Pages

Tuesday, November 4, 2008

မွေးဖွားခြင်း ဇီဇဝါစိတ်



လက်ဖဝါးမှာ ရွှေလင်ပန်းနှင့်အချင်းဆေးပြီး မွေးဖွားလာတဲ့ သံသယဟာ ပြတင်းအဖြစ် ပဋိသန္ဓေတည်ပြီး ယုံကြည်ခြင်းနဲ့ထွက်ကျလာတယ်။ မွေးဖွားကထဲက ကျောမှာတွယ်အပ်တွေတလျှောက် လူတိုင်းမှာ ဆက်ကြောင်းတွေ မတူခဲ့ကြပြန်ဘူး။ စကြာဝဌာ အက်ကွဲကြောင်းထဲက ကမ္ဘာကို ဥချလိုက်တယ် ဆိုရင်ပဲ သစ္စာတရားတို့ ခမ်းခြောက်ကုန်ကြပြန်တယ်။ နေမင်းကို လော့ကတ်သီးဖွဲ့ စကြာဝဌာ ပကာသန အတုကိုမှ အစစ်မှန်းမသိ ဂြိုလ်ကြီးကိုးလုံးကို လိုက်လံပြသလေရဲ့။ မိုးဆိုတာလဲဖြစ်ပေါ်တယ် ဆောင်းဆိုတာလဲဖြစ်ပေါ်တယ် နွေဆိုတာလဲဖြစ်ပေါ်တယ်။လောင်တီကျူ တခုတည်းနဲ့ ကမ္ဘာကိုသိမ်းပိုက်လိုက်တဲ့ နတ်သမီးဟာ ကိုယ်စောင့်နတ် ၁၂ပါးရှိတယ်ဆိုပဲ။ လမင်းအတွက် အချိန်ကုန်ခဲ့တဲ့ ပင်လယ်ဟာ ဆွဲအားတခုတည်းနဲ့ မွေးဖွားခြင်းအမှုကို ပြီးမြောက်စေတယ်။ လောလောဆယ် ဒီလောက်ပါပဲ ...။
''သမီးမျက်နှာဟာ ကျနော့ကမ္ဘာပါ သခင်မ'' သူတိုးတိုးလေးရွတ်လိုက်တယ် မိုးသံတွေ လေသံတွေ ဖုန်းသည်အထိ စစ်တလင်းညံတဲ့ကြမ်းပြင်ကို လွှမ်းသည်အထိ သူတိုးတိုးလေးရွတ်ပြီးနေပြီဖြစ်တယ်။
''အဖေဟာ သမီးရဲ့ သစ္စာပါ မွေးသဖခင်'' သူမကျယ်လောင်စွာ အော်ဟစ်လိုက်တယ် လည်ချောင်းထဲက ဆိတ်ငြိမ်ရပ်ဝန်းတခု တိုးလျှိုသေဆုံးသွားသည်အထိ သုသာန်ရဲ့ အနက်ဆုံး ညသန်းခေါင် မီးစာငြိမ်းသည်အထိ သူမကျယ်လောင်စွာ အော်ဟစ်ရှိုက်သွင်းပြီးနေပြီဖြစ်တယ်။
တစ်မိနစ်တာ အိပ်မက်ရှည်အတွက် အသက်တစ်ရာစတေးတဲ့ အချိန်ကာလတွေ ဖြူစင်သန့်ရှင်းစွာ မွေးဖွားလာကြပြန်တယ်။
ဟိုး .. အဖြူဆုံး အလင်းဆုံး အသန့်ရှင်းဆုံး မေတ္တာတရားရဲ့ ရက်စက်မှုတွေနဲ့ အသက်ဓါတ်တစ်ခုဟာ အသန့်ရှင်းဆုံး ပြတင်းတခါးဆီမှ ပွင့်ဦးလာခဲ့တယ်။
အချိန်ပိုင်းတခုရဲ့ မညီညွှတ်မှုနဲ့ စွန်းပေရအုံးမယ်ဆိုတဲ့ အသက်ဓါတ်အဖြူလေး တခုအတွက် သူစိုးရိမ်တကြီးတွေးတော သိမြင် နောင်တကြီးတခုကို ဖန်ဆင်းပြီးနေနှင့်ပါပြီ။
နံရံမှာချိတ်ထားတဲ့ အဖြူအမဲ အနာဂတ်တချို့ရယ် အကန့်အကန့်တွေနဲ့ သီဆိုမှုတခုရယ် အနီလွန်နေတဲ့ မီးပွိုင့်တခုရယ် မဆီမဆိုင် ၁နာရီဟာလဲ ချုပ်ရိုးပြေ သွေးစက်တွေနဲ့ ခွဲနေခဲ့တော့တယ်။
''ပြောက်မသွားပါနဲ့ မင်းကိုယ်ငွေ့လေးနဲ့ ဝိဉာဉ်အချပ်လေးဟာ ငါ့ကမ္ဘာပါ အရှင်သခင်'' ရာသီမလွန်ခင် ရင်ကွဲခြင်း အပွင့်ဦးတွေ ထူးခဲ့ကြတယ် အရိပ်ဟောင်းကိုစွန့်လို့ အရိပ်သစ်ကိုခိုလိုက်ကြပြီးဖြစ်တယ်။
''သမီးအခိုးလေး အလှအပဆုံးဖမ်းဆုပ်တာကို မြင်ချင်တာအဖေ့ သစ္စာပါ'' မျက်မမြင်တယောက်ခေါင်းကိုတွင်းတွင်းခါ မိုးတွေလဲ အစီအစဉ်မကြေငြာပဲရွာလာပြီးဖြစ်တယ်။
ထုံးစံအတိုင်း ဇာတ်သိမ်းဟာ ရင်ကွဲမှလှမဲ့ မနက်ဖြန်အဆင်တစ်ထည်လဲ ဖြစ်လို့ နေပါတော့တယ် ...
မထင်မှတ်ထားတဲ့ ရပ်ဝန်းတခုရဲ့ ဆွဲအားဟာ ကားတိုက်ခံရတယ် ရထားကြိတ်ခံရတယ် လေယာဉ်အပျက်ခံရတယ် သင်္ဘောမှောက်ခံရတယ် ဒီအချိန်မှာပဲ မြက်တို့အကိုင်းမရှိမှန်း
ရနံ့မရှိမှန်း အရောင်မရှိမှန်း အပင်မရှိမှန်း စိတ်နှင့် သက်ဆိုင်သောလမ်းကို ကမ်းနဖူးအထိလျှောက်မိလျှက်သားဖြစ်နေခဲ့တော့တယ်။ အဖူးနဲ့ ကမ်းပေါ်မှ ပြုတ်ကျခြင်းအတွက်
မွေးဖွားခြင်း ဒဏ်ရာတို့ ဆက်တိုက်ဆိုသလို ''အဟုန်''ကွဲကြ ၃နာရီ စီးကြောင်းရာ ဟာလဲ သိသိသာသာ ခွဲခံနေရပါတော့တယ် ... ။
နောက်တမနက်ရဲ့ အသစ်ဆိုတာကို မွေးဖွားမဲ့ လက်ချောင်းလေးတို့ဟာ နောက်တစ်ဖန်အသစ်မွေးဖွားဖို့အတွက် မိဘစုံလင်စွာဖြင့် အဖြတ်ခံလိုက်ရတယ် ။ ဇီဇဝါပန်းတို့ရဲ့ ဝိဉာဉ်ထက်မှာ ခြံစည်းရိုးတို့ မွေးဖွားလာရင်း လက်ချောင်းလေးတို့ကို အတုအယောင်အဖြစ် မွေးစားလိုက်ကြပါတော့တယ်။ လောလောဆယ် ဒီမှာပြီးထားနှင့်ပါသည်။



nelay





No comments: