Pages

Friday, January 17, 2014

မိုးဇက် မြို့ရောက်တော့ သူ့အဖေဆီ ဒီလို စာရေးတယ်

မိုးဇက် မြို့ရောက်တော့ သူ့အဖေဆီ ဒီလို စာရေးတယ်



သက်ရှိသက်မဲ့ ရုပ်ဝါဒီနဲ့ တစ်ယောက် ၀ဋ် ကို တစ်ယောက်ပြန်ကြည့်ပါတယ်
တစ်ယောက် အနာ ကို တစ်ယောက်အကြွေးလဲပြီး မိဘတွေကို ဒူးထောက်ရှိခိုးဦးချပါတယ်

ကိတ်မုန့်ပေါ်မှာ ယင်မနားအောင် ဖယောင်းတိုင်ထွန်းပြီး လေတွေစုလို့ အားရပါးရမှုတ်ထုတ်ပါတယ်
ကျောကုန်းအမဲပေါ်က ဆေးပျယ်နေတဲ့ လူကူးမျဉ်းကျားပေါ် ငါတို့လက်ကိုမြဲမြဲတွဲလို့ ကူးပါတယ်

နတ်ဆိုးတွေကို ပြုစုယုယပြီး အလှူခံကိုလည်း ငွေတွေ ထည့်ပါတယ်
ပင်လယ်ပြင်ပေါ် ဖြတ်တိုက်လာတဲ့လေတွေကို ရှုရှိုက်ပြီး အနာဂတ်မရှိတဲ့ အိပ်မက်ကိုနှစ်နှစ်ခြိုက်ခြိုက်မက်ပါတယ်

Restart ခလုတ်ကို ခဏခဏ နှိပ်ပြီး ဘ၀ကို ခဏခဏပြန်စဖို့ ပါးစပ်တွေအကျယ်ကြီးဟ လို့ ပြုံးပါတယ်
သိပ်ချစ်တယ်ဆိုတဲ့ စကားကို လိုအပ်မှပြောတတ်ဖို့ ကင်ဆာရောဂါပါတဲ့ အစားအစာကို တစ်ပတ် တစ်ခါမှန်မှန်စားပါတယ်

ကဗျာတွေမှာပါတဲ့ ဂီတအသံကို လူတွေမကြားအောင် တီးတတ်ဖို့ နှလုံးသားကို လူ့အဖွဲ့အစည်းထဲက ထုတ်ထားပါတယ်
အမြင်အာရုံကို အကြားအာရုံ နဲ့ ဖျော်ဖြေတင်ဆက်ရင်း ဖုန်းဘက်ထရီကိုလဲ အားမှန်မှန်သွင်းထားပါတယ်

ကျေးဇူးတရားကို ကိုယ့်အရပ်နဲ့တိုင်းပြီး ၅ပေ ၇လက်မ ဗီနိုင်းနဲ့ ပရင့်ထုတ်လို့ ဘုရားကျောင်းတော်အောက်မှာ ကပ်ထားပါတယ်
မိန်းမယူဖို့နဲ့ မိဘလုပ်ကြွေးဖို့ အိပ်မက်အလယ်က Volume ကိုလဲ အဆုံးထိတင်လို့ ချဲ့ထားပါတယ်

မြို့ပြ လူနေမှုမှာ ပျဉ်းရိညီးငွေ့လာရင် မျောက်ပွဲတွေ ကြည့်ဖို့နဲ့ အောက်လမ်းက ကားကိုစီးဖို့တစ်ခါတစ်ခါစိတ်ကူးမိပါတယ်
မြို့လယ်ခေါင်မှာ တိုက်တွေပေါ်မှာ တိုက်တွေကြားမှာ ဓါတ်လှေကားမှာ စက်လှေကားမှာ ဘုရားပေါ်မှာ အလုပ်ခန်းထဲမှာ တီဗီရောင်းတဲ့ဆိုင်မှာ ကွမ်းယာဆိုင်မှာ ဖုန်းရောင်းတဲ့ဆိုင်မှာ အခပေးအိမ်သာထဲမှာ ရုပ်ရှင်ရုံမှာ ၁၉လမ်းမှာ ကျန့်တိတ်တရုတ်ကျောင်းမှာ အမျိုးသားစာကြည့်တိုက်မှာ စာပေဗိမာန်မှာ ရုပ်ရှင်အစည်းအရုံးမှာ ကားပွဲစားတန်းမှာ ခြံနဲ့ဝင်းနဲ့ ၀က်သားဒုတ်ထိုးဆိုင်ထဲမှာ အဖေ တွေများလို့ ဘယ်သူ့ အဖေခေါ်ရမလဲ စိတ်ကို မွေးထားပါတယ်

အဖေ မသိတဲ့ Facebook  ပေါ်မှာ လူတွေအမှန်တကယ်မျိုးပွား နေကြောင်း နောက်တစ်စောင်မှာ ရေးလိုက်ပါ့မယ်
အပေါင်းအသင်း နဲ့ ရောင်းရင်းနဲ့ စားလို့ရတဲ့ အဟာရကို MRTV4 က လာ ဗျူးရင်ဖြေဖို့ ပွဲမှန်သမျှကိုလဲ မှန်မှန်တက်ပါတယ်

လူတွေ စိတ်ဆင်းရဲပြီး ဒုက္ခရောက်မှ ရာထူးတက် လစာကောင်းတဲ့ ဘစ်ဇစ်နပ် သီဝရီကို ကမ္ဘာပြုကျမ်းထဲမှာ မတွေ့ပေမယ့် ဒီမြို့ မှာတွေ့လိုက်ရလို့ အဖေ့ကိုပြဖို့ ဖုန်းနဲ့ဓါတ်ပုံရိုက်ပြီး ဒီစာနဲ့ အတက်ခ်ျ လုပ်လိုက်ပါတယ်

စာဖတ်ရတာ စိတ်မရှည်တဲ့ အဖေ့ စိတ်ကိုသိလို့ တချို့ နာမ၀ိသေသနတွေ နာမ်စားတွေဖြုတ်ထားခဲ့ပါတယ်
စောက်သုံးမကျတဲ့ သားစာကို ဖတ်ပြီး စွတ်မယုံဖို့လဲ မှားချင်ပါတယ်



nelay

No comments: