စက္ကူစ ကို ခွာလိုက်တဲ့ အခါ အသားတွေ ပဲ့ပါသွားလို့
နှမျောနေတဲ့ လေသံနဲ့
ခင်ဗျားက
မန္တလေးတောင် တက်လိုက်
စစ်တောင်းမှာ ဒိုင်ဗင်ပစ်လိုက်
ခဏခဏ ခိုးခိုးစားရလို့
လက်မရွံ့တော့တဲ့ တရားဝင် သခိုးကြီးများ
မူး တစ်ရာ
မတ် တလှည့်
ဟယ်လို … တက်စ်တင် .. ဝမ်း .. တူး .. သရီးးးး
လော်စပီကာကိုပဲ အသံညှိလို့ မပြီးနိုင်ဘူး
သက်တန်းကုန်သွားတဲ့ လက်မှတ်တွေပဲ
ထိပ်တွေဖြဲဖြဲ နေရတယ် …
မကြားမှာ စိုးလို့
ကုန်ကုန်အော်နေရတဲ့
အမျှတွေလဲ မရနိုင်ဘူး …
တော်လှန်ရေးကိုမှ ထမီဝတ်ပြီး
လုပ်လုပ်ပြနေရတော့
မိုးလင်းခါစ ဖြတ်သွားတဲ့ ရထားဘေးက
ခွေးတွေပဲ အူအူ အူ လို့ မဆုံးနိုင် …
လက်ခေါက်ကို မှုတ်ပြီး ခေါ်နေတာလဲ မကြား
လက်ခုပ်ကို နာနာတီးပြီး ခေါ်နေတာလဲ မကြား
နာမည်ကို အကြီးကြီးပေါင်းပြီး ခေါ်နေတာလဲ မထူး
ဒါဆိုရင်တော့
ချင်းတွင်း လေထဲက ငှက်တွေပဲ အသံကုန်သွားပုံရတယ် …
ငါ့ဘုံကို ငါပြန်ရှုကြည့်တော့
မခြောက်သေးတဲ့ လောက်စာလုံးကို
ဂွစောင်းနေတဲ့ လေးနဲ့ တင်မိမှတော့
ဘယ် မီးငှက်ကိုများ မိချင်နေသေးတဲ့ …
သောင်ပြင်ဖွေးဖွေးပေါ်က အစိမ်းရောင်ခြေရာတွေလဲ
ရေတက်ရင်တောင် ဖြတ်ချင်လို့ မပျက်နိုင်တော့ဘူး ..
ချစ်လို့ မရ
မုန်းလို့ မရ
အဲ့ဒီ့ သူတောင်းစား ကလေးတွေပဲ
ကမ္ဘာကို ပြပြ ပြီး တောင်းစားနေရတဲ့
ကိုယ့်ဒူးကိုယ်ချွန်ခေတ်တွေလဲ ကုန်ကုန်နေရတယ် …
မျက်လုံးအစုံကို လေတိုးတဲ့ ဖက်
နဲနဲ ကလေးလှည့် မယ်မှ မကြံသေးဘူး
နားထဲက လေတွေ ထွက်လိုက်တာမှ တ ဟူး ဟူး
ငါမုန်းတဲ့ သ နံ နဲ့ ထ နံကို
မေတ္တာတော်ပို့စေဖို့
ရန်ကုန်တက်ပြီး ဘုရားရှာသော်လည်း မတွေ့ …
ဘကြီးတော်ရဲ့ မိန်းမယုတ်တွေ
ပြန်ပြန်စဉ်းစားတိုင်း
ငါနဲ့ မဆိုင်တဲ့ အုတ်ကျိုးတွေပဲ
ပြန်ပြန်စီလို့ မကုန် ….
အခြားဘုံက
မိန်းမ များ တွေ့ရင်
လှည်းခင်းတစ်ရာ
ရေတစ်မှုတ်နဲ့ ခြေဆေးဖို့
ဖုန်လုံးတွေရှုပ်စေခဲ့ဖို့
အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို
မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ် ….
တိရစ္ဆာန်မွေးပါ
သစ်ပင်စိုက်ပါ
ဒါတွေက
သေခါနီးမှ လုပ်ရမယ်လို့
ဘယ်သူက မှားထားခဲ့လို့
ပြိုနေတဲ့ မိုးကို မနက်တစ်ခင်းစာနဲ့
ပြန်ပြန် ဆောက်ဖို့
ဓါးလိုတယ်
တုတ်လိုတယ် ပဲ အော်အော်နေကြတယ် …
စောက်ကလေးတွေ
နင်တို့ ကိုယ်တိုင်လာ လုပ်ကြပါလား
ငါ့မှာ လက်မအားသေးဘူး …
မေဦးပေါက်က
စာကလေးတွေ အိမ်ရှေ့မှာ
လာလာ အော်နေကြတာ
စောက်ရမ်း နားညီးလွန်းလို့
ဘီဘီစီတို့
အာဖက်အေတို့ကို
အကျယ်ကြီးဖွင့်ဖွင့် ထားတဲ့ အဘိုးကြီးက
လေ မကုန်သေးတဲ့ လေသံနဲ့
သူက အင်တာနက်ပေါ်မယ် တက်မယ်ဖွမယ်ပဲ တဂဲဂဲလုပ်နေကြတယ် …
လူကြီးကြိုက်နဲ့
လူငယ်ကြိုက်
ဘယ်ဟာကို လိုက်လုပ်ရမယ်မှန်းမသိတဲ့
ကဗျာ အထီးတွေ ကဗျာ အမတွေပဲ
အဲ့ဒီ ရေလုံပြုတ်ခွက်ထဲမှာ ပေါ်ပေါ်လာတယ် …
ဒါနဲ့
ခွေးရူးတစ်ကောင် လွတ်သွားတဲ့
လောကထဲက ညနေခင်းကြီးကို
ငါက သွားသွား ကြီးမြတ်နေရတယ် …
ထုံးစံအတိုင်း
သူတို့လိုပြောချင်ရာပြောနေရဖို့
မိုက်ခွက်ကြီးကြီးကို ရှာရအုံးမယ်လို့
ရွာဦးကျောင်းက ကျပ်မပြည့်တဲ့ ကိုရင်ကြီးက
မကျည်းပင်အောက်မှာ ကွေးရင်း တွေးနေတယ် …
အရှေ့တိုင်းဆန်တာတွေ ပါရမယ်ဆိုလို့
ပုဂံက ဖြတ်ခိုးလာတဲ့ ဘုရားခေါင်းတွေကို
သူ့အိမ်မှာအလှဆင်ဖို့
ငါ့ဟိုတယ်မှာ အလှထားဖို့
လာလာလုနေကြတဲ့
မေဦးပေါက်က စာကလေးတွေအတွက်
ငါ့အိမ်ရှေ့က ကွင်းပြင်မှာ
ဆန် တွေ ပဲ ကွဲ ကွဲ ပြီး ကျဲ နေရတယ် …. ။
nelay
No comments:
Post a Comment