Pages

ပူစီဖေါင်း
ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...
Read More
ဇီဇဝါ ဝင်္ကပါ
တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...
Read More





လူငယ်တစ်ယောက်နဲ့ ခြေထောက်များ
သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...
Read More

စာ စားသုံးခြင်း
ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...
Read More
မေဦးပေါက်တဲ့ စာကလေး
အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...
Read More


မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ
ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...
Read More
ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်
နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...
Read More
ပုံပြင်ပေါ်မှာ ဇီဇဝါ
လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...
Read More

ဒီနေရာမှာ သုညတွေပေါတယ်
အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...
Read More
နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း
လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...
Read More

ဖြစ်မှဖြစ်ရလေ
ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...
Read More
ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး
သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...
Read More

Wednesday, September 21, 2011
ကြွေစရာ ကမ္ဘာ မရှိတဲ့ ကြယ်
ဂိမ်းကစားနေတဲ့ E တုံး
E တုံးပေါ်မှာ ခနော်ခနဲ့စိတ်နဲ့ဘာတွေပြောနေတာလဲ
သူတောက်ချ လိုက်တဲ့အခါ
တွင်းနက်ထဲကျသွားတဲ့ ဆေးလိပ်တိုကို
မရင့်ကျက်သေးတဲ့ အနံ့နဲ့ မင်းက
E တုံးတွေကြားထဲ စက္ကူတွေ လိုက်လိုက်ရှုနေတာလား
သူသွန်ချ လိုက်တဲ့အခါ
တွင်းနက်နက်ထဲ ရွဲစိုသွားတဲ့ မင်းက
E တုံးတွေဖက် မိုးပေါ်ကို လက်ကလေးထောင်ပြီး
ဆဲရေးတိုင်းထွာနေတာလား
ဘာသာစကားမှမတူတာပဲ
နတ်ကြီးတဲ့ ခလုတ်ကလေးနဲ့
နားကပ်ဝတ်ထားတဲ့ အမှောင်ကို
အနာတွေဖုံးထားတဲ့ အလင်းက
ပြဋ္ဌာန်းထားသမျှကို ပေါ့ပျက်ပျက်အတွေးအခေါ်နဲ့
မင်းအတွက် Game Over လေးကပ်ပေးလိုက်တယ်
Saturday, August 27, 2011
သို့ ... အိမ်
လေညှင်းတွေ အသက်ရှုမဝလဲ ဘာမှမဖြစ်ပါနဲ့
အကြောက်တရားကို သိခြင်းပညာနဲ့ဖျောက်လို့
ငါ့ရင်မှာ နင်က အမြဲလှနေမယ် . . . ။
ရာစုကမ္ဘာတွေ ငါတို့ ဇရာကို စားသွားလဲ
အိမ်ငယ်ကလေး တစ်လုံးနဲ့ လေပြင်းတွေကို ပုန်းရှောင်ကြမယ်
ငါ့အတွက် အဓိပ္ပါယ်မရှိခြင်းတွေကို
ကြည်လင်အေးမြတဲ့ မျက်ဝန်းအနွေးဓါတ်နဲ့နှစ်သိမ့်လို့
ငါ့စိတ်ကူးထဲမှာ အဝါရောင်အိမ်ကလေးတစ်လုံး ဆောက်နေတယ်
ငရဲလမ်းကို ဖြတ်သန်းလာတဲ့
ငါတို့ ဝိဉာဉ်တွေ ငြိမ်းချမ်းစေဖို့
ဘာနဲ့မှမလဲနိုင်တဲ့ ငါ့အိမ်ကလေးထဲ လုံခြုံစေရမယ်
ပင်လယ်ကို ဖြတ်ကျော်လာတဲ့ အဲ့ဒီ့မျှော်လင့်ချက်က
နင့်ပါးပြင် အိပ်မက်ထက်က နံနက်ခင်းကို
တယုတယ လှုပ်နှိုးဦးခိုက်လိမ့်မယ်
ငါ့အိမ်ကလေးက အမှောင်မရှိတဲ့အလင်းကမ္ဘာမှာ
အဆွေကောင်းတွေနဲ့ ပညာအပေါင်းကို စိုက်ပျိုးဝေဖူးလိမ့်မယ်
နင့်လက်ချောင်းသေးသေးကလေးတွေနဲ့
မိုးမခပင်ကို အိမ်ရှေ့ဟင်းလင်းပြင်မှာ စိုက်ပျိုးအုံးမယ် . . .
မြေနီလမ်းပေါ်က ယုံကြည်ချက် ညနေခင်းကို
နောက်နေ့ မနက်မရောက်ခင်အထိ
ငါတို့အားတင်း အမှောင်ကိုခွင်းကြမယ် . . .
ကြာသာပတေး စိုက်ခင်းကြီးထဲက
နေကြာပင်တွေ မိုးမျှော်လာတဲ့အချိန်
အရောင်ဂါဝန်ကလေးနဲ့ ငါ့လက်ကိုတွဲပြီး
အစိမ်းရောင်မြက်ခင်းပေါ်က
ငါတို့အိမ်ကလေးဆီ ပြန်လာကြလိမ့်မယ် . . . ။
Saturday, August 20, 2011
နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း
မျက်လုံးထဲက ဆံနွယ်တွေ မြစ်ကိုရစ်လို့ ဒီအချစ်ကိုတည်ဖြစ်စေ
မပြောစကား အခြေနဲ့ နားအိုထဲက မြွေကိုလဲ လန့်နိုးပါစေ
ဘယ်နေရာက ရွှေငါးတွေလဲ မင်းအရိပ်ကို ခိုးနမ်းကြလို့
မျက်ရည်တွေ သုတ်ပြီး ညမအိပ်နဲ့တော့ ကလေးရေ ...
လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား
ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့
စိတ်အမုန်းအခြေရဲ့ အူတိုင်တည့်တည့်က ဒေါသတေးသွားကို
ကလေးတစ်ယောက် အိပ်မက်တွေပိုက်လို့
ရည်ညွှန်းရာ တိမ်ကိုးကို အပြုံးတွေမှုံရည်လူးလို့ ပြန်လာပါစေသား
ခရီးလမ်းတစ်လျှောက် ငါ့ခြေရာတွေက ဆူးဆိပ်တွေ ပွင့်ဝေဖူးလို့
ဘယ်လိုမှဖြောက်မရတဲ့ ခြောက်ကမ္ဘာမှန်ထဲ အဖြူရောင်ကိုဘောင်ကွတ်ဖူးတယ်
မြွေတစ်ကောင်ရဲ့ သူ့အမြှီး သူပြန်မျိုနေတဲ့ အသံ
... ... ... ... ... ... ... ... ... ... ... ... ... ... ... ...
တိတ်ဆိတ်ခြင်းရဲ့ အိပ်မက်တေးသွားလောက်
မင်းကို ကိုယ်ချင်းစာတတ်တဲ့ လူတစ်ယောက်
မင်းသာ အိပ်ယာအောက်မှာ ရှိခဲ့ဖူးလိမ့်မယ်
ကမ္ဘာကို လျှော့တွက်ပြီးသာ မင်းလမ်းတွေဖောက်
လည်ချောင်းထဲက ပရိတ်သတ်တွေ ကျော့ကျော့ကလေး လျှောက်လာလိမ့်မယ်
စာမျက်နှာပြည့်ပြီမို့
ဘလူးဘယ်ရီ ပင်တွေကြားက ကြိုးတပ်စန္ဒာယားသံနဲ့
ခရမ်းရောင်ကြိုးတပ် ထီးတစ်ချောင်ကို ကိုင်လို့
နတ်ဆိုးတစ်ကောင်ရဲ့ ပန်းချီကားထဲက ငါထိုင်စောင့်နေမယ် ။
Thursday, August 18, 2011
ယုန် . . . နရီ
အနက်အဓိပ္ပါယ်တွေ . . .
ယုန်တစ်ကောင်ရဲ့ မျက်ဝန်းချိုထဲက
အဖြူရောင် ရှု့မျှော်ခင်းတစ်ရာကို
နှလုံးသားနဲ့ အိပ်မက်တွေ ဆူးခဲ့တယ်
အလယ်ရောင် လက်ချောင်းကလေးများနဲ့
ကျုပ်ရင်ကို တူးဆွ
ဘယ်ကမ္ဘာက တောအုပ်ပျိုထဲမှာ
မျှော်လင့်ခြင်း စာသားတွေ အခက်လိုက်ဝေကျ
မှန်ရာကို ဦးနှောက်ထမ်းပြီး နှလုံးသွေးနဲ့
ကျုပ်နီးစပ်လာခဲ့တယ်
Sunday ရဲ့ကြည်လင်မြတ်နိုးမှုမျိုးက
ပင်လယ်အိုကို ရမ္မက်မပါတဲ့
ကြေးဝါသော့နဲ့ သစ်လွင်တောက်ပ
ဟိုးရှေးရှေးတုန်းက
ကျုပ်တို့ အနာဂတ်တွေ ဟောင်းနွမ်းရှေးကျ . . .
နံနက်ခင်းမျက်ဝန်းတွေထဲက
ကျုပ်ဂြိုလ်ကမ္ဘာမှာ အပေါ်ယံမပါတဲ့
ယုန်မငယ်ရဲ့ ခြေသံနဲ့ မုန်တိုင်းအိုကို
သက်ငြိမ်းအေးမြ
နရီသံ စမ်းကလေးပေါ်က
ကျုပ်ည ကျုပ်ဂီတကို
ထာဝစဉ် သီကျူး မျက်နှာဖူးကလေး
အိပ်မက်တွေရစ်မူး . . .
ဇရာအို ပုံပြင်တွေက အဆိပ်မဲ့ဖြစ်ထွန်းမှုနဲ့
အဖြူရောင်မာယာကို ဖန်ဆင်း
ကျုပ်သွေးတွေနဲ့ ဘယ်တော့မှ မထင်လင်းနိုင်ဘူး
အလှတရားကိုမယုံကြည်တဲ့ လူတစ်ယောက်
သစ်အိုပင်အောက်မှာ
ဘယ်တော့မှရောက်မလာတဲ့ ဆီးနှင်းကို
အဖြူရောင်မျက်ရည်စကားနဲ့စောင့်နေခဲ့တယ် ။
Wednesday, August 10, 2011
ဒီနေရာမှာ သုညတွေပေါတယ်
ရှမ်းတို့ရဲ့ သခင်
တရုတ်တို့ရဲ့ နတ်ဘုရား
ခင်ဗျားက ပျူစောထီးလား
ဒါနဲ့များ ဒီလိုကောင်တွေ ပေါက်ဖွားလာတယ်
သုံးရုပ်ထဲကျန်တဲ့ သခင်နဲ့
အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့
ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်
တော်ပီဒိုတွေ မတင်မိလို့ လေယာဉ်တွေရေထဲမြုပ်ကုန်ပြီ
တောင်အရပ်နဲ့ မြောက်အရပ်ကို တပ်ဖြန့်မိလို့
အမိမြေမှာ ဘာမှမကျန်တော့ဘူး
၆ရက်၆လပါပဲ အီကွေတာတည့်တည့်မှာ ကျွန်းမကျန်တော့လို့
Enigma တွေထဲမှာ လူပြောက်ရှာနေတဲ့သူက
လောကကြီးအတွက် စက္ကူရှ သွားတယ်တဲ့
ဓါတ်ကြီးလေးပါးမှာ ရေဓါတ် လေဓါတ် မီးဓါတ်
ခင်ဗျားစိတ်ဓါတ်ကို သတ်ပြီး နားတွေကို ငိုကြွေးခိုင်းတဲ့ ပါးစပ်က
လူကြားကောင်းအောင် ကဗျာတွေဘဲထိုင်ထိုင်ရေးနေတယ်
ခင်ဗျားတို့ငယ်ငယ်တုန်းက ဘေဘီဘိုက်တာပဲသောက်ခဲ့ရတာ
ငါတို့ငယ်ငယ်တုန်းက Dumex သောက်ရတယ်
WA လုံး တွေပေါ်မှာ သရဖူတွေ တလက်လက်နဲ့
၅၀ တန် အိမ်သာ တံခါးကိုဖွင့်လိုက်တော့
တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့
၁၇၀၀ ကျပ်တန် အလုပ်သမားလေးရဲ့ ဘဝထဲရောက်သွားတယ်
မြင်ဖူးချင်လိုက်တဲ့ ညနက်နက် လစက်စက်တွေကို
၁။ ကားခက ၄၀၀
၂။ ခရမ်းချဉ်သီးအပုတ်တွေက ၂၀၀
၃။ ဆန်ကွဲသာသာ ဆန်တပြည်က ၅၀၀
၄။ ၁၀၀ က ကလေးငိုလို့ သကြားလုံးဝယ်လိုက်တယ်
၅။ ကျန်တဲ့ ၃၀၀ က မနေ့က အကြွေးကိုဆပ်ရတယ်
၆။ နောက်နေ့လမ်း စရိတ်အတွက် ၂၀၀
ကျပ်မပြည့်တဲ့ ခင်ဗျားတို့ သိခဲ့သမျှ အဲ့သကောင်က ဒူးနန့်နေတယ်
လူတွေသာ စိတ်ကူးမယဉ်တတ်ရင် ဘာဖြစ်လာမလဲလို့
Second thought နဲ့မီးညှိလိုက်တယ်
Monday, August 8, 2011
ဘီစကွတ် ပွဲတော်
ထွက်ကျလာတဲ့ ဘောင်ကွတ် ရှု့မျှော်ခင်းတစ်ခုကို
ငါသိတဲ့ နှာခေါင်းအတု တစ်ခုချွတ်ပြီး
ပါးမှာ စပေါ့ တွေ ထနေတဲ့ မိန်းမနဲ့ကောက်ရိုက်လိုက်တယ်
ဘာမှ သိပ်ကြောက်စရာမကောင်းတဲ့ ကြွက်ကို
ခွက်လွတ်တစ်လုံးပေးပြီး ခင်ဗျားကို အစာကြွေးခိုင်းထားတယ်
သဘာဝကျတယ်ဆိုတာ သဘာ တွေ ၀ ပြီး ကျသွားတာလို့
ကျောက်သင်ပုန်းပေါ်မှာ တွင်းတူးပြီး သင်္ချိုင်းပြုလိုက်ခြင်းပဲ
ငါနဲ့မင်း မြင်နိုင်တဲ့ ဘောင်ကျဉ်းကျဉ်းကလေးကို
ရွာ အတု လုပ်ပြီး ပြိုချင်နေတယ်ဆိုရင်
မင်းငယ်ငယ်တုန်းက ပုံကို မင်းအမေဆီက ပြန်တောင်းရလိမ့်မယ်
၁၂လရာသီကနေ ထစ်ချုန်းလာတဲ့ အချိန်နာရီတစ်ခုကို
အဋ္ဌမမြောက် ကြည်ပေါက်ထဲက ငါတို့ဦးနှောက်ထဲကိုပစ်ထည့်လိုက်ပါ
ရေလောင် ထားတဲ့ sOci3Ty တခု မင်းအိပ်မက်ကိုဆေးကြောပစ်ပေါက်လိမ့်မယ်
ငါ့ သမင် မျက်နှာပေါ်က မြေသြဇာ မကောင်းတော့တဲ့
နာဂစကီးကို လက်သည်း ခွံ အမဲ စိုးပြီး စိုက်ပျိုးခြင်းလား
ဒါတွေက ဒုတိယကမ္ဘာမှာ မေ့မရတာတွေကို ကွန်ယက်ထဲ အတင်းနှစ်ပြီး
စိတ်ကျွန်ပြုခြင်းတွေ ဖောင်းကားလာတဲ့ memory plus အသေတွေပဲ
ငါ့လည်မှာဆွဲထားတဲ့ ပတ်ဝန်းကျင် အမှိုက်သရိုက်က လေထုကိုညစ်ညမ်းစေတိုက်
ငါဂရုမစိုက်နိုင်တဲ့ မျောလိုက် ဦးနှောက် အသေတိုက်ကြီးတစ်ခုပဲ
ခင်ဗျားတို့မြင်နေကြ အမပင်ခိုင်ကြီးတစ်ခုလုံး မဖိတ်ခေါ်ပဲ အသိုက်ပေါ်ကိုရောက်လာ
မျက်နှာဖုံးဆိုတာ ငါရှေးရှေးတုန်းက ပြောခဲ့ဖူးတဲ့ ပုံပြင်အဟောင်းကြီး
စုတ်တယ်
ငှက်မျိုး ကြက်မျိုး ဝက်မျိုး ဒေါင်းမျိုး ကျီးမျိုး ခွေးမျိုး နွားမျိုး
ပြုလို့ပြင်လို့မရတဲ့ အမျိူးတွေထဲမှာ လူမျိုးက add-ons
အနုပညာဆိုတာ အနုတွေ ပြင်ပြီး ညာ နေတဲ့
ပြု+ပြင်+ပြောင်းလဲထားတဲ့ creativity အမျိုးကို ဆိုလိုတာ
သူ့အဖေ ငယ်ငယ်တုန်းက သူ့အမေကိုပေးတဲ့ ရည်းစားစာထဲက စာသားတွေနဲ့
ရှေ့တန်းကို တစ်ယောက်တည်းထွက်ပြီး ရင်ကော့နေတဲ့ခင်ဗျားကို
ခင်ဗျားပိုင် sOci3Ty က အနောက်ကိုဘယ်နှစ်လှမ်းဆုတ်ခိုင်းနေသလဲ
တွင်းပဲရှိတယ်
အဲဒီတွင်းထဲက ဧကရာဇ်တွေရဲ့ ရာဇဝင်ကို
မနက်ဖြစ်လာမဲ့ ညနေတစ်ခု အလယ်က
ဦးထုတ် နောက်ပြန်ဆောင်းထားတဲ့ ကလေးတစ်ယောက်
လက်ခလယ်ထောင်ပြသွားတဲ့ ဘီစကွတ်ပွဲတော်ကို
မင်းတစ်ကိုက် ငါတစ်ကိုက်
Wednesday, August 3, 2011
ည ကလေး လုံးကြီးတင် ကလေး
နေလောင်လို့ အရောင်လွှင့်နေတဲ့ ညီလေးက
အထူး ၄၈ ပေါ်မှာ လက်ပြပြီးကျန်နေခဲ့တော့တယ်
သူတို့တွေက အမျိုးသားယဉ်ကျေးမှု ဆိုက်ကားတွေနဲ့ကျော်တက်သွားပြီ
မျက်လုံးကို တအားမှိတ်ပြီး ပြန်ဖွင့်လိုက်တိုင်း
ခြံစည်းရိုးအမြင့်ကြီးတွေရှေ့က အလှစိုက်မြက်ပန်းတွေ တအားလှိုင်နေကြတယ်
သေချာလျှော်ဖွတ် မီးပူတိုက်ပြီး ကော်လံအဖြူ ဝတ်များ
ရေမချိုးရသေးတဲ့ ခန္ဓာကိုယ်နဲ့ လူတောတိုးနေကြပုံကို
ရေခဲတိုက်ထဲက ကိုယ်ခန္ဓာများကလှောင်ရယ်နေကြပြီ
ဒီလိုနဲ့ပဲ ငါတို့လဲ ဆယ်တန်းအောင်ခဲ့ကြတယ်
အဲဒီ့ ဆယ်တန်းအောင်စာရင်းကြည့်တဲ့ညက
ညီလေးနာမည်နဲ့တူတဲ့လူ ဆယ်ယောက်
ငါ့ညီလေးနာမည်က ဘယ်နား ပေါက်ကျန်နေခဲ့သလဲ
ငွေပန်းတွေ ပွင့်နေကြတဲ့ ကျောင်းတော်ကြီးထဲမှာ
ဆရာဝန်ဆိုတဲ့လူကိုမှ ငါ့ညီလေးကဖြစ်ချင်ခဲ့ရတာလား
အဲဒီ့အသီးတွေက ထောင်ချီတန်လို့ ဗခခနျျ ီနညငနိ ပါ ငါ့ညီလေး
မနက်ခင်းကို ရောက်ချင်ဇောနဲ့ အမှောင်ထုကိုအတင်းကျော်ချလို့မရဘူးလေ
တက်မကြီးမှမကောင်းဘဲ ဝမ်းထဲကရေတွေခပ်ထုတ်လို့ရော
မျော ... မျော ... မျော ...
ငါ့ညီလေးက ကြောက်ရမဲ့သူတွေသိပ်များနေလို့
တချို့ကိုစိတ်ထဲမှာမှတ် လက်ငါးချောင်းထောင်ပြီး နှုတ်လိုက်တယ်
၁။ အန်တီတို့က အများကြီးလျှော့ပေးထားတာဘဲ တစ်ယောက်တစ်ဝက်ပေါ့
၂။ မင်းကဘာလို့ခဏခဏနောက်ကျနေတာလဲ
၃။ အဲဒါမင်းလုပ်တာ ငါဘာမှမသိဘူး
၄။ ၁ဝဝ နောက်မှယူ
.....၁ဝဝ နောက်မှယူ
.....၁ဝဝ နောက်မှယူ
.....၁ဝဝ နောက်မှယူ
၅။ ငါတို့လုပ်ငန်းစဉ်ကြီး တိုးတက်ရေးဆိုတာ မင်းတို့အပေါ်အများကြီး မှုတည်နေတယ်
၆။ ဘယ်တော့ရမှာလဲ
.....ဘယ်တော့ရမှာလဲ
.....ဘယ်တော့ရမှာလဲ
.....ဘယ်တော့ရမှာလဲ
အရာရာက သိပ်ဈေးကြီးလွန်းတော့ လက်ပေါက်ကပ်နေတဲ့ ပုလွေရိုးကိုပဲ
အခန်းဒေါင့်မှာ ထောင်ထားတဲ့ တံမျက်စည်းလို အမွှေးတွေဖွာလို့ ။
Monday, August 1, 2011
ည
ဇောက်ထိုးရေးဆွဲထားတဲ့
ည
ဒီအသိနဲ့ ဒီအလင်းကို
ပြာခက်တွေ တောက်ချလိုက်တဲ့
ည
ကိုယ့်ကိုယ်ကို
ပြန်တိုက်ကြည့်လို့မှ
သီးမလာတဲ့ မီးတွေနဲ့လှခဲ့တဲ့
စကားသံနဲ့ နားသံတွေ
ခြေရာတွေနောက်က
ညကိုထောက်မဲ့ နံရံတွေပြောက်တဲ့
ည
လှလှပပရည်စူးပြီး
အိပ်မက်ကို ချိတ်ပိတ်လိုက်တဲ့
ည
ခရီးသွားတဲ့ အနက်ရောင်ငှက်များမို့
အသွားမရှိ
အပြန်မရှိ
ခြေရာတွေမရှိ
မနက်ခင်းတွေမရှိ
ဘာမှမရှိတဲ့ ရပ်ဝန်းအသေပေါ်က
မျှော်လင့်ချက်မဲ့တဲ့
မျှော်လင့်စရာမလိုတဲ့
ည
ကြုံရာကျပန်းတွေကို
မြင့်မြင့်မြတ်မြတ်တင်ရောင်းနေတဲ့
ည
ညကိုညကမျိုချ
ညမစစ်တဲ့ညတွေက
တိတ်ဆိတ်ခြင်းတွေအတုလုပ်
အမှောင်ဆုံးအမြစ်အရှုပ်နဲ့
ဝေးလွန်းလှတဲ့နေရာမှာပုတ်ပွနေတဲ့
ည
လေသံနဲ့ တိုးသံ
ဗ လက် ချိုင့် ခွက်ထဲက
က သေးသေးတင်ကို
တောင်းလို့ စားတဲ့
ည
ညက
မာကျူရီမီးကိုပြန်ခေါ်နေတယ်
အပျက်မကိုလိုက်ရှာနေတယ်
ညက
လူ့ယဉ်ကျေးမှုကိုလှောင်ရယ်နေတယ်
ညက
မလုံခြုံမှုထဲမှာလုံခြုံနေတယ်
ညက
လှလှပပခွက်ပြောက်နေတယ်



