မင်းကိုးကွယ်တဲ့ဘုရားပုံဆွဲကြိုးကလေးကို
မင့်ရင်ညွှန့်ကြားအမြတ်တနိုးဆွဲထားတဲ့
မိန်းမက
ငါ့နာမည်ကိုကြားဖူးနားဝတွေထဲလိုက်မေးနေတယ်
မင်းတို့အသိုင်းအဝိုင်းထဲက
ကြားဖူးနားဝနာမည်တွေထဲ
ငါပါမလာအောင်
ငါရွေးလျှောက်တဲ့လမ်းက
လူနည်းလွန်းတယ်
ဒါမို့
မင်းတို့ကြားဖူးနားဝတွေလဲ
ငါ့လမ်းမှာမရှိဘူး
တိတ်ဆိတ်တဲ့အသံတွေက
ဆူညံလွန်းလို့
ငါ့မှာဂီတဖြစ်ရတယ်
အသံမကြားရတာကြာလွန်းလို့
လိုက်ရှာနေလဲ
အသံကကိုယ့်ဆီပြန်လာမယ်
ထင်နေကြတုန်းပဲလား
ဘယ်တော့မှပြန်မလာတဲ့အသံကို
မင်းတို့အသိုင်းအဝိုင်းက
ကြိုးအစုံနဲ့တီးနေကြပြန်တယ်
ငါမမြင်ပေမယ့်
ငါ့ဆီလာတဲ့လေထဲမှာ
ဗလာကျင်းတဲ့ခံစားမှုအငွေ့အသက်ပဲ
ငါရှုရှိုက်လိုက်မိတယ်
ဖြစ်တည်ခြင်းဟာနှောင့်နှေးလွန်းလို့
လိပ်ပြာဘဝကိုပြောင်းပြီး
ပန်းချီကားထဲအပြီးအပိုင်ဝင်အိပ်နေလိုက်တယ်
အခန်းသုညကနေ
နောက်တစ်ခန်းကူးလဲ
မင်းကြားဖူးနားဝငါ့နာမည်က
အခန်းထဲကိုဘယ်တော့မှမဝင်ခဲ့ဘူး
မင်းရင်ညွှန့်ပေါ်ကဘုရားပုံဆွဲကြိုးမှာရော
ငါ့နာမည်ထိုးထားသေးလား
nelay
No comments:
Post a Comment