို့ရတယ် . . . တဖြေးဖြေး .. ကောင်းကင်ထဲ . . . ။



nelay






No comments: