Pages

Friday, May 29, 2009

ငါး လ ပိုင်း Ver:29



လေယာဉ်ပျံတွေ ကို ခြေရာကောက်ဖို့
ရေဒါ တွေ ကို တီထွင်နိုင်ခဲ့ကြရင်
ဘာလို့ နှလုံးသားကို ခြေရာကောက်ဖို့
စိတ်တွေကို မတီထွင် နိုင်ကြတာလဲ
အလွမ်းဆိုတာ သင်္ချိုင်းတစ်ခု ဆိုရင်
မြေဖို့ထားတဲ့ အောက်မှာ နှလုံးသားတွေ
ဘယ်လောက်ကျယ်လောင်နေမလဲ
လူတွေဟာ နာရေး သတင်းတွေကို
အခုထိ ခုန်မင် တက်မက်နေတုန်းပါပဲ
သူမ အိပ်မက်ထဲက ကဗျာတချို့ကိုတော့
ငါ အခု ထိ စာ မဆို နိုင်သေးပါဘူး
ပန်းပွင့်တွေ နားမှာ
ငါက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ မှုတ်ထုတ်ပေမဲ့
သူတို့တွေက အခုထိ
ငါ့အတွက် အောက်ဆီဂျင်တွေ ထုတ်ပေးနေတုန်းပါပဲ
အစီအစဉ်တွေဟာ အကြောင်းအရာတွေပေါ်မှာ
တစ်ခါမှ မလွဲချော်ခဲ့တဲ့ လင်းသန့်လွန်း မြင်ကွင်းတွေ
လေယာဉ်ပျံတွေ ငါ့အရှေ့က ခဏခဏတက်တက်သွားတာ
သိပ်မကောင်းတဲ့ ခဲဖျက် နဲ့ မဲညစ်ညစ် ဖျက်လိုက်တာပဲ
မိုးတွင်း ဟာ ငါးမတွေ့တဲ့ကာလကိုပဲ
အဖန်တလဲလဲ အထူးပြုနေတော့တယ်
ကွန်ပြူတာထဲက အသံအတိုးအချဲ့ ခလုတ်ပေါ်မှာ
သွေးစွန်းနေတဲ့ လက်ဗွေရာတွေရှိတယ်
ဖြစ်နိုင်ရင် ငွေကုန်ကြေးကျ သိပ်များတဲ့
လူ့ဘဝကြီးကို ပြန်အမ်းလိုက်ချင်ပါတယ်



nelay





Saturday, May 16, 2009

သေတမ်းစာ မင်းခိုက်စိုးစန် (စတိုင်သစ်၊သြဂုတ်၊၁၉၉၇)



လွန်ခဲ့ တဲ့ ၂၀၀၀ ၊ ၂၀၀၁ လောက်တုန်းက စတိုင်သစ်မှာ ဖတ်ခဲ့ ဖူးတဲ့ စာ ကို စာအုပ်ထဲ ချ ကူးနေတဲ့ ကျနော်ဟာ ၂၀၀၇ မှာ mmcpcommunit.net ဆိုတဲ့ Forum မှာ ပြန်ရိုက်တင်ပေးခဲ့ပါတယ် ။ မနေ့က စာအုပ်ဆိုင်မှာ မင်းခိုက်စိုးစန်ရဲ့  သေတမ်းစာ ဆိုတဲ့ စာအုပ်ကလေးကို ဝယ်ခဲ့တယ် အဲ့စာအုပ်ထဲမှာ စတိုင်သစ်က ဒီ သေတမ်းစာ လေး ပါနေတယ် ။ အခု FB မှာ ပြန်လာသိမ်းတယ် ။


nelay

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~






သေတမ်းစာ
မင်းခိုက်စိုးစန် (စတိုင်သစ်၊သြဂုတ်၊၁၉၉၇)



တစ္ဆေတွေဟာ သူတို့ရဲ့ မှတ်ပုံတင်ကဒ်ပြားတွေကို လွှင့်ပစ်လိုက်ကြတယ်။
သိပ်ကြေကွဲဘို့ကောင်းတယ် . . .၊ ကြည့်စမ်း . . .၊တစ္ဆေတွေတစ်ကောင်နဲ့တစ်ကောင်
ဆုံမိတဲ့အခါများဆိုရင် ကိုယ့်မျက်နှာကိုယ်လက်ညှိုးထိုးပြီး
'ငါ ... ဘာကောင်လဲ' ၊'ငါ ...ဘာကောင်လဲ' လို့အချင်းချင်းမေး မေးနေကြတာ။

မည်းမှောင်အေးစက်နေတဲ့ချောက်ခြားမှုတွေ တဝုန်းဝုန်းပြိုကျ၊
ကျပ်ညပ်နေအောင်ပိတ်ဆို့ပစ်လိုက်သလိုခံစားနေရ၊
ဆောင့်ကြီးအောင့်ကြီးဖွာရိုက်လိုက်တဲ့စီးကရက်လိုမျို းပေါ့

တစ္ဆေတွေရဲ့ဘဝတွေတရှဲရှဲတိုဝင်သွား၊
မီးရဲရဲတွေ ဘဝတွေ . . . ဘယ်တော့အစီခံရောက်လေမလဲ...
သတ္တိရှိရှိကြောက်လန့်နေရရှာ . . .
တစ္ဆေတွေ ...
တကယ်ပြောတာပါ။တစ္ဆေတွေဟာ သူတို့ကိုသူတို့လိုက်လံရှာဖွေနေကြရဲ့။

ဒီနေရာမှာ ... တစ္ဆေတွေဘာဖြစ်သွားတာလဲဆိုတာမပြောခင်လူနှစ်ယောက်အကြော င်း
အရင်မိတ်ဆက်ပေးထားဘို့တော့လိုမယ်ထင်တယ်
တစ်ကယ်ပါ။တစ္ဆေတွေရဲ့အိပ်မက်ကိုဂျူတီလဲပေးခဲ့တာသူတို့နှစ်ယောက် ပေါ့။
ဒါကြောင့်ဒီဇာတ်လမ်းမှာ သူတို့နှစ်ယောက်ကသိပ်အရေးကြီးတယ်။
အင်း ...မတော်တဆ အရေးကြီးသွားလိုက်ပုံများမတော်တဆထက်တောင်မှ
ပိုပြီးမတော်တဆဖြစ်နေသေးရဲ့။

သူတို့နှစ်ယောက်ကဘယ်လိုကဘယ်လိုတွေဆုံပြီးမိတ်ဆွေဖြစ် လာခဲ့ကြသလဲ
ဆိုတဲ့မေးခွန်းကိုတော့မမေးနဲ့။မသိဘူး ...
ဟုတ်တယ် . . . သူတို့နဲ့ပတ်သက်လို့အစောပိုင်းက အဖြစ်အပျက်တွေကို
သိတဲ့သူတစ်ယောက်မှမရှိပါဘူး။

သူတို့ဆိုတာ ... ပေါ်ဦးနဲ့ဘဒုတ်။


။ ။ ဝ)(ဝ ။ ။

ပြောရဦးမယ်။ပေါ်ဦးကသိပ်ကိုခေါင်းကောင်းတဲ့အကောင်၊စဉ်းစားတွေးခေါ် တတ်တာကို
ပြောတာပါ။ဘယ်လိုကိစမျိုးနဲ့ပတ်သက်လို့မဆို၊သူကောင်းကောင်းနှံ့ စပ်တယ် ...
ကျွမ်းကျင်တယ်။တွေးတတ်ခေါ်တတ်ဆင်ခြင်တတ်တယ်။ သူသုံးသပ်လို့ရတဲ့အဖြေ၊
ချလိုက်တဲ့ဆုံးဖြတ်ချက်ဆိုတာဘယ်တော့မှမှားတယ်လို့မရှ ိဘူး။အဲ ... စဉ်းစားတဲ့အခါ
နည်းနည်းပါးပါးအချိန်တော့ယူရတာပေါ့လေ။
တစ်ခုပဲ ... ဝမ်းနည်းစရာကောင်းတာက . . . သူဟာမျက်စိကောနားပါပျက်စီးနေတဲ့
ဒုက္ခိတ တစ်ယောက်ဖြစ်နေရတာပါပဲ။ဟုတ်တယ် ...
ပေါ်ဦးခင်ဗျာ မျက်စိကန်းနေရှာရဲ့။ နားကတော့လုံးလုံးမကြားရုံတမယ်ပဲ
အတော်ကြီးအော်ပြောနိုင်မှကြားရတာ။

။ ဝ)(ဝ ။



နောက်တစ်ယောက်က ... ဘဒုတ်။

ဟာ . . . ဒီကောင်ကတော့ မျက်စိကော နားကောကောင်းသလားမမေးနဲ့။
အေးလေ ... ကောင်းလို့လည်းသူကဦးဆောင်ပြီး တွဲသွားတွဲလာခေါ်နိုင်တာပေါ့။
နို့မဟုတ်ရင် နှစ်ယောက်စလုံးဒုက္ခရောက်ရချည်ရဲ့။အင်း . . .
အခုလည်းတစ်ခါတစ်ခါနည်းနည်း ပါးပါးတော့ဒုက္ခရောက်တာပါပဲ။

ဟုတ်တယ် . . . ဘာဖြစ်လို့လဲဆိုတော့ ... ဒီ . . . ဘဒုတ်ဆိုတဲ့ကောင်က
ဦးနှောက်ဆိုလို့ တစ်ရွေးသားမှရှိတာမဟုတ်ဘူး။ လုပ်လိုက်မှဖြင့်
အကုန်လုံးတလွဲချည်း။သူများပြောရင် ... ပြောသမျှယုံတယ်။ခိုင်းသမျှလုပ်တယ်။
ကဲ . . . ဒီလိုကောင်ကလည်းလောကမှာရှိသေးရဲ့။

တစ်ခုတော့ရှိတယ်။ဒီကောင်က ပေါ်ဦးကိုတော့အားကိုးရကောင်းမှန်းသိသား။
ပေါ်ဦးကိုပြောပြတိုင်ပင်တယ်။ပေါ်ဦးအကြံပေးတဲ့အတိုင်းလိုက်နာတယ်။
ဘာပဲဖြစ်ဖြစ် ပေါ်ဦးကဖြူရင်ဖြူပဲ။ပေါ်ဦးကမည်းရင်မည်းပဲ။

ပေါ်ဦးကလည်း ဘာမှမမြင်ရ ... မကြားရရှာလေတော့အဲဒီကောင်ဘဒုတ်ကိုပဲ
လက်ကတောင်ဝှေးလုပ်ပြီး ဟိုနားသည်နားသွားလာလုပ်ကိုင်နေရတာ
ဘဒုတ်မြင်သမျှကြားသမျှပြောပြ။ပေါ်ဦးနားထောင်ပြီးအဖြေထုတ်။
သွားချင်လာချင်ရင်ဘဒုတ်ကပေါ်ဦးကိုတွဲခေါ် ... အင်း ....။
သူတို့နှစ်ယောက်အဘို့အဆင်ကတော့ပြေသား။

အင်းပါ။ဥပမာပြောပြမယ်လေ။
ဒီလို . . .။


။ ။ ဝ)(ဝ ။ ။

တစ်ည ...ပေါ်ဦးနဲ့ဘဒုတ်လမ်းလျှောက်လာကြတယ်။ပေါ်ဦးရဲ့လက်ကိုဘဒုတ်ဆွဲလို့။
ပေါ်ဦး ခင်ဗျာလည်းစမ်းစမ်း . . . စမ်းစမ်း။ ဘဒုတ်ကဟိုကြည့်သည်ကြည့်
သည်ကြားထဲ ... ပေါ်ဦးကမေး။ သူကပြန်ဖြေရသေး။ နှစ်ယောက်စလုံးအဘို့
မသက်သာရှာပါဘူး။ အဲ . . . အဲဒီအချိန်မှာဘဒုတ်က

'' ဟေ့ကောင် ပေါ်ဦး ... ငါတို့ဆီကို သတ္တဝါတစ်ကောင် ပြေးလာနေတယ်ကွ''
ပေါ်ဦး စဉ်းစားရပြီး။ အင်း ဍ အချက်အလက် စုံလင်အောင်ဘဒုတ်ကိုပြန်မေးရမှာပဲ

'' ဘယ်လိုအကောင်မျိုးလဲကွ၊ ပြေးလာတာတော်တော်မြန်လား ''
'' အေး၊ မြန်သားကွ။ဒီကောင်ကကွာ ... ဟိုဒင်း ... သိပ်အကောင်ကြီးကြီးတော့
မဟုတ်ဘူး ... ခပ်ရွယ်ရွယ်ပဲ။ အရောင်ထွက်နေတဲ့မီးလိုအလုံးကြီး နှစ်လုံးကိုင်လာ
တယ် ''

ပေါ်ဦးအဘို့တော့တွေးလေ ... နက်ရှိုင်းလေဖြစ်နေပြီ။
'' အဲဒီအလုံးနှစ်လုံးက တစ်ညီတည်းတစ်ရွယ်တည်းပဲလား၊
နောက်ပြီးဘာအရောင်ရှိလဲ ''
'' တစ်ညီတည်းပဲကွ၊ အရောင်ကအဝါရောင် ''
ပေါ်ဦးကဆက်မေးလေရဲ့။
'' အခုလိုပြေးလာတုန်း ဒီအလုံးနှစ်လုံးရဲ့အချင်းချင်းအကွာအဝေးကပြောင်းလဲမှုရ ှိလား
အရင်က အကွာအဝေးအတိုင်းပဲလား။ ''
'' အရင်အတိုင်းပဲကွ။ ဟော ... ငါတို့ဆီတည့်တည့်ပြေးလာနေပြီ ''
'' ဒီမယ်ဘဒုတ်၊ ငါမေးတာကိုသေသေချာချာ စဉ်းစားပြီးဖြေစမ်း
အဲဒီကောင်က အော်တတ် အသံမြည်တတ်သလား ''
'' အေး၊ အခုအော်ရင်းပြေးလာတာကွ၊ ဟော ... ငါတို့ဆီတည့်တည့်လာနေပြီး ''
'' ဘယ်လိုအော်သလဲကွ ''
'' တဗျီးဗျီးနဲ့ အော်လာတယ်။ တစ်ချက်တစ်ချက်မှာလည်း တီတီ ..ပွမ်ပွမ် လို့ထ
အော်သေးတယ် ''

ပေါ်ဦးလန့်သွားပြီး ငယ်သံပါအောင် ကြုံးအော်လိုက်လေရဲ့ ။
'' ဟိုက် !!!! ဘဒုတ် . . . ရှောင် . . . ရှောင်၊ နင့်မေကလွှား . . . အဲဒါ
မော်တော်ကားဟဲ့ ''
ဆောရီးပဲ၊ နည်းနည်းလေးနောက်ကျသွားတယ်။ တော်သေးတာပေါ့ . . . ကားသမားကအရှောင်မြန်
လို့တည့်တည့်ကြီးမတိုက်ဘဲ မော်တော်ကားနဲ့ပွတ်ရုံလေးပွတ်မိသွားတာ။
နှစ်ယောက်သား . . . လမ်းဘေးမှာခွေခွေလေး . . . လဲနေကြရှာလေရဲ့။

။ ။ ဝ)(ဝ ။ ။

ဘဒုတ်ကမျက်စိကော နားကောကောင်းတယ်။သိပ်ကောင်းတယ်။သေချာတယ်။
ပေါ်ဦးကလည်းသိပ်ကိုဦးနှောက်ကောင်းတဲ့ကောင်ပါ။မယုံမရှိနဲ့။
ဒါပေမဲ့ . . . အဆက်အသွယ်တွေအပြန်အလှန်လုပ်၊ ဆန်းစစ်ချက်တွေထုတ်နေရတာနဲ့ပဲ . . .
အဲဒီလိုနောက်ကျသွားခဲ့ရပေါင်းမနည်းတော့ဘူးလေ။


။ ။ ဝ)(ဝ ။ ။


ကံကြမ္မာဟာ အိပ်မက်ကိုဂျူတီလဲပေးတတ်တယ်။
ဟုတ်တယ် . . . စိတ်ကူးယဉ်ချင်စရာ ကောင်းလောက်အောင်ကံဆိုးတာလား။
ပိုးဆိုးပက်စက် ကံကောင်းတာလား မပြောနိုင်တဲ့နေ့တစ်နေ့ဟာ . . တစ္ဆေတစ်ကောင်ကိုဖမ်းစားလိုက်လေရဲ့။

. . . အဲဒီနေ့ဟာ အဲဒီတစ္ဆေဟာလူနှစ်ယောက်ကို ခြောက်လှန့်ဖို့ခွဲတမ်းချတာဝန်နဲ့
သစ်ပင်တစ်ပင်ကိုတွဲ လောင်းခိုပြီးစောင့်ဆိုင်းနေခဲ့တာ။


လမ်းပေါ်မှာ . . . တစ်ယောက်နဲ့တစ်ယောက်တွဲပြီးစမ်းတဝါးဝါး လာနေတဲ့လူနှစ်ယောက်ကို တွေ့
လိုက်ရတော့ တစ္ဆေဟာ သိပ်ပြီးဝမ်းသာသွားရော . . .။
ဒါပေါ့ . . .။ လူတစ်ယောက်ချင်စီကိုစောင့်ပြီးနှစ်ခါခြောက်နေရမှာ ထက်စာရင် . . .
တစ်ခါတည်းနဲ့ ကိစ္စပြီးအောင် အခုလာနေတဲ့ လူနှစ်ယောက်ကိုခြောက်လိုက်တာ ပိုအဆင်ပြေမှာပဲ။
သက်သက်သာသာနဲ့မြန်မြန်ဂျူတီပြီး မှာပဲလို့တစ္ဆေကတွေးတာပေါ့။

ဒါနဲ့ . . .၊ တစ္ဆေ ဟာဗြုန်းဆို လူနှစ်ယောက်ရဲ့ရှေ့ကိုခုန်ချလိုက်ပြီးတော့ သူ့ရဲ့ကြောက်စရာကောင်းလောက်အောင် အမွှေးအမျှင်တွေထူပွ ရှည်လျားနေတဲ့လက်ကို ဆန့်ထုတ်လိုက်တယ်။
အဲဒါကိုမြင်တဲ့ဘဒုတ်က . . .

'' ဟေ့ကောင် . . .ပေါ်ဦး ငါတို့ရဲ့ရှေ့မှာ လူတစ်ယောက်လက်ပြပြီးရပ်ခိုင်းနေတယ် ''
'' ဟေ့ . . . ဟုတ်လား၊ အင်္ကျီအဖြူဝတ်ထားသလား၊ သူ့အင်္ကျီမှာအိတ်ကပ်ကြီးကြီး ပါသလားလို့
ကြည့်စမ်းကွာ၊ ပါတယ်ဆိုရင်တော့ အဲဒါ ဟိုဒင်း . . . ယာဉ်ထိန်းရဲပဲ''
'' ဟင့်အင်း . . . မပါဘူးကွ၊ အင်္ကျီတောင်ဝတ်မထားဘူး၊ အတော်ဆင်းရဲပုံပါဘဲ၊ တစ်ကိုယ်လုံးလည်း အမွှေးအမျှင်ကြမ်းကြမ်း တွေရှုပ်ပွလို့

... . .. ဟော . . . ဟော . . . အစွယ်ကြီးနှစ်ချောင်း ထုတ်ပြနေပြန်ပြီ အစွယ်တွေကလည်း ပြူးနေတာပဲ ''

ပေါ်ဦးကစဉ်းစားလိုက်တယ်။ ပြီ . . . .
'' အင်း . . .ဆင်းရဲချင်ယောင် လည်းဆောင်ထားတယ်၊ အစွယ်လည်းရှိတယ်ဆိုရင်တော့ . . .
ဒါကွန်မြူနစ်ပဲ ''

'' ဟာ ..မျက်လုံးကြီးပြူး နေပြီ၊ ဟောဟော လျာပါထွက်နေပြီဟေ့ ''

'' သြော် . . .ဝန်ထမ်းဖြစ်မှာပေါ့ကွာ . .''

တစ္ဆေကတော့ မောနေပြီ ၊ အတော်လည်းစိတ်ပျက်လာပြီလေ။ ဒါနဲ့ . . .

'' ဟေ့ လူတွေ၊ ကျုပ်တစ္ဆေဗျ ၊ ခင်ဗျားတို့ကို တစ္ဆေခြောက်နေတာ၊ ကြောက်ကြလေဗျာ ''
ဘဒုတ် ကပေါ်ဦးဘက်လှည့်ပြီး တစ္ဆေဆိုတာဘာလဲကွ လို့လှမ်းမေးတယ်။
ပေါ်ဦးကတော့ မေးစေ့ကိုပွတ်ပြီး စဉ်းစားရင်း . . .

'' အင်း . . . တစ္ဆေဆိုတိုင်း အရမ်းယုံလို့တော့ မဖြစ်ဘူးကွ၊ ဒီခေတ်ကြီးမှာ လူလိမ်တွေကအပေါသား။ ကိုင်းကွာ . . .မင်း တစ္ဆေဖြစ်ကြောင်းဘာ အထောက်အထားပြမလဲ ''

တစ္ဆေကကြောင်သွားတယ်။တစ္ဆေ ခြောက်တာအထောက်အထားပြပြီးခြောက်ရတယ်လို့ သူတစ်ခါမှ မကြားဖူးတာ . . . ။ ဒါပေမယ့် . . . ပေါက်တဲ့နဖူးမထူးဘူး ဆိုပြီး သူ့ရဲ့တစ္ဆေ မှတ်ပုံတင်ကဒ်ကို ထုတ်ပြတယ်။ ။


။ ။ ဝ)(ဝ ။ ။

ဘဒုတ်က ယူကြည့်ပြီး ပေါ်ဦးကိုပြန်ပြောတော့ . . . ပေါ်ဦးက
'' ဟာဘယ်ဖြစ်မလဲ . . . ငါကိုယ်တိုင်လည်းမြင်ရတာ မဟုတ်ဘူး၊ နောက်ပြီးမှတ်ပုံတင်ကဒ်ဆိုတာလည်း အတုလုပ်လို့ရတာပဲ၊ ဝန်ထမ်းကဒ်လည်း ဒီလိုပဲ၊ ဝန်ထမ်းကဒ်အတုနဲ့ လိမ်နေတဲ့လူ တွေတပုံကြီး . . .။
အင်း . . . ဘဒုတ်ရေဒီကောင်ကို ကြည့်ရတာသိပ်မသင်္ကာဘူး ။ မင်းသူ့ကို ဝင်လုံးပြီးမလှုပ်နိုင်အောင်ချုပ်ထားလိုက်စမ်းကွာ ''

ဒီလိုနေရာမျိုးကျတော့ ဘဒုတ်တို့ကသိပ်အားကိုးရတယ်။ ဖျပ်ဆိုညာခြေတစ်လှမ်းတက် တစ္ဆေရဲ့နောက်ဘက်ရောက်တာနဲ့ တပြိုင်နက်တစ္ဆေရဲ့ လက်ကိုနောက်ပြန်လိမ်ဆွဲပြီး သူ့ကိုယ်နဲ့အတင်းဖိကပ်ချုပ်ထားလိုက်ရော။

တစ္ဆေကတော့ ယက်ကန်ယက်ကန်နဲ့ ဘဒုတ်လက်ထဲမှာ . . .။မျက်နှာငယ်လေး ......
'' မလုပ်ပါနဲ့ဗျာ၊ လွှတ်ပါ၊ ကြောက်ပါတယ်၊တောင်ပန်းပါတယ်ဗျာ၊ လွှတ်ပေးပါနော်'' စုံနေတာပဲ
တတွတ်တွတ်နဲ့ ခခယယပြောရှာလိုက်တာလေ . . . .။

ပေါ်ဦးကခေါင်းကို ဖြည်းဖြည်းခါ လိုက်ပြီးတော့ . . .
'' ကောင်းပြီမင်းကိုမေးမယ် ၊ မှန်မှန်ဖြေ . . .၊ဗြိဟဒ်-အာရညကဥပနိသျှဒ်ကျမ်းထဲမှာ ယညဝါကျပြောခဲ့သလို လူတစ်ယောက်သေသွားတဲ့အခါမှာ ဣန္ဒြေနဲ့ဝိညာဉ်ဟာ အတ္တလို့ခေါ်တဲ့နောက်ဆုံးအကြောင်းတရားထဲမှာ ငုပ်လျှိုးသွားတယ် ဆိုတာဟုတ်သလား၊ အဲဒီထဲမှာ မင်းလို တစ္ဆေကကော . . . ဘယ်လို ပါဝင်ပက်သက်သလဲ ''

တစ္ဆေကတော့ အတော်ကိုကြောင်စီစီဖြစ်သွားပုံပဲ
'' ဗျာ . . . ယညဝါကျ ဟုတ်လား . . . ဟိုဒင်း . . ကျနော်မသိပါဘူး ခင်ဗျာ ''

ပေါ်ဦးကဆက်ပြီး တော့
'' ဒါဆို အန္နမယအတ္တ၊ ပြာဏမယအတ္တ၊ မနောမယအတ္တ၊ ဝိညာဏမယအတ္တ၊ အာနန္နမယအတ္တ ဆိုတဲ့ အဆင့် ငါးဆင့်ထဲမှာ တစ္ဆေဟာဘယ်အစိတ်အပိုင်းထဲမှာ ပါလဲ ''

'' ခင်ဗျာ . . . ဟို. . . လေ . . . .ကျနော် . . . .မသိ . .''

ပေါ်ဦးက တောက်တစ်ချက်ပြင်းပြင်း ခေါက်လိုက်တယ် . . .၊ ပြီးတော့ . . .

'' နာမိကေတကို သေမင်းက ဟောတဲ့ဒေသနာထဲ မှာနှလုံးအိမ်ပတ်လည် မှာ အကြော (၁ဝ၁) ကြောရှိတဲ့အထဲက ဦးခေါင်းထဲ ထိုးတက်နေတဲ့ အကြောတစ်ကြောရှိတယ်။ လူသေတဲ့အခါအဲဒီ အကြောအတိုင်းအသက်ထွက်သွားတယ်လို့ဆိုတယ် . . .။

ကိုင်း . . . မင်းသာ တစ္ဆေဆိုရင် . . . မင်းသေဘူးတာပဲ၊ အဲဒီကိစ္စကိုသိရမှာပေါ့၊ ဘယ်လိုလဲ၊ ဟုတ်သလား ''

'' ဗျာ . . . .ဗျာ . . . အဲဒါကလည်း . . . ဟိုဒီလိုရှိပါတယ် . . . ကျနော် သေသေချာချာတော့မသိ ''

ပေါ်ဦး ရှုးရှုးရှားရှား ဖြစ်သွားပြီး
'' ဟေ့ကောင် . . .ဘဒုတ်၊ အဲဒီကောင်ကို မင်းနာနာတီး လွှတ်လိုက်စမ်း၊ ဒီကောင် တစ္ဆေမဟုတ်ဘူးကွ . . . ၊ လူလိမ် . . .ငါမေးနေတာ တွေဒီကောင်ဘာမှမသိဘူး ''

ဘဒုတ်ကလည်းဒီလိုကိစ္စမျိုးဆို သွက်လိုက်တာမှ၊ စကားတောင်မဆုံးသေးဘူး။
ဖြောင်း . . . ဖြောင်း . . . ဖြောင်း ဆိုပြီး တစ္ဆေကိုနားရင်းသုံးချက် လောက်ဆင့်ရိုက်ပစ်လိုက်ပြီးနေပြီ။
နောက် . . . . သူတို့ နှစ်ယောက်ကတော့ဆက်လျှောက်သွားကြသပေါ့ . . . .။
တစ္ဆေကတော့ . . . လမ်းပေါ်မှာခွေခွေ ကလေးလဲပြီးကျန်ရစ်ခဲ့တော့တယ် . . .။


။ ။ ဝ)(ဝ ။ ။

အဲဒီနေ့ကတော့ တစ္ဆေတွေရဲ့လောကကိုပွက်လောရိုက်သွားစေတဲ့နေ့ပါ။
ဒီအကြောင်းက တစ်ယောက်စကားတစ်ယောက်နားနဲ့ တစ္ဆေတွေအားလုံးရဲ့ ကြားမှာပြန့်သွားပြီလေ . ၊
အခုဆိုတစ္ဆေအားလုံးက ပေါ်ဦးမေးသွားတဲ့မေးခွန်းတွေကို စဉ်းစားနေကြပြီ။
တစ္ဆေတစ်ကောင်နဲ့တစ်ကောင်မေးခွန်းထုတ်နေကြပြီ။
လုပ်ကြဍဍ စဉ်းစားဍဍ ထုတ်စမ်းမေးခွန်းတွေဘာဖြစ်မလဲ . . .ဘာမှမဖြစ်ဘူး . . ဒီမေးခွန်းတွေကိုဘယ်သူမှမဖြေ နိုင်ကြဘူး။

ကိုယ့်မျက်နှာကိုယ်လက်ညှိုးထိုးပြီး '' ငါဘာကောင်လဲ '' ၊ '' ငါဘာကောင်လဲ ''
လို့မေးမေးနေကြတာ။

မည်းမှောင်အေးစက်နေတဲ့ ချောက်ခြားမှုတွေ တဝုန်းဝုန်းပြိုကျ၊ ကျပ်ညပ်အောင်ပိတ်ဆို့ပစ်လိုက်သလို
ခံစားရသလိုပဲ . . .

တစ္ဆေတွေခမျာလေ . . .၊ ကြည့် . . .စိတ်ဓါတ်တွေသွေးခုန်နှုန်းစမ်းမရတော့ဘူး။

သူတို့အထဲက အသက်ကြီးကြီးတစ္ဆေအဖိုးကြီးတစ်ကောင်ကတော့ကျန်တဲ့အကောင ်တွေအားလုံးခေါ်ပြီး ညှိပါသေးတယ် . . .။ ဟာ . . .၊ ဒါ . . . ဒီလိုပါပဲ .. ..ပေါ့၊ ငါတို့ကတော့တစ္ဆေတော့တစ္ဆေပါပဲ ဘာညာပေါ့လေ၊
ဒါပေမဲ့မရတော့ဘူး၊ အားလုံးကသွေးပျက်နေကြပြီ၊ ပေါ်ဦးမေးသွားတဲ့မေးခွန်းတွေကို တစ္ဆေအဖိုးကြီးကိုဝိုင်းမေကြပြန်တော့လည်း သူကဖြေမှ မဖြေနိုင်တာကိုး၊ မဖြေနိုင်ဘဲနဲ့ ငါတို့ ကတစ္ဆေတွေပါ ၊ တစ္ဆေစစ်စစ်တွေပါ၊ တစ္ဆေစစ်စစ်တွေပါလို့ချည်း ဇွတ်မှိတ်ပြောနေတာကို ကျန်တဲ့သူတွေက အယုံအကြည်မရှိဖြစ်လာတယ် . . .. ။

နောက်တော့လည်း ၊ . . . အင်းသိတဲ့အတိုင်းပဲ ၊ တစ္ဆေတွေဇာတ်ခေါင်းကွဲကုန်ကြတာပေါ့ . . .
စိတ်လေသွားကြပြီလေ . . .

-ဖြစ်ချင်ရာဖြစ်၊ ရောက်ချင်ရာရောက်ဆိုပြီး လျှောက်လေလွှင့်တဲ့သူကလွှင့်တယ်။
-ကိုယ်နေရာနဲ့ ကိုယ်တည်တည်တံ့တံ့မနေဘဲ ဟိုလူ့ဝင်ပူး၊ ဒီလူ့ဝင်ပူး လုပ်တဲ့ကောင်ကလုပ်တယ်။
-နိုင်ငံခြား ဗီဒီယိုကားထဲ ဝင်တဲ့အကောင်ကဝင်တယ်။
-ကာတွန်းစာအုပ်ထဲဝင်တဲ့ကောင်ကဝင်တယ်။ .. . .. .ဖြစ်ချင်တိုင်းကိုဖြစ်နေတော့တာပဲ . . . .။


သူ့ကိုယ်သူတစ္ဆေ စစ်စစ်ပါလို့ပြောနေတဲ့အဘိုးကြီးကတော့သူသေကာနီး ဆဲဆဲမှာ . . .
သေတမ်းစာတစ်စောင်ရေးသွားတယ် ။
အဲဒီသေတမ်းစာထဲမှာ၊


'' အမြင်အကြားသာရှိပြီး ဦးနှောက်မရှိတဲ့လူနဲ့
ဦးနှောက်သာရှိပြီး အမြင်အကြားမရှိတဲ့လူ . . . အဲဒီလူနှစ်မျိုးကို ဘယ်တော့မှ တစ္ဆေသွာမခြောက်နဲ့၊
ကိုယ်ပဲ ပျက်စီးတတ်တယ်'' လို့ရေးသားလေရဲ့။

အဲဒါကြောင့်မို့ထင်တယ် . . .။
လူ့လောကမှာ . . . အရှုးနဲ့ မျက်စိမမြင်တဲ့ လူတွေတစ္ဆေ ခြောက်ခံရတယ်လို့ ဘယ်တုန်းကမှမရှိခဲ့ဘူးဆိုတာလေ . . . .။

မင်းခိုက်စိုးစန် (စတိုင်သစ်၊သြဂုတ်၊၁၉၉၇)


။ ။ ဝ)(ဝ ။ ။


10-27-2007 06:42 PM
http://mmcpcommunity.net/showthread.php?8024-aowrf-pm-rif-cdkufpdk-pef&highlight=aowrf%3Bpm









ရာစုသွေးသစ် ခေါ်တဲ့ ပွဲ



ဒီရာစု ဟာ
နတ်ဆိုးတွေ မြေပေါ်မှာ
စည်သံ ညံအောင် တီးခုန်မြူးမဲ့
သွေးသံရဲရဲ ညီတဲ့ ပွဲ ....


ဆုတောင်း သံတွေ ဘုန်းကံ နိမ့်လို့
အာ ခေါင် ခြောက်ရင် သောက်ကြရမဲ့
သွေးခွက်တွေ ကျဲထားတဲ့ ပွဲ ...


သတိ ကို တူး ထားလို့ ငရဲမှာ
အရေပြားလန်သွားတဲ့ အသားနဲ့
ဘုရား တွေကို ဘုရား နဲ့ သာ
ညီညီညာညာ ''တ'' ကြရမဲ့ ပွဲ ...


အဖေရော အမေရော
သွေးရော သားရော
ဖက်တွယ်ထားတဲ့ နှလုံးသားကို
အစိမ်း လိုက် ယူ ဆွဲ ခြေမွ ထားတဲ့ ပွဲ …


ကမ္ဘာ့ လေယာဉ်ပျံဘေးက
စေတန် ကြိုတဲ့ တေးကို
ဘယ် သတ္တဝါ လူသူထူးက
ဆာ လောင်နေတဲ့ စိတ်နဲ့
ဟင်းးးးးးးးးးးးးးးးးးးးး …..
ဒီ ပွဲ ကို များ ဘာလို့ ကျယ် လောင်စွာ
အော် အော် ခေါ် နေ ရတာလဲ ….



nelay





ကိုယ်ပူနေတယ် တစ်ရာ့တစ်ဆယ်



လက်ထဲမှာပါလာသမျှကို ချခင်းလိုက်တာတောင် တိမ်တွေက မလုံလောက်ချင်ဘူး
အမြင်အာရုံကို ရှု့ခင်းကနေ ခွာခဲ့ပါတယ် လေပြေတွေက အခုထိ ခါးနေတုန်းပဲ
အနမ်းတွေနဲ့ အလွမ်းတွေကို တိတ်ဆိတ်ခြင်းနဲ့ ထုတ်ပိုးပြီး ပေးခဲ့တာပါ
ဟိုရောက်လို့ ဖွင့်ကြည့်လိုက်တော့ မုန်းတိုင်းတွေ နဲ့ ဓါးတွေ အော်ဟစ်လိုက်တာလွန်ရော
ဘယ်လိုလုပ်ပြီး ပွင့်လာခဲ့တဲ့ ပန်းတွေလဲ အဆိပ်ရှိတယ် ပြောလိုက်ယုံနဲ့
အလျှင်အမြန် ကြွေချပေးနေရတဲ့ စိတ်တွေမဟုတ်လား
ကိုယ့်အပွင့်နဲ့ကိုယ်
ကိုယ့်အသီးနဲ့ကိုယ်
ကိုယ့်အရွက်နဲ့ကိုယ်
ကိုယ့်အခေါက်နဲ့ကိုယ်
ကိုယ့်အစိုဓါတ်နဲ့ကိုယ်
ကိုယ့်ရနံ့နဲ့ကိုယ်
ကိုယ့်ကိုယ် ကိုယ် မြေသြဇာလုပ်နေရတာမို့
မြေကြီးထဲမှာ ပျော်တယ်
ဒီလိုလဲ မဟုတ်ပါဘူး
အခါးဓါတ်ကို အနက်ရောင်လို့ထင်နေမိတော့ လမ်းတွေကိုသာ သကြားခပ်ချင်မိတယ်
အလှပြဖို့အတွက် ပြေး နေခဲ့တဲ့ တိမ်တိုက်တွေမှ မဟုတ်တာ
တစ်ခုပဲ …
မိုး ဆိုတာ ပြောင်းပြန် မရွာတတ်ဘူးလေ ….
ဒါနဲ့ပဲ တိမ်ဥ ကလေးကို မြေကြီးထဲ ထည့်စိုက်လိုက်တယ် …



nelay