Pages

Tuesday, December 23, 2008

သူဟာ စောက်ကျင့်



သူဟာ စာမေးပွဲ ဖြေပြီး 
စာမေးပွဲ ခန်းထဲက ထွက်လျှင် ဘယ်တော့မှ အဖြေလွှာ 
ပြန်တိုက်ကြည့် တတ်တဲ့ စောက်ကျင့် မရှိပါ ။


သူဟာ လမ်းမှာ သူ့နာမည်ကို 
မခေါ် မချင် ဘယ်တော့မှ စောက်ဖက်လုပ်ပြီး 
ပြန်လှည့်ကြည့် တတ်တဲ့ စောက်ကျင့် မရှိပါ ။


သူဟာ သူမဆက်ဆံချင်တဲ့ 
အသိုင်းအဝိုင်း အတွင်းမှ ထွက်လာအပြီး 
ဘယ်တော့မှ ယောင်လို့တောင် 
ဟန်ဆောင် ပြုံးပြ တတ်တဲ့ စောက်ကျင့် မရှိပါ ။


သူဟာ အိပ်သာ တက်အပြီး 
ရေ ပြန်ဖြည့် တတ်တဲ့ 
စောက်ကျင့် မရှိပါ။


သူဟာ Post တစ်ခု တင် အပြီး 
တစ် သ သ ပြန် ပြန် ကြည့် တတ်တဲ့ 
စောက်ကျင့် မရှိပါ။


သူဟာ ဘာသာစကားနဲ့ ပတ်သက်ပြီး 
စောက်ကြီးစောက်ကျယ်တွေ ပြောတတ်တဲ့ လူတွေ ကို 
စောက်ထင်ကြီး တဲ့ စောက်အကျင့် မရှိပါ ။


သူဟာ ဆေးလိပ်သောက်ပြီး 
တံထွေးကို ဘယ်တော့မှ 
ပြန် မျို ချ တတ်တဲ့ စောက်ကျင့် မရှိပါ ။


သူဟာ မနက် မနက် အိပ်ယာ ထ နေခြင်း 
ဘာမှာ စောက် အဓိပ္ပါယ် သိပ်ရှိနေတယ်လို့ 
ခံစား ရခြင်း စောက်ကျင့် မရှိပါ ။



nelay





Monday, December 22, 2008

D ဇင်ဘာ ဝိုင်



  


တိမ်တွေကို လိုချင်လွန်းလို့
မိတ်ကပ်တွေ ဖျက်ပြီး
အိပ်မက်တွေထဲ လိုက်ကပ်နေတဲ့
ဖားပျံတွေပဲ ရိုက်သတ်လို့မကုန် ….


အရေပြားညှိထားတဲ့ ရာသီဥတုကို
ပေါင်ကားပြီး ခုန်ချလိုက်မှ ပွင့်မဲ့ လေထီးများနဲ့
ငါ့ကိုပြောပြစမ်းပါ ….
ညာဖက်လက်ကိုဖြတ်ပြီးမှ အင်္ဂါဂြိုလ်ကို သိမ်းမဲ့ ရတုတစ်စုံ


ခြေတစ်ဖက်ဆာနေတဲ့ ဟောဒီ့ ရင်အုံထဲမှာ
မမွေးဖွားနိုင်တဲ့ မိုးမခ ပင်အိုကြီး
မင့်မျက်နှာဖူးငယ်ငယ်ကို မြင်ရယုံနဲ့
ငါ့ရဲ့ လေသလပ်နေတဲ့ ဒုက္ခတွေ ပြေးလွှားနေရတယ် ….


ပြန်ပေးဆွဲတဲ့ နက္ခတ်မှာ မွေးဖွားခဲ့ရလို့
မေ့မရတော့တဲ့ တေးသွားတွေပဲ
ကြယ်လမ်းကြောင်းမှာ မှားယွင်းစွာနဲ့ ဆုတောင်းနေရ …


အထပ်ထပ်ကို ထုခြေ ပ လိုက်ပါရဲ့
မျက်နှာပေါ်က စမ်းပျိုကလေးကို
သောကနဲ့ပဲငါ့မှာ လှော်ခတ်လို့ မရောက်နိုင်ဘူး


လက်နောက်ပြန်တွေ အသေခြည်နှောင်တုတ်လို့
အစိမ်းရောင် မုဒ်ဦးဝမှာ ငှက်ပြောရွက်တွေကြီးထွားရှုပ်ပွ
လိုရာမှာ ပစ်ချမရတဲ့ အစိုင်အခဲတွေ အ နေရတယ် ….


ခေါင်းပေါ်က ပန်းတွေ ခြေပြီ
အပေါင်းတွေ လျှောက်ပြန်မရခဲ့ရင်
အလင်းအနားသားကို အမှောင်ဝမှာ ဆိုးပေးခဲ့ပါရစေ …


သစ်ပင်နဲ့ သစ်ရွက်
မြေကြီး ပြောက်တဲ့အရပ်မှာ
ဘာ ရနံ့တွေပဲ ဘာ ဆိုတဲ့ ဘာသာနဲ့ လှိုင်လှိုင်ပွင့်


အပြုံးတွေ ပြယ်မဲ့ လက်တစ်စုံနဲ့
ငါနဲ့ ငါ့ရဲ့ ဟိုးဝေးဝေးက အဟုန်ကို
မနာကျင်တဲ့ ဒုက္ခ အပြည့်အစုံနဲ့
မှားယွင်းစွာ ပွင့်ခဲ့ရတဲ့ ဆောင်းအလွန်က အနမ်း ပါပဲ။



nelay











Thursday, December 18, 2008

မင်္ဂလာရေး ကူညီမှုအသင်းကြီး



ငါ သာ အမွေ ရ လို့ ကတော့
ဟို ကျော်သူ ဆိုတဲ့ ဘဲ ကြီး လို မှုတ်ဆိတ် မွှေး အရှည်ထား
ရောင်ကြီးဘွေ ကို စွေ့ နေအောင် ထုံးပြီးးး ....
ဘိတ်သိတ် ဆရာယောင်ယောင် MC ယောင်ယောင်
ဟို နက္ခတ် ကြည့် ဒီ နက္ခတ် ကြည့်
ဟို စာရွက်လှန် ဒီ စာရွက်လှန်
မင်္ဂလာ မဆောင် နိုင်တဲ့
တောသားတွေ
ခွက်ပြောက်တွေ
သူတောင်းစားတွေ
ဟိုတယ်ပေါ်က အလေ အလွှင့် အမှိုက်သရိုက်တွေ
ဆွေမကြည့်မျိုးမကြည့် ဟာ တွေ
အလေနတ်တော တွေ
အဖေမနိုင်အမေမနိုင်တွေ
ခိုးရာလိုက်ပြေး ဆင်းရဲသားတွေ
လက်ဖေ့ရည်သောက်ချင်နေတဲ့ တရားရုံးကဝန်ထမ်းတွေ
ဆွေမရှိမမျိုးမရှိ ကြွက်စုတ်တွေ
ဂေါ်မစွန်တဲ့ အပျိုပုတ်ကြီး လူပျိုပုတ်ကြီးတွေ
ဘယ်တော့မှမပြည့်လာတဲ့ ငွေကိုစုနေတဲ့ ဝန်ထမ်း လဒတွေ
ဘုန်းကြီးကို အလုပ်ရှုပ်အောင်လုပ်ဖို့ကြံနေတဲ့ကောင်တွေကောင်မတွေ
မိဘ သဘောမတူတဲ့ နန့်နန့်တက်ဆပ်ဆလူးတွေ
ဟန်ပြ ဆောင်ချင်တဲ့ ကြာကူလီတွေ
အဲဒါတွေ အားလုံးကို
မင်္ဂလာရေး ကူညီမှုအသင်းကြီး ဆိုပြီး
ရွာလုံးကျွတ် မြို့လုံးကျွတ်အောင် မင်္ဂလာ ဆောင်ပေးလိုက်အုံးမှာ
ဒါနဲ့ ဗုံး ကွဲ သွားတော့တာပါပဲ



nelay





Saturday, December 13, 2008

နေကွယ်တိမ်



တကယ် တော့
တိမ်တိုက် တွေ ဟာ
ငါတို့ ကို ကောင်းကောင်း နင်းပြီး
လွှင့် နေခဲ့တာ ပေါ့ .....
ငါ တို့ မှာ သာ
သူတို့ ခြေဖဝါး အောက် မှာ
ရွှဲရွှဲ ကိုစို လို့



nelay















Saturday, December 6, 2008

ဘိလပ်မြေ



တောင်ဖက်မုခ် က 
ဘိလပ်မြေ အရုပ်ကြီးများ 
ငါ့ ကို ပြုံးပြ နေသလား

မြောက်ဖက်မုခ် က 
ဘိလပ်မြေ အရုပ်ကြီးများ 
ငါ့ ကို က ပြ နေသလား

အရှေ့ဖက်မုခ် က 
ဘိလပ်မြေ အရုပ်ကြီးများ 
ငါ့ ကို စိတ်ကောက် နေသလား

အနောက်ဖက်မုခ် က 
ဘိလပ်မြေ အရုပ်ကြီးများ 
ငါ့ ကို ဆုတောင်း နေသလား

အရှေ့ဖက် မုခ် မှာ 
အလှူခံကြီးများ ငါ့ကို ကြည့်ပြီး 
တစ်ယောက်ကို တစ်ယောက် 
စောက်တင်းချ နေကြတယ်

အနောက်ဖက်မုခ် က 
တံမြက်စည်း များ ငါ့ကိုကြည့်ပြီး 
အမှိုက်ဖွနေကြတယ်

တောင်ဖက်မုခ် က 
ရေဘုံဘိုင်တွေ ငါ့ ကိုကြည့်ပြီး 
လျှံ နေလိုက်ကြတာ

မြောက်ဖက်မုခ် က 
ပန်းတွေ ငါ့ ကို ကြည့်ပြီး 
ကြွေ

ရွှေ နာမ် ငွေ နာမ် နဲ့ 
ငါ့ ကိုယ်ပေါ်က ယတြာပန်းတွေ 
ပုရွက်ဆိပ်တက်လို့ ငါ့မှာယားးးးး

ငါ့ ကို အသက်သွင်းပြီး 
ရွှေချထားဖို့ ဘယ်အခြောက် တွေ 
အလုပ်ရှုပ်နေကြသလဲ

နာမည်မကြီးတဲ့ ငါ့မှာ 
မှန်ဘောင်ရှေ့ က 
သော့ခလောက် ကိုသာ ငေးးးး

အုန်းပွဲ ငှက်ပျောပွဲ နဲ့ 
ဝေး နေတဲ့ ကာလ များဟာ 
ငါ့ အသဲကို 
ပိုးဆိုးပက်စက်ခွဲလွန်းတယ်

ငါ့ ကိုယ်ငါ 
Still ဖမ်းထား ရတာ 
ညောင်း ညောင်းလာလို့ 
ါ့ကိုယ် ငါ ခြွေချ .....

ငါ့အသား တွေ ပွ သွားပြီး 
ငါ့ အသား ကို ဒီကောင်တွေ 
ခိုးခိုး ထားတဲ့ ဘိလပ်မြေ က 
အခုမှ ပေါ်ပေါ်လာလို့

ငါ့မှာသာ ဟိုမရောက် ဒီမရောက် 
မုခ်ဦး ကြီး က 
ဘိလပ်မြေ အရုပ်ကြီးကို ဖြစ်လို့

သဲများသွားတဲ့ အသားတွေ 
ပွပွ ကျလာ တိုင်း ထုံးတွေကို ဖွေးးးးး



nelay





Thursday, December 4, 2008

ပညာရေး အသုံးအနှုန်း



ရှစ် တန်း လဲ အရေး မကြီး ဘူး
ကိုး တန်း လဲ အရေး မကြီး ဘူး
ခြောက် တန်း လဲ အရေး မကြီး ဘူး
ငါး တန်း လဲ အရေး မကြီးဘူး
သုံး တန်း လဲ အရေး မကြီးဘူး
လေး တန်း လဲ အရေး မကြီးဘူး
နှစ် တန်း လဲ အရေး မကြီးဘူး
ခုနစ် တန်း လဲ အရေး မကြီးဘူး
တစ် တန်း လဲ အရေး မကြီးဘူး
ဆယ် တန်း လဲ အရေး မကြီးဘူး
အရေး အကြီး ဆုံး က
မသိရင် မှတ်ထား
မူလ တန်း ဟ



nelay













Sunday, November 23, 2008

လူရှင် ကမ္ဘာကြား လူသေ






ကမ္ဘာကြီးပေါ်ကို ဖိတ်စာ မပါပဲ ငါတို့ရောက်လာပြီးမှ
ငါတို့ အချင်းချင်း စားသုံးနေရတဲ့ ဧည်ခံပွဲတစ်ခုမှာ
ဘယ်သူ့ ဧည်ခံပွဲလဲ မသိရှိရပါပဲနဲ့
ငါတို့ အချင်းချင်း အမုန်းပွားလိုက်ကြတယ်
သိပ်ကိုလှပတဲ့ အခန်းအနားပါပဲ ယုန်ငယ် …..


ဟောဟို ဝေးဝေးကိုကြည့်လိုက်တိုင်း
အရိုင်းအစိုင်းတွေ မွေးဖွားကြီးပြင်း
လူ့နိုင်ငံအိုကြီး ပျက်စီးပါစေကြောင်း
အရိုးနန်းဆောင်ထက်က ခန်းနားရှင်းလင်းခြင်းနဲ့
အမိုက်မှောင်ခန်းမှာ သားသတ်ပွဲတွေ ကျင်းကျင်းပပ …


အရေတွန့်နေတဲ့ လက်အိုထဲက
စစ်ပွဲတွေခင်းနေတဲ့ ဦးနှောက်အိုကြီးတစ်ခုကို
ကလေးတွေက မုတ်သုန်မိုးနဲ့ ချိုးချိုးနေခဲ့တဲ့ ရာဇဝင်တွေ …. အ ….


ဘယ်ဆီမှာလဲ ငွေရောင် အနားသတ်နဲ့
အသွားထက်ထက် မိန့်ခွန်းတော်တွေ


လစ်လျှူရှုခြင်း အတတ်ကို တတ်မြောက်ခဲ့ပြီနောက်
သားသမီးတွေ ပြောက်ခဲ့ပါပြီ အဖေ …..


ဘယ်တုန်းကမှ မ တ ခဲ့ဘူးတဲ့ ရတနာသုံးပါးမို့
လူတွေဖွားဖွားနေတဲ့ အရပ်မှာ ပြိတ္တာတွေကြီး မြင်မြင်နေရတယ်


ဘာစကားကိုစစ်ထုတ် မန်းမှုတ် ဈာန်လျှော
လူအိုကြီးတွေ လစ်လျှူရှုထားလို့
လူမိုက်သွားတဲ့ ကလေးငယ် ကလေးတွေ
ပြန်ပြန် သတ်လို့ သေသွားတဲ့ လူအိုကြီးတွေ


ပရိုမီးသီရပ် လက်ထဲက မီးဒုတ်ကိုဆွဲလုမိမှတော့
ရန်ကုန်မြို့ နေပြည်တော်ရုံမှာ အပြာကားပြသလိုဖြစ်နေမှာပေါ့


ငါ့ကမ္ဘာပေါ်မှာ ငါ့ကိုယ်ငါ လှမ်းခေါ်လို့
ပြန်မထူးနိုင်တော့ပါဘူး


လူကိုလူတွေပြန်ပြန်လုယက်
စိတ်ကို စိတ်တွေပြန်ပြန်လုယက်
လူကိုလူတွေပြန်ပြန်စားသုံး
စိတ်ကို စိတ်တွေပြန်ပြန်စားသုံး


မရှင်နိုင်


မကြားနိုင်


မသေနိုင်



nelay






 





Sunday, November 16, 2008

ပုံပြင်ပေါ်မှာ ဇီဇဝါ





ဒီလိုပုံစံနဲ့တော့
ငါ့အလွန်က
ဖိတ်စာတွေအား ကြည်လင်အေးမြ
အရောင်ချွတ်ထားတဲ့ နံနက်ခင်းအလှနဲ့
မလွတ်လပ်ချင်ဘူး


လက်သည်းခွံပေါ်က
ခရုကမာနဲ့ ပွတ်သတ်ရယ်မော
နှောင်ကမ္ဘာမအိုခင် အခါက
ခြေရင်းမှာ ဝတ်ဆင်းသွားမဲ့
အလုံပိတ် နံရံတွေ


ငါ့လမ်းကလေး အော်နေတုန်းကများ
ရင်ဘတ်ပေါ်တင်ထားတဲ့ လက်ကိုဖြုတ်ပြီး
အဆံမပါတဲ့ အံစာတုံးတွေ ပစ်ကြဲအုံးမယ်


ဘာတွေပဲဖြစ်ဖြစ်လို့ ဘယ်လောက်ဝေးဝေး
အရိပ်တွေ မမြင်နိုင်တဲ့ အရပ်ကနေ
လက်ကမ်းထားတဲ့ ရိုးပြတ်တောကို
မေလ အပေါ်က ကြယ်ခက်တွေဆွဲလို့
ငါ့စိတ်ကို အလျားလိုက် မီးညှိလိုက်ပြီ ဇီဇဝါ


တံခါးပေါက်တွေမှာ သော့တွေငတ်နေလို့များ
နားရွက်နှစ်ဖက်အရှေ့က
အာရုံကြောတွေ စွန့်အ နေကြသလား
ကျွဲပခုံးထနေတဲ့ ငါ့ဗဟို ကျောလယ်ထဲက
ဒေါင်းလိုက်စီးနေတဲ့မြစ်
အသက်ရှင်ခြင်း အထူးပြုတွေနဲ့ ဘာကိုများသွေးလို့
ဓါး လုပ်ချင်နေကြသလဲ


ကိုယ်ဝတ်ရုံကို ည တွေနဲ့ တသားထဲကျအောင်
စကားလုံးတွေကြီး ခါးခါးချနေရတဲ့ ငှက်မဟုတ်လား


လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ
ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား


ထာဝရဆိုတဲ့ ငါတို့ စာအုပ်ထဲက
ငါမဟုတ်တဲ့ အကြောင်းအရာတွေ
ငါ့အကြောင်းများ ထထပြောနေကြသလား
ဆေးထိုးအပ်ထဲမှာ ထားခဲ့ပါပြီ


နောင်လာမဲ့ ဇီဇဝါပန်းအိုပင်ကြီး နဘေးက
ဆေးသောက်ချိန်မေ့နေတဲ့ နာရီအသေကြီးလဲ
ကိုယ့်ကိုယ် အစိမ်းဝါးနေရတာနဲ့
သွားတွေ မပေါက်နိုင်တော့ဘူး


မုတ်သုန်နောက်က ပုံပြင်တစ်ပုဒ်
ထိုင်ခုန်ပေါ်က ထလာတဲ့ ကျောက်သေရုပ်တွေနဲ့
ဇီဇဝါ ပန်းခင်းကြီးကို စကားလုံးတွေသင်ကြား
ပုံရိပ်ယောင်တွေရဲ့ အလှမွေးငါးတွေ


အပေါ်နှုတ်ခမ်းမှာ ပေကျံနေတဲ့
အတိတ်လက်ကောက်ဝတ်က သွေးတစ်စ ကို
အံဆွဲထဲက လျှာတွေထုတ်ပြီး
အရသာခံလိုတဲ့ မိုးသောက်ယံရဲ့ နတ်ဆိုးတွေ



nelay












Thursday, November 13, 2008

ငါ ကော်ပီ ငါ ပေ့စ်



ကွန်ပြူတာ ထဲ မှာ 
ငါ က ကွန်ထရိုး စီ 
Ctrl+C (copy) ကို 
နှိပ် လိုက်တယ်

ကွန်ပြူတာ ရှေ့ က 
ငါ က ထလာတော့ 
ကွန်ထရိုး စီ Ctrl+C (copy) ကြီးက
ငါ့ လက်ထဲ 
အလိုလို ပါလာရော

ငါလဲ ဘယ်နေရာ မှာ 
ကွန်ထရိုး ဗီ Ctrl+V (paste) ချရမလဲ 
လိုက်ရှာ နေရော

ဒီလိုနဲ့ 
ကွန်ထရိုး စီ 
Ctrl+C (copy) ကြီးကိုင်ပြီး 
ငါလျှောက်သွား နေရင်း
ကွန်ပြူတာနား 
ငါပြန်ရောက်လာတယ်

ဒါနဲ့ ငါလဲ ကွန်ပြူတာ ထဲ 
ကွန်ထရိုး ဗီ 
Ctrl+V (paste) ကြီး 
ချ လိုက်တော့ တာပါပဲ



nelay















Monday, November 10, 2008

မီးခိုး လိပ်ပြာ







ဟေ့ အနက်ရောင် တို့ရဲ့သခင်မ ...
နင့်ခြေလှမ်းတွေ ပြတ်ကြောင်း
အရိပ်တွေခြွေပြီး
ဆုတောင်းလို့ လျှောက်


ဝိဉာဉ်တွေ သောက်မဲ့ ကြိုးတစ်ချောင်းနဲ့
တနင်္ဂနွေနေ့ နေ့လည် ၂နာရီ ၉စက္ကန့် အလွန်မှာ
ကျုပ်စနေကောင်ရဲ့
အနက်ရောင်လမ်းတွေထဲ လိပ်ပြာတွေ
အော်ဟစ်သောင်းကြမ်းနေတယ်


ဟောင်းနွမ်းဆုံး ဂူအိုကို
အနက်ရောင် နှင်းဆီတို့နဲ့ ဖူးမျှော်ဦးခိုက်


ရုပ်ခန္ဓာ အနီသဏ္ဍာန်နဲ့
နှလုံးသားထဲက အမှောင်ဆုံးဟန်ကို ကျုပ်ပိုင်စိုးလို့
နထင်သွေးကြောနားက သွေးအိပ်မက်အကြောင်း
ကျုပ်ကောင်းကောင်းကြားနာလိုက်ပါရဲ့


အခြေမထူးတဲ့ ရာသီဦးတစ်ခုကုန်လွန်သွားခဲ့ရင်
ကြက်ခြေခတ်တွေ နှိပ်ပြီး ကျုပ်အနီရောင်ကို ခိုးယူခြေမွ
အမှောင်ပျို နတ်ဘုရားမက
ကျပ်မပြည့်တဲ့ စစ်သူကြီးကို စီးလို့
အငှားမယားနဲ့ ပုဝါပါးပါးမှာ ကျုပ်အနီရောင်နဲ့ ဝင်းပပျိုမြစ်
မေတ္တာတော်တွေပို့ယူခြစ်ထုတ်လို့ သွေးပုတ်တွေနဲ့
အဆိပ်ထုတ်ခဲ့ပါတယ်


အိပ်မက်တွေ ပြောက်ဆုံးကုန်လို့
နောက်ဆုံးဆိုတဲ့ 
NOvEmBer အနက်ရောင် ပန်းဘုရင်မကလေးနဲ့
ကျုပ်ခူးယူလို့ သတ်ခဲ့ပါတယ်


ပိတ်လှောင်ထားတဲ့ လူနာ အခန်းအိုကြီးရဲ့ဘေး
ရမ္မက်ဆန္ဒတွေနဲ့ အနက်ရောင်သစ္စာကိုဖေါက်ခဲ့ဖူးပြီမဟုတ်လား


၄နာရီစကားတွေနဲ့ ခြံတံခါးဝက ကလေးတစ်ယောက်ကို
သခင်ရွှေမိက ဘာပန်းတွေနဲ့များ ပစ်ပေါက်လိုက်ပါသလဲ
ကျုပ်မြင်နေသမျှ နှလုံးသားထဲက နံရံတွေအလွန်မှာ
ချိတ်ဆွဲထားတဲ့ သူငယ်တော်တွေ အမှောင်စီးချက်နဲ့
က ကွက်တွေ ပျက်ယွင်းလို့ ၉ကြိုးကို တင်းခဲ့ပါတယ်


စန္ဒရားသံတွေကြောက်လို့ စန္ဒရားအောက်ဝင်ပုန်း
ပျော်ရွှင်ခြင်းတွေ ပစ်ကြွေးနေရအုံးမဲ့ နရီ
မျက်ရည်တွေ တည်ခင်းထားတဲ့ ပွဲတော်အမှီမှာ
သခင်မပြန်လာခဲ့ရင် အနက်ရောင်တွေကိုသတ်လို့
ဆိပ်ဖလူးပန်းတွေနဲ့ အမြစ်ရှည်နေရအုံးမယ်


ဘာများ ခံပြီး
ကျုပ်ကိုသောက်သုံး
ရာဇဝင်ထဲက မျက်လုံးတွေနဲ့
အောင်ပွဲတွေကို ခိုးယူနေအုံးမယ့်
မီး …………… ခိုး …….. လုံး …… တွေ …… ။



nelay







 
 artwork by nelay





Sunday, November 9, 2008

ဆရာ



ဟောဒီ့မှာ ....
လူ ပိန်းဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
လူ လတ်တန်းစားဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
လူ ဂုဏ်တန်ဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
လူ့ နလပိန်းတုန်းဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
လူ ရည်လည်ဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
လူ့ ဉာဏ်ကြီးရှင်ဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
လူ ဖြူဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
လူ မဲဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
လူ ဝါဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
ပုထုစဉ်ဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
သံဃာဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
သူတောင်းစားဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
စလီဗယ်တီဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
လူ လည်ဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
လူ လိမ်ဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
လူ ညာဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
ကဗျာ ... ကဗျာ .... ကဗျာ ....


ဟောဒီ့မှာ ....
ကဗျာ ဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
ဆရာ ဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
ကဗျာ ဆရာ ဆရာ ဆရာ .....



nelay





Tuesday, November 4, 2008

မွေးဖွားခြင်း ဇီဇဝါစိတ်



လက်ဖဝါးမှာ ရွှေလင်ပန်းနှင့်အချင်းဆေးပြီး မွေးဖွားလာတဲ့ သံသယဟာ ပြတင်းအဖြစ် ပဋိသန္ဓေတည်ပြီး ယုံကြည်ခြင်းနဲ့ထွက်ကျလာတယ်။ မွေးဖွားကထဲက ကျောမှာတွယ်အပ်တွေတလျှောက် လူတိုင်းမှာ ဆက်ကြောင်းတွေ မတူခဲ့ကြပြန်ဘူး။ စကြာဝဌာ အက်ကွဲကြောင်းထဲက ကမ္ဘာကို ဥချလိုက်တယ် ဆိုရင်ပဲ သစ္စာတရားတို့ ခမ်းခြောက်ကုန်ကြပြန်တယ်။ နေမင်းကို လော့ကတ်သီးဖွဲ့ စကြာဝဌာ ပကာသန အတုကိုမှ အစစ်မှန်းမသိ ဂြိုလ်ကြီးကိုးလုံးကို လိုက်လံပြသလေရဲ့။ မိုးဆိုတာလဲဖြစ်ပေါ်တယ် ဆောင်းဆိုတာလဲဖြစ်ပေါ်တယ် နွေဆိုတာလဲဖြစ်ပေါ်တယ်။လောင်တီကျူ တခုတည်းနဲ့ ကမ္ဘာကိုသိမ်းပိုက်လိုက်တဲ့ နတ်သမီးဟာ ကိုယ်စောင့်နတ် ၁၂ပါးရှိတယ်ဆိုပဲ။ လမင်းအတွက် အချိန်ကုန်ခဲ့တဲ့ ပင်လယ်ဟာ ဆွဲအားတခုတည်းနဲ့ မွေးဖွားခြင်းအမှုကို ပြီးမြောက်စေတယ်။ လောလောဆယ် ဒီလောက်ပါပဲ ...။
''သမီးမျက်နှာဟာ ကျနော့ကမ္ဘာပါ သခင်မ'' သူတိုးတိုးလေးရွတ်လိုက်တယ် မိုးသံတွေ လေသံတွေ ဖုန်းသည်အထိ စစ်တလင်းညံတဲ့ကြမ်းပြင်ကို လွှမ်းသည်အထိ သူတိုးတိုးလေးရွတ်ပြီးနေပြီဖြစ်တယ်။
''အဖေဟာ သမီးရဲ့ သစ္စာပါ မွေးသဖခင်'' သူမကျယ်လောင်စွာ အော်ဟစ်လိုက်တယ် လည်ချောင်းထဲက ဆိတ်ငြိမ်ရပ်ဝန်းတခု တိုးလျှိုသေဆုံးသွားသည်အထိ သုသာန်ရဲ့ အနက်ဆုံး ညသန်းခေါင် မီးစာငြိမ်းသည်အထိ သူမကျယ်လောင်စွာ အော်ဟစ်ရှိုက်သွင်းပြီးနေပြီဖြစ်တယ်။
တစ်မိနစ်တာ အိပ်မက်ရှည်အတွက် အသက်တစ်ရာစတေးတဲ့ အချိန်ကာလတွေ ဖြူစင်သန့်ရှင်းစွာ မွေးဖွားလာကြပြန်တယ်။
ဟိုး .. အဖြူဆုံး အလင်းဆုံး အသန့်ရှင်းဆုံး မေတ္တာတရားရဲ့ ရက်စက်မှုတွေနဲ့ အသက်ဓါတ်တစ်ခုဟာ အသန့်ရှင်းဆုံး ပြတင်းတခါးဆီမှ ပွင့်ဦးလာခဲ့တယ်။
အချိန်ပိုင်းတခုရဲ့ မညီညွှတ်မှုနဲ့ စွန်းပေရအုံးမယ်ဆိုတဲ့ အသက်ဓါတ်အဖြူလေး တခုအတွက် သူစိုးရိမ်တကြီးတွေးတော သိမြင် နောင်တကြီးတခုကို ဖန်ဆင်းပြီးနေနှင့်ပါပြီ။
နံရံမှာချိတ်ထားတဲ့ အဖြူအမဲ အနာဂတ်တချို့ရယ် အကန့်အကန့်တွေနဲ့ သီဆိုမှုတခုရယ် အနီလွန်နေတဲ့ မီးပွိုင့်တခုရယ် မဆီမဆိုင် ၁နာရီဟာလဲ ချုပ်ရိုးပြေ သွေးစက်တွေနဲ့ ခွဲနေခဲ့တော့တယ်။
''ပြောက်မသွားပါနဲ့ မင်းကိုယ်ငွေ့လေးနဲ့ ဝိဉာဉ်အချပ်လေးဟာ ငါ့ကမ္ဘာပါ အရှင်သခင်'' ရာသီမလွန်ခင် ရင်ကွဲခြင်း အပွင့်ဦးတွေ ထူးခဲ့ကြတယ် အရိပ်ဟောင်းကိုစွန့်လို့ အရိပ်သစ်ကိုခိုလိုက်ကြပြီးဖြစ်တယ်။
''သမီးအခိုးလေး အလှအပဆုံးဖမ်းဆုပ်တာကို မြင်ချင်တာအဖေ့ သစ္စာပါ'' မျက်မမြင်တယောက်ခေါင်းကိုတွင်းတွင်းခါ မိုးတွေလဲ အစီအစဉ်မကြေငြာပဲရွာလာပြီးဖြစ်တယ်။
ထုံးစံအတိုင်း ဇာတ်သိမ်းဟာ ရင်ကွဲမှလှမဲ့ မနက်ဖြန်အဆင်တစ်ထည်လဲ ဖြစ်လို့ နေပါတော့တယ် ...
မထင်မှတ်ထားတဲ့ ရပ်ဝန်းတခုရဲ့ ဆွဲအားဟာ ကားတိုက်ခံရတယ် ရထားကြိတ်ခံရတယ် လေယာဉ်အပျက်ခံရတယ် သင်္ဘောမှောက်ခံရတယ် ဒီအချိန်မှာပဲ မြက်တို့အကိုင်းမရှိမှန်း
ရနံ့မရှိမှန်း အရောင်မရှိမှန်း အပင်မရှိမှန်း စိတ်နှင့် သက်ဆိုင်သောလမ်းကို ကမ်းနဖူးအထိလျှောက်မိလျှက်သားဖြစ်နေခဲ့တော့တယ်။ အဖူးနဲ့ ကမ်းပေါ်မှ ပြုတ်ကျခြင်းအတွက်
မွေးဖွားခြင်း ဒဏ်ရာတို့ ဆက်တိုက်ဆိုသလို ''အဟုန်''ကွဲကြ ၃နာရီ စီးကြောင်းရာ ဟာလဲ သိသိသာသာ ခွဲခံနေရပါတော့တယ် ... ။
နောက်တမနက်ရဲ့ အသစ်ဆိုတာကို မွေးဖွားမဲ့ လက်ချောင်းလေးတို့ဟာ နောက်တစ်ဖန်အသစ်မွေးဖွားဖို့အတွက် မိဘစုံလင်စွာဖြင့် အဖြတ်ခံလိုက်ရတယ် ။ ဇီဇဝါပန်းတို့ရဲ့ ဝိဉာဉ်ထက်မှာ ခြံစည်းရိုးတို့ မွေးဖွားလာရင်း လက်ချောင်းလေးတို့ကို အတုအယောင်အဖြစ် မွေးစားလိုက်ကြပါတော့တယ်။ လောလောဆယ် ဒီမှာပြီးထားနှင့်ပါသည်။



nelay





Monday, November 3, 2008

အမေနဲ့ခဏတာ ဆပ်ပြာပူဖေါင်းမှုတ်ကြည့်ခြင်း



၁၆နှစ်

အမေရေ
အမေ့သားလေ
ရည်မှန်းချက်တွေ စီးတန်းထားတယ်လေ
ဖြစ်ကိုဖြစ်ရမယ့် အရာတွေ
အမေထင်သလို ကမ္ဘာကြီးကပြားတယ်လေ

၁၈နှစ်

အမေရေ
အမေ့သားလေ
ဂုဏ်ထူးတွေသီတန်းထားလဲ
အမေ့ပခုံး ကျွဲလိုရုန်းတာ
စိတ်နှလုံး မချမ်းမြေ့ဘူး
ဖြစ်ချင်ရာဖြစ် သားတလှည့် ထမ်းပါရစေလေ


နှစ်၂ဝ

အမေရေ
အမေ့သားလေ
ထူးမလာပါဘူး ဘွဲ့အတုကြီးနဲ့ရူးတယ်
သင်တန်းတကာ ကားယားရပ်တော့
လမ်းတွေလဲ ဂွပိုကျတယ်အမေ

၂၂နှစ်

အမေရေ
အမေ့သားလေ
၂၁ရာစုမှာ ပညာအတုတွေနဲ့ ကူလီထမ်းတယ်
ချွေးနည်းနည်းစာမှာ အမေ့ကို ကြွေးမဲ့ထမင်း
မသန့်ရှင်းတာ သားလျှာတွေလဲ မြက်ပေါက်ပါပြီအမေ

နှစ်၂၄ နှစ်ပိုင်းတစ်ပိုင်း

အမေရေ
အမေ့သားလေ
လက်ချိုးရေလို့မရအောင် ရည်မှန်းချက်တွေပုံခဲ့ဖူးတယ
ရည်မှန်းချက်တွေကြွေကြွေသွာ်းတော့
သားလေ အမေ့အတွက်
၂၄ထပ်တိုက်ပေါ်က ဆပ်ပြာပူဖေါင်းအတုတွေ
လှလှပပမှုတ်တတ်နေပြီ အမေ ....။



nelay





Friday, October 24, 2008

ကြယ်ကြွေရပ်ဝန်း

နမိတ်ကောင်းကို မမက်မောတတ်တဲ့ သစ်စိမ်း....ခြောက်ပင်ဟာ …………

ကြယ်သေကို သဂြိုလ်ပစ်ဖို့ ငြင်းဆန်ခဲ့...








အဲ့ဒီကိုယ်ထဲမှာ………. နံရိုးတွေကို ရေတွက်နေတဲ့ စက္ကန့်တန်ရှိခဲ့ ……

သွေးနီမျှင်ကို စုပ်ယူ…. ကြည်ပြာရောင် ကြယ် …. လောင်ကျွမ်းခဲ့

ကျောခွံကိုခွာ…… ထိုကြယ်ပြာရောင်…. လက်တန်ကို ချိုးဖျက်……. ခံခဲ့

ညဉ့်လေကို အံတု… သန်းခေါင်ထက် သူဟာ ပိုပို နက်လာခဲ့

ဝင်သက်ကို အစိတ်စိတ် ပိုင်း……… လေးနက်မှုတိုင်းဟာ သက်ပြင်းပိုရှည်ခဲ့

သက်တန့်ရောင်ကို ထိုးဖေါက် နေ့နဲ့ ည ကြား ပိုပို….. တိုးဝင်……… သွားမိ…. ခဲ့……………..

…………………………………………………….

ရပ်စရာ တဖြည်းဖြည်း ကျဉ်းလာတဲ့….. မြေ

နောက်ဆုံးထွက်သက်မှာမှ ရှိုက်သွင်းခြင်းခံလိုက်ရတဲ့ …….. လေ....

ကျွံမှာဆိုးတဲ့ အရောင်တွေ …..

အဖက်ဖက်မှ ကာရန်ထားသော.. ကျောက်ဂူအောက်..

နှင်းတွေ........ ရာသီပျောက်ခဲ့ရပြီး........ .... နောက်

…………………………………………………….








ကြယ်သေလွမ်းချင်းတွေ ရေး နင်ဆွေးမနေနဲ့တော့

ကောင်းကင်ကို အစိမ်းလိုက်လွာချပြီး ငါ မီးမြိုက်ပေးလိုက်မယ်

ဖွဲမီးတွေ တဖျောက်ဖျောက်နဲ့ ကြယ်သေတဲ့ ကောင်းကင်အောင်မှာ နင်ငိုအုံးပေါ့

မျက်ရည်တွေ ခပ်နွေးနွေးရွာချလာခဲ့တဲ့ နင့်ပါးပြင်မှာ

ငါ့အိပ်မက်ပေါင်းများစွာ ဆေးခြယ်ပေးပါရစေ...

နင့်မျက်ရည်နဲ့ဆေး ငါ့အိပ်မက်တွေ စတေးရစေအုံးတော့

နင့်မျက်နှာမှာအပြုံးတွေ ဝင်းလာချိန်အထိ ငါ့အိပ်မက်တွေ ခင်းပေးထားမယ်


မျှော်လင့်ခြင်းတွေ စိုက်ပျိုးထားတဲ့ ငါ့ကျောမှာ

နင့်ကြယ်ကြွေမီးအိပ်မက်နဲ့ မြိုက်လောင်ထားတဲ့

ငါ့အတောင်သေတခြမ်းလဲရှိတယ်

ငါမပျံနိုင်ပါဘူး ...

နောက် ...

မျှော်လင့်ခြင်းတွေ ဖြန့်ခင်းထားတဲ့ ငါ့နှလုံးသားမှာ

နင့်အိပ်မက်နွယ်တွေ ခင်းလျှောက်မဲ့ မြက်နီခင်းကြီးလဲရှိတယ်

ငါမစိမ်းလန်းပါဘူး ...

တခုခုကိုရွေးမယ်ဆိုတော့မှ ကမ်းနှဖူးက ကြယ်သေကို

နင်ပြန်လှည့်ကြည့်သေးတယ်နော် ...

ငါ့အတောင်လက်ကျန်တခုတော့ နင့်ကြယ်သေအိပ်မက်အတွက်

ငါမတောက်လောင်နိုင်တော့ဘူး ...

ထပ်မကျွမ်းပါရစေနဲ့တော့ အိပ်မက်စိမ်းလေးရယ် ...

ဒီအတောင်တခြမ်းနဲ့ နင့်အပွင့်ဆန်းလေးကို

ငါလေ ... ထာဝရ ... တယုတယပျိုးထားချင်လို့ပါကွယ် .... ။







ဆောင်းကို ပိတ်လှောင်ထားတဲ့ ဂူဟာ … အေးတယ်။။။

ကြယ်သေကို သဂြိုလ်နေတဲ့ မီးတောက်က……. အေးတယ်။။။။။။။။။။။

အနာဟာ သိပ်နာလာရင် အေးတယ်။။။

အပူဟာ သိပ်ပူလာရင် အေးတယ်။။။

ထို……ဆောင်းဖိနပ်အောက်….. ကြယ်ကြွေကို တယုတရ မြှုပ်ထားခဲ့…….

ကြယ် သေ ရပ်ဝန်းဟာ………….. အေး ခဲ….. နေခဲ့။ ။။။။ ။။။။ ။။။။။။။။။






Green Asterisk. rainmaker. nelay







Wednesday, October 22, 2008

စိတ် သေတ္တာ



အခန်းဒေါင့်က သေတ္တာသေးသေးလေးထဲကို ခြေဖဝါးနုနုလေးနဲ့ အတောင်တစုံက တစုံတခုကိုလာထည့်သွားတယ် ..

ပြတင်းအပြင်မှာ မိုးရွာခဲ့တဲ့ကာလကို နောက်တစ်ရာသီကူးမဲ့ ထိုင်ခုန်ပေါ်က သူကြည့်နေခဲ့တယ်
သေတ္တာလေးကို ခဏဖွင့်ကြည့်တယ် ဘာမှန်းမသိပေမဲ့ သူ့လက်ကတဆင့် သူ့တခန်းလုံး နွယ်တွေဖုန်းသွားခဲ့တယ်
ပြာလဲ့ချင်ယောင်ဆောင်ထားတဲ့
ငွေလမင်းတွေ နွယ်တွေကိုမဖောက်နိုင်ခဲ့ဘူး ...
သူ့မှာကြမ်းပြင်ရှိသေးတယ် သူ့ကိုယ်သူတူးပြီး သေတ္တာလေးအောက် သူမြုပ်ရအုံးမယ် ...
တယုတယပါပဲ သူ့ညတွေဆိုတာမရှိခဲ့ပါဘူး ကြမ်းခင်းအောက်မှာ လတော့သာကောင်းသာနေနိုင်တယ်လေ ... ။

ခြေဖမိုးနုနုလေးဟာ မသိမသာဖြူဖွေးလာလိုက်တာ သေတ္တာလေးနဲ့မဆန့် အခန်းဒေါင့်လေးနဲ့မဆန့် တစုံတခုနဲ့လဲမဆန့်ခဲ့ဘူး ...

သိသိခြင်းမှာပဲ သူဟာ အမွှေးနုလေးဖြစ်နေခဲ့တယ် သူတော့ဘယ်သတိထားနိုင်ပါ့မလဲ အမဲရောင်လေးမို့လား
အလင်းတောက်တဲ့နေ့ဆို ဟိုးအဝေးကြီးမဟုတ်ပေမဲ့ သူ့အတွက်အတော်လေးလှုပ်ရှားသွားတယ် အေးခနဲအေးခနဲ သူကုတ်ကွယ်လျှက်ပါပဲ
တခါတခါမွှန်းကြပ်မှန်းမသိမွှန်းကြပ် ချွေးတွေတောင်တဒီဒီနဲ့ အပြင်မှာတော့ ကြယ်တွေလဲလင်းကောင်းလင်းနိုင်ရဲ့
စိတ်ကြည်နူးမှုတွေလဲဖြစ်ပေါ်ကောင်းဖြစ်ပေါ်နိုင်ရဲ့ သူ့အတွက်တော့ အဖွှေးနုနုလေးကိုသာဖက်တွယ် မဲမှောင်နေရှာတော့တယ်လေ ... ။

အတောင်တစုံဟာ စိုးရိမ်စိတ်နဲ့ထထခုန်တယ် ဖဝါးနုနုလေးကိုလဲဆွဲဆွဲခေါ်တယ် တစုံတရာကိုကြားချိန်မှာတော့
သေတ္တာသေးသေးလေးထဲရောက်နေမှန်း သိလိုက်ရတယ် ...

ပြတင်းကိုဖွင့်မိတော့ လေတွေတဟူးဟူးတိုက်နေတယ် တကယ့်လေဟုတ်မဟုတ်ခွဲခြားချိန်မရခင်မှာ သူ့ရှေ့အတောင်တစုံ ကြွေကျသွားတယ် ... ပြောင်းလဲစ ဥတုကို ခြေလှမ်းအစုံအလင်တပ်ပြီး သူဆယ်ယူတယ်
တတ်နိုင်တာဆိုလို့ စိုးရိမ်စိတ်ပြင်းထန်တဲ့ ကမ်းပါတခုသာကျန်နေရစ်တယ်
လမ်းတွေဆက်ပြီး ဥတုပြောင်းနေဆဲမှာတော့ ဒီအတောင်တစုံ ရင်အဟုန်းနဲ့ ကာရံထားလိုက်တယ် ဥတုကြမ်းတွေမလှမ်းစေတဲ့ နေ့တွေ ဖန်ကြုံလေးရဲ့ နာရီသံတွေမှန်နေအောင်စမ်းနေမိတယ်လေ
မမြင်မစမ်းနဲ့ မြက်တွေရှိမလားလိုက်စမ်းနေမိတဲ့ အတောင်တစုံဟာ သေတ္တာလေးကိုသွားစမ်းမိလေရဲ့ သူကိုယ်တိုင်သေချာသွားပါပြီ သူစမ်းနေမိတဲ့ အရာဆိုတာ သေ့တ္တာလေးရဲ့ အတွင်းနံရံတွေဆိုတာ တချိန်ချိန်မှာတော့ သူသိရှိသွားပါပြီး ဖြစ်နိုင်လိမ့်မယ်... ။



nelay





Sunday, October 12, 2008

လူ



သူ့ဆီ ကနေ ယူလာတယ်
ရပ်ကွက် ကနေ ယူလာတယ်
အိမ် ကနေ ယူလာတယ်
သူငယ်ချင်းဆီ ကနေ ယူလာတယ်
ဈေးထဲ ကနေ ဝယ်လာတယ်
လမ်းပေါ် ကနေ ဝယ်လာတယ်
စူပါမားကပ် ကြီးတွေ ကနေ ဝယ်လာတယ်
နိုင်ငံခြား ကနေ ဝယ်လာတယ်
လမ်းဒေါင့် ကနေ ဝယ်လာတယ်
အဲ့နေရာ မှာ လာ ထားတယ်
အိမ် မှာ လာ ထားတယ်
ခန္ဓာ ထဲ မှာ လာ ထားတယ်
စိတ် ထဲ မှာ လာ ထားတယ်
လမ်းဒေါင့် ထဲ မှာ လာထားတယ်
အနာဂတ်ထဲ မှာ လာ ထားတယ်
အတိတ်ထဲ မှာ လာ ထားတယ်
အခု ထဲ မှာ လာ ထားတယ်
လူ ထဲမှာ လာ ထားတယ်
စာအုပ် ထဲမှာ လာ ထားတယ်
ကဗျာ ထဲမှာ လာ ထားတယ်



nelay













လက်သမားစာ



လွန်ပူ
ဂွ
လွှ
ကျားလျှာ
တူ
သံ
ကျဉ်တွယ်
မူလီ
ပတ်တာ
မျောက်လက်
ပေကြိုး
ကော်ပတ်အနု
ဝက်အူလှည့်
ရေချိန်
ဆောက်
သံမှို
နတ်
ပက်လက်ယာ
ဆောက်ပြား
ကော်ပတ်အကြမ်း
ဆောက်လုံး
ကော်ပတ်
နှစ်တစ်လက်မ
ဒုတ်
သွပ်
နှီး
ဝါး
ညှပ်
ထရိုင်စကေး
ဓါးစောင်း
ချိန်သီး
ရေချိန်
မီတာ
လေဆာ
စနပ်ဂရစ်
သစ်သား
လွှစာ
ရွှေဘော်



nelay





Monday, September 29, 2008

ခေါင်းမရှိတဲ့ စကားပုံများ








ဟူးးးးးး


ဘာတွေလာပြောနေမှန်းမသိဘူး
အဖက်မတန်လို့ ရေတောင်မဆေးမိ
နဲနဲနံတော့ ဒညင်းသီးပဲ


လေးလုံးပေါင်းလို့မှ တစ်ဒေါင်မပြည့်
လူထင်ကြီးခံချင်လို့များ
နာမည်ကြီးစာမျက်နှာပေါ် စာတွေလိုက်ကပ်နေလို့လဲဖြစ်မလာ


အရည်နဲ့ အဖတ်ကို သတ်သတ်စီခွဲပြီး
သူ့ကို လှုပ်တိုက်
ဆေးမတိုးတဲ့ အမှိုက်ဆိုတော့ ဒိုက်သာသာ
နုနုထွဋ်ထွဋ် ငါ့ခြေမကလေးကိုလာကိုက်ပါ
ယားဒယ်
ယားဒယ်
ယားဒယ်


သူ့ဦးနှောက် ၃ကျပ်တန်နဲ့ကုတ်ပြီး
မြင်မကောင်းတော့တဲ့ မျက်နှာကို
ငါ့ဘာသာတရားနဲ့ မာန်မဲလိုက်မယ်


လူခေါ်ခေါင်းလောင် နှိပ်ပြီးမှ
သင်ခဲ့သမျှ ပညာတွေလဲ ပညာမစစ်လာတော့
လူဖြစ်ရက်နဲ့ အမြှီးကောက်ခဲ့ရတယ်မဟုတ်လား
ဟူးးးးးး


ဘာတွေလာပြောနေမှန်းမသိဘူး
ငါ့အခန်းအောက်က သူ့အခန်းပျက်နဲ့
ကလေးတွေကို မမြင်အောင်ဝှက်ထားတဲ့
သွေးပျက်ပျက်နဲ့ ငါ့စကား သူ ရ


လိုင်းကားတွေ ကြပ်ပါတယ်ဆိုမှ
ကလေးကလဲ ချီထားရသေးတယ်
ဟူးးးးးး
ဘာတွေလာပြောနေမှန်းမသိဘူး
တချို့ကလဲမကြိုက်ကြ
တကယ်လို့များ အရေးအခင်းဖြစ်ရင်
ဒီလိုကောင်တွေကို ငါအရင် ခေါင်းဖြတ်သတ်မယ် ။



nelay






Wednesday, September 24, 2008

စိတ္တဇ လိပ်ပြာ



ကြမ်းပြင်က သတင်းစာ
အမှိုက်ပုံးပေါ်က ယင်တွေ
ရေဗူးအပေါက်ကို ရေဖြည့်နေကြတယ်


စိတ်မပါလို့တူးလိုက်တဲ့ သိုက်ထဲမှာ
အံစာဥတွေ ဥထားလို့
ငါ ဘုရားရှိခိုးဖို့ ဒိုးဆက်ဆက်နေတယ်


တနေ့ကနောက်ပြန်လာတဲ့လေမှာ
ငွေစက္ကူပေါ် ငါ့နာမည်ရေးပြီးဝေ


သူတောင်းစားတွေအဖေခေါ်တဲ့ မိနစ်တိုင်းမှာ
ငါ ကြိတ်ရယ် ခဲ့


အရိုးသားဆုံး တပွဲထိုး အနာဂတ်မှာ
စစ်လက်နက် အစုံအလင်နဲ့ ပန်းတွေပွင့်ကြ


ငါ့ကို ဘုရားလို့ မခေါ်ပါနဲ့ ကလေးရယ်

တရားတွေ အာခေါင်ခြစ်အော်လဲ
သီလကို အောက်ဈေးနဲ့ အူမတောင့်ဖို့
နိုက်ကလပ်ထဲမှာ ဦးနှောက်ကြီးကလေးမွေးနေတယ်


လူကြီးလူကောင်းယောင်ဆောင်ရက်တဲ့
တစ်ခါသုံးပြယုပ်လေးမှာ
မင်းခန္ဓာကို အချစ်အတွက်ချန်ထားခဲ့သလား


မျိုးမစစ်တဲ့ စိတ်ဓါတ်နဲ့ ဟာသတွေပြေးလာတဲ့အခါ
အညွှန့် ကလေးရေ …. အညွှန့် ကလေး …


သာဂီနွယ်ဝင်တွေ ထစ်ချုန်းတဲ့အရပ်မှာ
နာရေးသတင်းထဲက အပြုံးနဲ့
အတောင်တွေ ခြွေ ပြီ


ငါ


လွမ်းနေအုံးမယ် . . . ။



nelay





Sunday, September 21, 2008

ချော့ကလက် တွင်း







လက်ယာ မျက်ဝန်းညိုနားက ကြယ်
အိပ်စက်ခြင်းနဲ့ မွှေးမြနေတဲ့ ငယ်
ဒီကမ္ဘာ ခရီးအလယ်က ခရမ်းရောင် ဥယျာဉ်တော်ကို
ရုပ်လုံးဂီတ လက်ဝဲနရီ ပီသ ပျိုမြစ်
လူ့အခြေစစ်စေတဲ့ နွယ်


စနေပြဒါးသံနဲ့ ခြည်ငင်ဆွဲစုတ်
ဒွိ ခန္ဓာ ပရုတ်လုံးကို
ဂူငြိမ်ရာ ရေကမုတ်နဲ့ မြှုပ်ရအုံးမယ်


ပန်းလည်တိုင်တော် အရေပြားအောက်က
အသေ ခရေ စမ်းထဲမှာ
ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို
ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ …


ငယ်ကမ္ဘာ အိမ်ဦးပေါ်က ပန်းမေတွေ ပွင့်ဦးပျိုခဲ့ရင်
ငါ့နှလုံးသားကို အားသွင်းလို့ ပြန်ပြန်ခုန်မြူး
ခမောက်နဲ့ ခရင်းကို နေစရာပြုလို့
ငိုနေရအုံးမယ် …


ခြောက်ခြားမှု သစ္စာတစ်ခက်နဲ့
ရေစိုရောင် ပြည်လမ်းပေါ်က
ခရေပင်တွေကြားထဲ ငါဝှက်လို့ထားခဲ့ပါ့မယ် ….


နေမဝင်ခင် လင်းတဲ့ အကြည့်တည်စေဖို့
မုတ္တမသွေးကြောနဲ့ ပညာရှင်တွေစုရုံး
ကမ္ဘာ့သစ်အိုပင်ကြီး ပျိုမြစ်လာအုံးမယ်


ခန္ဓာကိုယ် ကျူပ်
တူးဆွခြစ်ထုတ်လို့
မြေကြီးတွေ
ဘယ်အဆံနဲ့
ဘယ်အသီး
စက္ကူ အမြစ်ရှုပ်နဲ့ ကြည်ဆံကို ထုတ်လိပ်လို့ ကျူပ်ရှုရှိုက်
Supernova အငယ်စားလေး ပေါက်ကွဲပစ်လိုက်မယ်


တိမ်နုတွေ ငင်ချီသွားတဲ့ ငှက်ကို
သတ္တုမြစ်ဖျား အလွန်က
နှုတ်ခမ်းရိုးရိုးကလေးနဲ့ တွန်းချလိုက်တယ်


အသွားတစ်လမ်း အပြန်တစ်လမ်း
လက်ဖဝါးနုနုပေါ်က ရေစက်ဥကလေးတွေ
အပြန်အသွားနဲ့ ကျူပ်လမ်းမှာ နားခဲ့ကြတယ် ….


ဒီလိုသာ လေမတိုက်ခဲ့ဘူး
လက်ဝဲ ရှုပုံမျိုးနဲ့ လေအ
အကြောင်းအရာတွေ သန္ဓတည်မိရာက
မြတ်တော်ပြေဘုရားမှာ
ခြေရာလှလှကလေးကို ဂူသွင်းမြှုပ်နှံ
ခတ်တ္တာပန်းတွေ လင်းကနဲ့ ပွင့်ဝေလန်းသွားမယ် ….


ဘေးကမ္ဘာ ပြောစကားအခြေနဲ့
ဆူးလေ သံဆူးကြိုးနားက
ရွှေရည် မိုးဦးကို ကျူပ်တို့ အတူ
ဖဝါးလက်ပျိုနှစ်ခုနဲ့ ဖမ်းဆုတ်
တကောင်း အထက်နားက
ခေါ်ရာဝတီမှာ သနပ်ခါးဖောင်တွေ ပျက်ခဲ့ဖူးပြီ ….


နတ်ဘုရားတို့ နွယ်ခြည်ငင်တဲ့ ရာဇဝင်ဆိုးမှာ
အချစ်ကို အိပ်ဆေးတိုက်
စစ်တောင်းတံတားအောက်က ဒိုက်တွေပါပဲ ….


ကလေးရယ်
အပင်ကိုမျိုချ
လမ်းကို ပြာချပြီးမှ
ပုတ်သွားတဲ့ ကြီးရင့်မှုကို
ပတ်ဝန်းကျင်နဲ့ အဆိပ်သင့်လို့
ကျွံဝင်သွားတဲ့ ခလုတ်တွေထဲ
မမြင်ဖူးတဲ့ အတိတ်အိုနဲ့
အနီရောင် ပြတိုက် အသေပေါ်က
ဇီဇဝါဥယျာဉ်ထဲမှာ ချော့ကလက်တွေတွင်းတူးလို့
မင်းဘာကို မြှုပ် ………. ။



nelay












လော်ဗျာစုတ်






စကားပုံတွေကို ကဗျာ လုပ် မင်းက တရုတ်လား
ပန်ကာဖွင့်ပြီး ချွေးပြန် ခြေသံတွေကို
အသွား ၁၀၀
အပြန် ၁၀၀ နဲ့
၅၀တန် မစီးနိုင်ရင် လူစော်နံတယ်
ကဲ
အခုဘယ်လို လုပ်မလဲ
လော်စပီကာ ကို ဘယ်ခွက်ပြောက်က တီထွင်ခဲ့တာလဲ
မကောင်းဘူး ဒီလောကမှာ
ဘယ်ဘုရားမှ လော်စပီကာနဲ့ တရားမဟောဘူး
ခွက်ပြောက်တွေက နာမ်နဲ့ရုပ်ဝေးနေလို့ အော်ပြောနေရတာ
ကြောက်စရာအကောင်းဆုံး မင်းအမေရဲ့စကားသံတွေ
ဆုတောင်းနဲ့သာ သူတောင်းစားတွေပေါပေါလာတယ်
သေရင်အလွမ်းခံချင်ကြတဲ့ သတ္တဝါတွေထဲ
ငါ့သူတောင်းစားမလေးကိုလွမ်းပါသည်
သေခါနီးနှုတ်ဆက်ကြတဲ့ လူတွေကို
မြုပ်စရာတွင်းမရှိ ရှို့စရာမီးမရှိ
လက်ထဲမှာကိုင်ထားတာက ဘုရားပန်းအိုး
ဖနောင့်နဲ့ပေါက်ပြီး အော်ဆဲနေတာက သူ့ကလေးကို
ခွဲခွဲခြားခြားမသိတဲ့ media တွေထဲ ဒီ media ကသိုးနေတယ်
ငါ့တစ်ရာတန်လေး သူများလုမှာ စိတ်တဲ့စိုးနဲ့
ကြားတဲ့သူပဲရတဲ့ အမျှ
ကြားကြားသမျှ ကို ပို့
မကြားတဲ့ကောင်တွေ မရကြတဲ့ အိမ်စာနဲ့
လော်စပီကာကို ထွေးခံလုပ် အိမ်သာအောင် အရေစုတ်မယ်



nelay





Sunday, August 24, 2008

အတိတ် တော၊ တောင်၊ ကန်၊ မြစ်



ကောင်းကင်ထဲမှာ ဒေါင်းတွေအဆုပ်လိုက်ပျံသန်း
မမောပန်းနိုင်တဲ့ ကြိုးကြာလမ်းတွေ ရိုးမအနောက်ခြမ်း
ဧရာအစွန်းမှာ ဟင်္သာတို့လူလူလွန့်လွန့် ကမ်းမရှိတော့တဲ့နဖူးအိမ်
ဦးပိန်လိုအရှည်မျိုးမှာ ငါးပလူးတို့ဒိုင်ပင်ထိုး လေကြမ်းနဲ့ဇရပ်ကျိုးတွေ
မင်းကွန်းအသံတွေတခြမ်းအက်လို့ ဧရာလွမ်းတဲ့ လမ်းကြမ်းပေါ်က လှေခြေရာ
အင်းလေးလိုညမှာ ညောင်ရွှေတွေ ရင်ခေါင်းသံနဲလွမ်းကြ ဒိုက် တို့စည်ရှည်တီးတဲ့ည
လမ်းတံတားခတွေနဲ့ ဥတို ယိုင်နဲ့နဲ့ကျားကန်ရင်း ချစ်ရှာတယ်
ဧရာဝတီမလေးဟာ အလယ်ပိုင်းရဲ့ကွမ်းတောင် ရွှေသရဖီရဲ့ သခင်မ
ညောင်ဦးကမ်းကို လက်ပစ်ကူးတဲ့ ''နေ'' ထိပ်ထားဒေဝီကိုချစ်ရေးဆိုတဲ့ ဇုံဝမ်းရဲ့ ကမ်းနဖူးတွေ
ကျိုက်ထိုက ရာဘာတွေ ထုတ်ပိုးမရတဲ့ လမ်းကြမ်းဘေးက ကဖေးဆိုင်ဖုန်ရောင်နဲ့ ရှယ်တခွက်
တောင်ကြီးလိုမလိမ်နဲ့ မကောက်နဲ့ မေမြို့ကို တညတည်းနဲ့ တစ်ပတ်ပတ်ခဲ့တဲ့ ရန်ကုန်သား
ကုန်ကားတွေအကွေ့ကြမ်း ကျောက်စလစ်တွေ လွင့်စင်ကျတဲ့ ပလောင်တောင်လမ်း
ချောင်းသာလိုအမူးညမျိုးမှာ မီးတောက်တွေမောပန်းနွမ်းလျ အိမ်မပြန်ချင်တဲ့ ညတွေ အဆုပ်လိုက်လောင်ကျွမ်း
မြောက်ဦးကို မရောက်ဖူးတဲ့မောင် ဘာရေးရမှန်းမသိတဲ့နောက် ဘုရားမဲတွေရည်မှန်း ကတော့
ပုသိမ်မှာ ထီးဆောင်း ရေဆင်းငါးတွေကျောင်းတုန်းက အိုးတင်တဲ့ဖောင်ကြိုးပြေတဲ့ ည . . .
ရွာငံစိုက်ခင်းမှာ ပန်းဝါတွေအပြည့်ထည့်လိုက်ရတဲ့ မောင့်ကင်မရာ မောနေရှာတယ် . . .
ပင်းတယဂူမှာ ဖလင်ဆေးခဲ့စဉ်က ညောင်ရှည်တွေ အကိုင်းလိုက်ကိုကွေး ရှုမဝငေးဖွယ်
အနီအဝါ အကွက်ချတဲ့ အညာမြေဟာ အချောင်းလိုက်ကိုလှ ထန်းပင်ပေါ်ကဘဝတွေ မွန်းမလွဲခင်မော့ကြရတာ
သီပေါမင်း အိပ်ခန်းထဲ ခိုးဝင်ပုန်းအောင်စဉ်က မန်းသူလေး ငါ့ပြောက်လို့လိုက်ရှာ တိတ်တိတ်လေးပျော်ခဲ့ရတာ
ဇက်စောင့်ရတာပျဉ်းဖို့ကောင်းတဲ့ ဖားအံ ဇွဲကပင်မှာ စောဇွဲနွယ် ကိုတွေ့ခဲ့ လမ်းတွေကောင်းလှတယ်
ကြယ်ငါးလုံး ဟော်တယ်ထဲက ရေပူစမ်း ဘုရင့်ညီဂူအနောက်ခြမ်းမှာ ငါစိမ်ခဲ့စဉ်က နွေးလိုက်တာ
မုတ္တမကိုဖြတ် ဘီလူးကျွန်းပေါ်အခြေချစဉ်က အရာရာဟာ ''ပလဲ'' နေတော့တာ ဘီလူးသူလေးတွေကချစ်စရာ့
ကဗျာဆရာတယောက်ပြောတဲ့ စစ်ပင်ကြီးကိုင်းတဲ့ တံတားဖြတ်တော့ စက္ကူနံ့တွေမွှေးလိုက်တာ ...
ကျောက်ဆည်ရောက်တော့ ဆင်တွေမှောက်နေကြပြီး ဘော်ကြယ်တွေနဲ့ လမ်းပိတ်အောင်ပျော်တဲ့ ဆင်ငထီး
ဒီလိုနဲ့ နေဝင်ခြင်းအမှုကို ပြုလုပ်ကြရာမှာ ....
ငါ ဟာ ..... တောင်ကြီးငါးလုံးကာရံတဲ့ ဧရာဝတီမြစ်နဖူးမှာ
ချစ်တဲ့သူအတွက် မင်္ဂလာစေတီပေါ်က နေဝင်ခြင်းအမှုကို တမြတ်တနိုးရိုက်ကူးထားလိုက်တာ
၂ဝဝ၈တောင်ရောက်လာခဲ့ပေါ့လေ .... ။



nelay





မျက်နှာ အထားအသို



သတိ

မျက်နှာကျောလျှော့ထား

ဒေါသ

တင်းမာလာတဲ့အရေပြားတွေ


စိတ်

ပါမလာဖို့ပြောမရ အနီးအဝေး

အော်ကြီးဟစ်ကျယ်

တုန်တုန်ရီရီ လက်ချောင်း


ဝေး …


ဝေး …


ဝေး ...


စိတ်

လူ

ရုပ်(ယုတ်)တွေ

မာကြ ။



nelay





Thursday, August 21, 2008

အချိန် ၂ဝ



ဘယ်ဖက်လက်ရဲ့ ည''လေ''မျိုးနဲ့ ငါ့ကိုခွာချ

မွန်းမတည့်ခင် သတ္တုတို့ပြာကျ နံရံဟာအတော်လှနေပြီ

ညာဖက်လက်ရဲ့ လက်ညှိုးလေးနဲ့ တံခါးကိုဖွင့်

ငါ့အချိန်တွေ ဆုပ်ဖမ်း ငါ့လမ်းမှာ လာမရပ်ကြနဲ့ မုတ်ဆိုးလူကြမ်း

လက်သည်းလေးနဲ့ သံသရာတလျှောက် အရှည်ခြောက်ခြား . . . လှနေပြီ

ကြမ်းပြင်ဟာ နှစ်ခြမ်းကမ္ဘာ သတင်းစာမှာလူတွေပြောက်

ခြောက်ခြားဖွယ်ရာညများ ကုတ်ခြစ်စရာအချောအလှတွေ . . ရူးလို့သေ

တိမ်၉ရဲ့ နောက်ဆုံးခေါ်သံ အမှောင်မဒန်းရဲ့ ကနဇိုးမိုးခေါင် . . အက

ညဟာ အတော်မောပန်း အောက်နှုတ်ခမ်းနဲ့ ဂီတဟာလွှမ်းနေပြီ

ထိုးဆေးတွေကျွမ်းသွားတဲ့ ကမ်းနှဖူး သူတော်စင်တွေမနှစ်မျို့ဘူး

ရင်တခြမ်းဟာ တစဆီပဲ့ကြွေ ခရမ်းရောင်အစတွေနဲ့ မှန်ကွဲတို့ရှ

ငါ့ကိုတင်ထားတဲ့ အပြစ်တွေ ဘာမှန်းမသိ လျှောက်လမ်းမရှိ ခတ်ပိတ်

မှုန်ဝါးပြောက်ကွယ်မလားဆိုတဲ
့စိတ် လေချွန်သံတွေ အတွင်းလှိုက်လောင်ကျွမ်းနေပြီ

ငါ့ကို . . . ငါ့ကို . . . ငါ .... မျက်လုံးတွေတိတ်ဆိတ် ပါးစပ်ရဲ့အဆိပ်နဲ့ မှောင်

ကျောရိုးတလျှောက် ဆောက်လုပ်ထားတဲ့ မဟူရာညများ လှဲလျှောင်းအိပ်စက် အဆိပ်တခွက်နဲ့

ပြောစရာမရှိအောင် လက်သည်းတွေထူးထူးလာကြ ညှပ်လို့မရတဲ့ ဆံပင်တခြမ်း ကွေးလိမ်

ရှောင်မရတဲ့ ပုလင်းခွံ ဖုန်းဆိုင်ရဲ့ အခြေမှာ အမြစ်တွယ်ရင်း ပွင့်သီးကွဲကျ . . ခွမ်း . . .

လောကကြီးလန့်နေပြီး ၉နာရီ ၁၁မိနစ် ငါ့ကိုပြောကြ ငါ့ကိုပြောကြ သီးပွင့်ခြင်းရဲ့ အစတွေ အခုကျ

ဘာကြောင့်များလှနေရတာလဲ မျက်နှာတခြမ်း ခြေတလှမ်းနဲ့ တစ်ရာသီပြောက် ရေတံခွန်တွေ

ငါဖန်းတီးတဲ့အချိန်ပေါ် တိမ်၉ဟာအလွန်ပျော်နေပြီ . . . . ။



nelay





peter mohrbacher

Saturday, August 16, 2008

သုံးခုနဲ့ လူ



ဆိုဆုံးမမှုမရှိတော့တဲ့ လဟာ
ငါ့ကို ကောင်းကောင်းကြီးသာနေပြီ
ကြယ်တွေ မြေပြင်က ကောင်းကင်ပေါ်ကြွေသွားတာ
လူတွေကောင်းကင်က မြေပြင်ပေါ်ကြွေလာတာ
မသိကျိုးကျွံပြုရုံသက်သက်ပဲလား

ဘာပဲရရစားနေလို့ရတဲ့ ကျီးပါ
ကြယ်ကောင်းလဲ ကြိုက်ရဲ့
လူခေါင်းလဲ ကြိုက်ရဲ့
အုတ်ဂူပေါ်မှာ နားနေတဲ့ငှက်လေ

ဘာပဲရရချပြနေရတဲ့ သူပါ
ကြယ်နီကို ဆွဲရဲ့
လူတွေကိုလဲ ဆဲရဲ့
အတ္တပေါ် တည့်တည့်ရပ်နေတဲ့ကောင်လေ

နေကိုမျိုပြီးမှ လူဖြစ်လာရတာဆိုတော့
ကြယ်ကျွမ်းတွေကို လည်မှာဆွဲ
လူမဆန်တဲ့လမ်းတွေပေါ်
မျက်နှာပြောင်တိုက်ပြီးလဲ လျှောက်ရဲတယ်

သုံးကျပ်တန်တွေခေတ်စားလာရင်
မျောက်သားအဖတော့ငိုတော့မှာပ
လုံးဝသေချာတဲ့ မီးကိုပိတ်လိုက်ပါ
လက်သန်းလေးတခုထဲ လင်းကျန်လိမ့်မယ် ...။ဲ



nelay





Saturday, August 9, 2008

အသစ်လဲထားတဲ့ ခေတ်



ငရဲပြည်ကို ခုထိုင်ပြီးပူလောင်တယ်ဆိုတဲ့လူတွေ
လှေကားမပါပဲ နတ်ပြည်ကိုလဲသွားချင်ကြရဲ့
အတွေးအသေတွေနဲ့ တူးဖေါ်နေကြတာများ
လက်မှတ်အလကားရတဲ့ သက်တန်းစေ့ ကပွဲတွေ
ဒါနဲ့များ ဘဝကိုလျှာထုတ်ပြတတ်သေး
များများမလိုတဲ့ ပုလင်းတွေ ငါ့အိမ်ရှေ့မှာ ဟန်ဆောင်ရီပြနေပုံက
နောက်မှပြောမဲ့ ပုံပြင်တပုဒ်ကိုလဲ ကြားဖူးချင်ပုံရတယ်
နေမင်းဟာ တက်သစ်စအဆိုတော်လေးမို့ ဆိုင်းဘုတ်ဆွဲပေးကြပါအုံး
တကယ်ချစ်တယ်ဆိုတဲ့ မီးခိုးတွေမှိုင်းတိုက်နေတာများလား
ဧပရယ်လမှာမွေးတဲ့သူဆိုတော့ နည်းနည်းတော့ဂွကျတယ်
ရွှေတောင်ဆေးလိပ်ကိုလဲ ဖွာရဲ့ နှင်းဆီကိုလဲ ဖင်ဆီခံခြစ်ရဲ့
သူတောင်းစားကိုလဲ အားရပါးရနမ်းဖူးတယ်ဆိုပါတော
ဒါနဲ့များ ပြည်လမ်းကိုဖာနေသေးတယ်
ငါမနေဘူးတဲ့ စာသင်ကျောင်းကြီးကိုလဲ လည်ပြန်ငေးရင်
သူတို့လေးတွေ စာသင်ခွင့်ရဖို့ တောင်းဆိုဖူးပြန်တယ်
ဘတ်စ်ကားတွေကြပ်လိုက်တာ လူစော်ကိုနံ့ရော
ပညာတတ်ကြီးတွေ ဆိုက်ကားနင်းတဲ့ခေတ်ဆိုတော့
ရေပုလင်းကို ငွေနည်းနည်းရောထားတယ်
ဆရာဇော်ဂျီလို
အသားတော်အရောင်ထွက်တာက မှောင်နက်လို့မဲညို
ထောင်ထွက်နဲ့မကွဲလိုတယ် ...
အဲလိုလူတွေလဲ ပိတ်လိုက်ပွင့်လိုက်နဲ့ ဟိုစမ်းစမ်းဒီစမ်းစမ်း
အမေချစ်တဲ့သားတွေလဲ ကျောဂုံးကိုမီးမြိုက်ရင်
အဖေချစ်တဲ့သမီးတွေလဲ သေတွင်းကိုနင်းစိုက်ရင်
ဖီးလိမ်းပြင်ဆင်ထားပုံက ရှိတ်စပီးယားနဲ့ ဂျှော်နီဒီပ် ငိုလောက်တယ်
အပျိုအရွယ်မှာဖြစ်တတ်တဲ့စိတ့်တွေလဲ ဟိုလူကြီးပေါ်လူးလားတက်လာပုံက
ငါ့ကိုအူတူတူငေးလွန်းတယ် အိမ်ရှေ့က ခွေးငယ်ရယ်
ပိတောက်ပင်တွေမွှေးစဉ်က ခြံထဲမှာ လသာလို့
ခုံဖိနပ်တွေနဲ့ သီတွဲအလှဆင်ရင်း မြေတလင်းဟာပြောင်လွန်းတယ်
သီတင်းကျွတ်တော့မယ် အမေရေ ... လမ်းထိပ်ကအပျိုကြီးလို
ငယ်သံပါအောင် ချစ်လိုက်ကြရင်း တဆောင်မုန်းတွေ ပြုံးသွားကြပြီ
မုန်းတိုင်းမိတဲ့ သရက်ပင်လဲ အရွက်တွေစုတ်
ငါးရာတန်နဲ့ ထောင်တန်တွေလဲ ထိပ်တွေပြဲ
နှစ်ရာတန်ကိုလုံးခြေပြီး စပယ်ယာကိုပေးထားတယ်
ဒီနှစ်ဝါကျွတ်ရင် ဆန်ဈေးတွေလဲကြီးအုံးမယ်တဲ့ . . . ။



nelay