Pages

Saturday, June 9, 2012

ကပွဲ

ကပွဲ


ငါ့ဗုဒ္ဓ
ငါ က ဘုရား
ငါ က တရား
ငါ က မျက်လုံး
ငါ့ ပျက်လုံးတွေနဲ့
ငါ့ က ပွဲမှာ
ငါ က မင်းသား
ငါ က ဘုရင်
ငါ က မုတ္တမနဲ့
ငါ က အကန်း
ငါ က ပခမ်း
ငါ့ နှုတ်ခမ်းနဲ့
ငါ က ပန်းတွေ ပွင့်ပွင့်ခိုင်းပြီး
ငါ က အနံ့တွေခြွေလို့
အသေ ပန်းတွေ ဝေ
ငါ က မုဆိုး
ငါ က သားကောင်
ငါ က အဆိပ်
ငါ့ တောရိပ်မှာ အနီရောင်တွေ ခြောက်လို့
ငါ က တစ္ဆေ
ငါ က မြွေ
ငါ က ရေနဲ့
ငါ က လေ တွေ လိမ်တဲ့ အရပ်မှာ
ငါ က လူ
ငါ က ပလူနဲ့
ငါ က အခြားသူတွေကို တူစေတဲ့
ငါ က မိတ္တူ
ငါ က စက္ကူ
ငါ က စာအုပ်
ငါ က စာရွက်နဲ့
ငါ က ကဗျာ
ငါ့ ကပွဲ မှာ
ငါ က လက်ခုပ်တီးလို့
ငါ က ဇာတ်သိမ်း
ငါ က ဇာတ်လမ်း
ငါ က မင်းကိုယ်ထဲက နာမ်
ငါ က ဆိပ်ဖလူးပန်းတွေပွင့်တဲ့ အရပ်မှာနေ
ငါ့ အလိမ် ငါ့ အညာနဲ့
ငါ က ဘုရားဖူးထွက်တဲ့ မြွေပါပဲ
ငါ က ခေတ်
ငါ့ ခေတ် ငါ ပေါ်
ငါ့ ခေတ်ပေါ်
ငါ့ ခေတ် ငါ ကို ငါ ထင် ငါ ဟပ်
ငါ့ ခေတ်ကိုထင်ဟပ် လို့
လူတွေခေတ်လိုက်ရင်း
ငါ့ ကပွဲမှာ အရူးဇာတ်ကိုခင်းကြလိမ့်မယ်
ငါ့ အကာ ငါ့ အရံ
ငါ ဖျက်ဆီးလို့
ငါ ကလူတွင်ကျယ်ကြီးလုပ်ချင်နေရတယ်
ငါ က ကျေးဇူးတော်ရှင်
ငါ က သွားမတိုက်
ငါ က ပလုပ်မကျင်း
ငါ့ ခြေရင်းမှာ ငါ့အလင်း ငါတည်
ငါ့ ပွဲ ငါသိမ်း
ငါ့ မီးကို ငါငြိမ်းခဲ့တယ် ….. ။



nelay

Friday, June 8, 2012

ဟယ်လို Henri Amor

ဟယ်လို Henri Amor


အဲ့ဒီ့ တစ်ချောင်းတည်းသော ကြိုးပေါ်က ညနေဟာ
သိပ်ကြောက်စရာကောင်းတဲ့ အနက်ရောင် လမ်းမများပေါ်မှာပေါ့ Amor ….

ဘယ်လောက်တောင် ရှုံးနှိမ့်ထားရတဲ့
ကြောက်ရွံ့ခြင်းတွေလဲ

ဟယ်လို Henri Amor
အဲ့ဒီ့ တွင်းထဲကို ၀င်သွားမယ်ဆိုရင်
မင်းဘယ်ဖက်ကို သွားမှာလား ညာဖက်ကိုသွားမှာလား
လူ့အခွင့်အရေးတွေ အရဆိုရင်တော့
Henri မင်းဟာ နှစ်ဖက်လုံးကို သွားပိုင်ခွင့်ရှိပါတယ် …

ဒါပေမယ့် လူ့ကျင့်ဝတ်အနေနဲ့တော့
ငါတို့လက်ညှိုးတည့်တည့်မှာ အသီးတွေ အပွင့်တွေ
ဝေဆာနေတဲ့ အပင်ကြီးရှိပေမဲ့
ရေသောက်မြစ်ကြီး ကိုယ်တိုင်က အဆိပ်တွေ သောက်ဆုံးနေခဲ့ရင်
အဲ့ဒီ့ အသီးတွေ အပွင့်တွေဟာ အဆိပ်ရှိတယ်မဟုတ်လား Amor ….

အဆိပ်ဆိုတာ လူတွေကြောက်တဲ့
လူတွေ လက်မခံတဲ့
လူကိုသေစေနိုင်တဲ့ အရာဝတ္ထုတစ်ခုပေါ့ Amor ….

ဘယ်လောက်တောင် အနိုင်ရနိုင်ပါသလဲ
ဘယ်လောက်တောင် ရှုံးနှိမ့်နိုင်ပါသလဲ

ဟယ်လို Henri Amor
သင်အပြင်မှာ နေရဲပါသလား
အတွင်းမှာရော နေရဲပါသလား

ဘယ်နေရာကရော သင်ရဲ့ လုံခြုံမှုကို သင်ကိုယ်တိုင်ဖန်ဆင်းထားနိုင်သလဲ
Amor …..
မင်းစိတ်တွေ ရှုပ်ထွေး နိုင်ပါတယ် …..
မင်းအတွေးတွေ ရွေးခြယ်နိုင်ပါတယ် …..
ဒါဟာ မင်းရဲ့ပြိုင်ပွဲကို စတင်တော့မှာမို့ …
မလိုအပ်ခြင်းထဲက အသီးကိုသတ်
အပွင့်ကိုသတ်
အရွက်ကိုသတ်
အရိုးကိုသတ်
အခေါက်ကိုသတ်
အနှစ်ကိုသတ်
အပင်ကိုသတ်
အမြစ်ကိုသတ်

အောင်ပွဲဆိုတာ
သန့်စင်စရာ မလိုအပ်တဲ့
လိပ်ပြာအတုတွေ ဆင်မြန်းထားတဲ့
ခြပ်ဝတ်တန်ဆာများနဲ့ စူးရှနေတဲ့
အသွားထက်ထက် စိတ်ကူးအိပ်မက်များ ပိုင်းခြားထားတဲ့
ခန္ဓာကိုယ်ကြီးပေါ့ Amor …..

ဟယ်လို Henri Amor
ကွေ့ကောက်နေတဲ့ လမ်းတွေ တစ်လျှောက်
အန္တရယ်ဖြစ်နိုင်တဲ့နှုန်းနဲ့ ရှည်လျှားလှတဲ့ မိုင်ပေါင်းများစွာ
ခရီးကြမ်းတွေ ဖြတ်ရင်း အသုံးမ၀င်ဆုံး နေရာတစ်ခုကို
သွားမိမှာကြောက်နေပြီးလား Amor …..
ဒါဟာစောင့်စားရတဲ့ နေရာမျိုးပေါ့ …

သေသေချာချာ အသေးစိတ်ကြည့်ကြမယ်ဆိုရင်
အရာရာတိုင်းဟာ အပြစ်အနာစာတွေနဲ့ပြည့်နေတဲ့
ကွဲအက်ခြင်း ပိုင်ရှင်တွေပါပဲ Amor …..

တစ်ဘ၀လုံး သတိမရနိုင်တော့တဲ့ လူတစ်ယောက်ရဲ့ဘေးမှာ
ကဗျာတွေနေ့စဉ်တိုင်းရွတ်ဆိုနေခြင်းက မှတ်ဥာဏ်ကို ပြန်လည်နိုးကြားစေတယ်ဆိုတာ ဟုတ်ပါသလား Amor …..
အဲ့ဒါက ဟုတ်သလား မဟုတ်ဘူးလားဆိုတာကိုလဲ
စောင့်ဆိုင်းနေရခြင်းပါပဲ Henri Amor …

ဟယ်လို Henri Amor
ငါက မင်းရဲ့ မိသားစုဝင်မဟုတ်ပဲနဲ့
ဘာလို့ဒါတွေပြောနေသလဲလို့မေးနေတာလား Amor …..
ကံတရားက ဖိနပ်မပါပဲ နှစ်ပေါင်းများစွာ လေလွင့်နေခဲ့တယ် …
သူမေ့ကျန်ခဲ့တဲ့ ဖိနပ်ကလေးကို ငါ့ဧည့်ခန်းထဲက နေပြန်လာစီးသွားခြင်းဟာ
ငါတို့ မိသားစုဝင်တွေပဲဆိုတာကို ဖေါ်ပြနေတာပေါ့ Amor …..

ဟယ်လို Henri Amor
မကြားနိုင်တဲ့အရပ်ဆီက ထောင့်ချိုးမျိုးဆိုတာ
သိပ်ကို အရေးကြီးတဲ့ အရိပ်တွေပါပဲ Amor …..

Henri ….. လူတိုင်းက ဘာလို့
ဇာတ်သိမ်းလှလှကလေး ဖြစ်ချင်ကြတာလဲ ……
ဆရာဝန်ဖြစ်ဖို့လား
အင်ဂျင်နီယာဖြစ်ဖို့လား
အိုင်တီပညာရှင်ဖြစ်ဖို့လား
အဆိုတော်ဖြစ်ဖို့လား

မင်းဆိုရင်ရော Henri …..
အဆိုတော် မယားလုပ်မလား
အိုင်တီပညာရှင်ရဲ့ မယားလုပ်မလား
အင်ဂျင်နီယာ မယားလုပ်မလား
ဆရာဝန် မယားလုပ်မလား

ဒါတွေက အရေးမကြီးပါဘူး Henri …..
စကားလှအောင် လျှောက်သုံးနေတဲ့
ခေတ်ပျက် ဘမ်းစကားကြီးမဟုတ်လား

Henri ….. ငါတို့သောက်ခဲ့တဲ့ ဆေးတွေထဲမှာ
ငါတို့ရဲ့ ကျန်းမာရေးတွေရှိတယ်
Henri ….. ငါတို့ ပြောက်ခဲ့တဲ့ အရာတွေထဲမှာ
ငါတို့ရဲ့ မျှော်လင့်ခြင်းတွေရှိတယ်
ဒါဆို ငါတို့ရဲ့ ကမ်းခြေမှာ ငါတို့ခြေရာတွေ
ရပ်စောင့်နေကြတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ Henri …..




nelay


မေဦးပေါက်တဲ့ စာကလေး

မေဦးပေါက်တဲ့ စာကလေး


မန်းမြို့တော် ပေါက်စီဖင်မှာ ကပ်နေတဲ့
စက္ကူစ ကို ခွာလိုက်တဲ့ အခါ အသားတွေ ပဲ့ပါသွားလို့
နှမျောနေတဲ့ လေသံနဲ့

ခင်ဗျားက
မန္တလေးတောင် တက်လိုက်
စစ်တောင်းမှာ ဒိုင်ဗင်ပစ်လိုက်

ခဏခဏ ခိုးခိုးစားရလို့
လက်မရွံ့တော့တဲ့ တရားဝင် သခိုးကြီးများ

မူး တစ်ရာ
မတ် တလှည့်

ဟယ်လို … တက်စ်တင် .. ၀မ်း .. တူး .. သရီးးးး
လော်စပီကာကိုပဲ အသံညှိလို့ မပြီးနိုင်ဘူး

သက်တန်းကုန်သွားတဲ့ လက်မှတ်တွေပဲ
ထိပ်တွေဖြဲဖြဲ နေရတယ် …

မကြားမှာ စိုးလို့
ကုန်ကုန်အော်နေရတဲ့
အမျှတွေလဲ မရနိုင်ဘူး …

တော်လှန်ရေးကိုမှ ထမီဝတ်ပြီး
လုပ်လုပ်ပြနေရတော့
မိုးလင်းခါစ ဖြတ်သွားတဲ့ ရထားဘေးက
ခွေးတွေပဲ အူအူ အူ လို့ မဆုံးနိုင် …

လက်ခေါက်ကို မှုတ်ပြီး ခေါ်နေတာလဲ မကြား
လက်ခုပ်ကို နာနာတီးပြီး ခေါ်နေတာလဲ မကြား
နာမည်ကို အကြီးကြီးပေါင်းပြီး ခေါ်နေတာလဲ မထူး
ဒါဆိုရင်တော့
ချင်းတွင်း လေထဲက ငှက်တွေပဲ အသံကုန်သွားပုံရတယ် …

ငါ့ဘုံကို ငါပြန်ရှုကြည့်တော့
မခြောက်သေးတဲ့ လောက်စာလုံးကို
ဂွစောင်းနေတဲ့ လေးနဲ့ တင်မိမှတော့
ဘယ် မီးငှက်ကိုများ မိချင်နေသေးတဲ့ …

သောင်ပြင်ဖွေးဖွေးပေါ်က အစိမ်းရောင်ခြေရာတွေလဲ
ရေတက်ရင်တောင် ဖြတ်ချင်လို့ မပျက်နိုင်တော့ဘူး ..

ချစ်လို့ မရ
မုန်းလို့ မရ

အဲ့ဒီ့ သူတောင်းစား ကလေးတွေပဲ
ကမ္ဘာကို ပြပြ ပြီး တောင်းစားနေရတဲ့
ကိုယ့်ဒူးကိုယ်ချွန်ခေတ်တွေလဲ ကုန်ကုန်နေရတယ် …

မျက်လုံးအစုံကို လေတိုးတဲ့ ဖက်
နဲနဲ ကလေးလှည့် မယ်မှ မကြံသေးဘူး
နားထဲက လေတွေ ထွက်လိုက်တာမှ တ ဟူး ဟူး

ငါမုန်းတဲ့ သ နံ နဲ့ ထ နံကို
မေတ္တာတော်ပို့စေဖို့
ရန်ကုန်တက်ပြီး ဘုရားရှာသော်လည်း မတွေ့ …

ဘကြီးတော်ရဲ့ မိန်းမယုတ်တွေ
ပြန်ပြန်စဉ်းစားတိုင်း
ငါနဲ့ မဆိုင်တဲ့ အုတ်ကျိုးတွေပဲ
ပြန်ပြန်စီလို့ မကုန် ….

အခြားဘုံက
မိန်းမ များ တွေ့ရင်
လှည်းခင်းတစ်ရာ
ရေတစ်မှုတ်နဲ့ ခြေဆေးဖို့
ဖုန်လုံးတွေရှုပ်စေခဲ့ဖို့
အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို
မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ် ….

တိရစ္ဆာန်မွေးပါ
သစ်ပင်စိုက်ပါ
ဒါတွေက
သေခါနီးမှ လုပ်ရမယ်လို့
ဘယ်သူက မှားထားခဲ့လို့
ပြိုနေတဲ့ မိုးကို မနက်တစ်ခင်းစာနဲ့
ပြန်ပြန် ဆောက်ဖို့
ဓါးလိုတယ်
တုတ်လိုတယ် ပဲ အော်အော်နေကြတယ် …

စောက်ကလေးတွေ
နင်တို့ ကိုယ်တိုင်လာ လုပ်ကြပါလား
ငါ့မှာ လက်မအားသေးဘူး …

မေဦးပေါက်က
စာကလေးတွေ အိမ်ရှေ့မှာ
လာလာ အော်နေကြတာ
စောက်ရမ်း နားညီးလွန်းလို့
ဘီဘီစီတို့
အာဖက်အေတို့ကို
အကျယ်ကြီးဖွင့်ဖွင့် ထားတဲ့ အဘိုးကြီးက
လေ မကုန်သေးတဲ့ လေသံနဲ့
သူက အင်တာနက်ပေါ်မယ် တက်မယ်ဖွမယ်ပဲ တဂဲဂဲလုပ်နေကြတယ် …

လူကြီးကြိုက်နဲ့
လူငယ်ကြိုက်
ဘယ်ဟာကို လိုက်လုပ်ရမယ်မှန်းမသိတဲ့
ကဗျာ အထီးတွေ ကဗျာ အမတွေပဲ
အဲ့ဒီ ရေလုံပြုတ်ခွက်ထဲမှာ ပေါ်ပေါ်လာတယ် …

ဒါနဲ့
ခွေးရူးတစ်ကောင် လွတ်သွားတဲ့
လောကထဲက ညနေခင်းကြီးကို
ငါက သွားသွား ကြီးမြတ်နေရတယ် …

ထုံးစံအတိုင်း
သူတို့လိုပြောချင်ရာပြောနေရဖို့
မိုက်ခွက်ကြီးကြီးကို ရှာရအုံးမယ်လို့
ရွာဦးကျောင်းက ကျပ်မပြည့်တဲ့ ကိုရင်ကြီးက
မကျည်းပင်အောက်မှာ ကွေးရင်း တွေးနေတယ် …

အရှေ့တိုင်းဆန်တာတွေ ပါရမယ်ဆိုလို့
ပုဂံက ဖြတ်ခိုးလာတဲ့ ဘုရားခေါင်းတွေကို
သူ့အိမ်မှာအလှဆင်ဖို့
ငါ့ဟိုတယ်မှာ အလှထားဖို့
လာလာလုနေကြတဲ့
မေဦးပေါက်က စာကလေးတွေအတွက်
ငါ့အိမ်ရှေ့က ကွင်းပြင်မှာ
ဆန် တွေ ပဲ ကွဲ ကွဲ ပြီး ကျဲ နေရတယ် …. ။



nelay