နွေရာသီ ခပ်စောစောမှာ
အတိုင်းအထွာမတတ်တဲ့ အဖျားအနာက
သူမလက်ထဲကို နေလုံးအဖြစ်
သက်ဆင်းလောင်မြိုက်
ငါ့နှလုံးသားပုရပိုက်ဆီ …
ခပ်မိုက်မိုက် နှင်းလာခဲ့တယ်။
စနေမဟုတ်တဲ့ ရက်အကြားများမှာ
ငါလက်ပစ်ကူးတဲ့ အိပ်မက်
မ
ခမ်း
မ
ခြောက်
အံစာခေါက်ပြီး မှတ်ဉာဏ်ထဲက
ခြောက်အိပ်မက်ကို ပုခက်လွဲသိပ်ခဲ့တယ် ... ။
ခံစားမှုရုပ်ပုံကို ဒြပ်မဲ့ညိုမှောင်း
နာရီလက်တံတွေ တိတ်တိတ်ကလေး ခိုးခဲ့သလား။
ထိတ်လန့်ချောက်ခြားဖွယ် မနှိုးပုံရိပ်များက
ပန်းထောင်ခြောက်မှာ ရှုးသွပ်သွားတဲ့
မိခင်တစ်ယောက်ရဲ့ ပန်းကန်ပြား ခြောက်ချပ်သာဖြစ်ခဲ့။
ထမင်းလုံး တစ္ဆေ ခြောက်တယ် … ။
နေရာတစ်ခုကို အလိုမရှိ
ငိုချင်မိတဲ့ သစ်အိုပင်ခြေရင်းက
မြက်တစ်ခင်းကို အခန်းကျဉ်းထဲသော့ပိတ်
အ
တို
အ
စ
ပုလင်းခွံ့တွေ ခပ်စိပ်စိပ် တိုးတိုးလာခဲ့ ... ။
ဆက်ပြောလို့မရတဲ့
လျှာအသားဖျားပေါ်က အာရုံခံတွေထုံထိုင်း
ယနေ့စာထဲမှာ ငါမပါခဲ့တာ ကိုးနှစ်ကြာ …။
အဓိပ္ပါယ်ကောက်လွဲသွားတဲ့
တစ်ကြောင်းဆွဲ ပန်းချီကားထဲမှာ
ပုရွတ်ဆိတ်တက်ထားတဲ့
အသဲတခြမ်းရွက်လွှင့် လွမ်းနေတယ် … ။
သူ ရပ်တန့်ပစ် ။ သူ အချိန်အတိအကျပြော ။
ဖောင်တိန်ဖွင့်ပြီးလက်မှတ်တွေမွေးမြူလိုက်မှ
ကြိုးပြေလွတ်သွားတဲ့ တိမ်က
ဂူနံရံမှာ လူးလားယောက်ယက်
အာရုံထဲက တဝေါင်းဝေါင်း သံတွေနှိမ့်စက် … ။
အဖျားပြောက်အနာပြောက်
အဓိပ္ပါယ်တွေ ဆုန်းဆုန်းတောက်လောင်
မှတ်ဉာဏ်တွေ မှောင်နေပြီ မှောင်နေပြီ … ။
။ … နေ … မှောင် … ပြီ …
နွေရာသီခပ်စောစောမှာ အတိုင်းအထွာ ၂၈နဲ့၂၉
အဖျားအနာက ငါ့နှလုံးသားကို
နေလုံးအဖြစ် သက်ဆင်းလောင်မြိုက်
ငါ့ပျော်ပိုက်ခဲ့သော …
။ … မီး
တံ
လျှပ် … ။
nelay
No comments:
Post a Comment