Pages

Tuesday, August 11, 2015

ကောင်းကင် အနီ



တိတ်ဆိတ်တဲ့ မျက်နှာမှာ
အရေပြားမပါတဲ့ အပြုံးကိုတွေ့ရတယ်

ကလေးတစ်ယောက်က အား လို့အော်နေတာ
ငုံ့ကြည့်လိုက်တော့
သူရူးတစ်ယောက်ရဲ့တေးသွားကိုတွေ့ရတယ်

စိတ္တဇဟာ ခိုင်မာလာတော့
ပန်းတွေဟာ Time Lapse နဲ့ပွင့်လာတယ်

အခွံထဲက နာမ်တွေဆွဲထုတ်လိုက်တော့
အမှောင်ထဲမှာ အိမ်တွေပဲ တွေ့ရတယ်

သူတို့တွေပြောပြောနေတဲ့ စကားတွေဟာ
အနာဂတ် အနာထုတ်ကုန်တွေပဲဖြစ်ကြတယ်

မျက်လုံးကို အကျယ်ကြီးမှိတ်ထားပေမယ့်
ငါ့ကိုယ်ငါ ကျိန်းစပ်အောင်တွေ့နေရတယ်

ရေတွေရဲ့အဖျားဟာကျဉ်းမြောင်းသေးသွယ်သလောက်
လှိုင်းတွေရဲ့ ဒဏ်ရာဟာ ပြင်းထန်မောက်မာလွန်းတယ်

မရှိတော့ဘူးအထင်နဲ့ ထွက်သွားပေမယ့်
တကယ်တော့ကမ္ဘာတည်သ၍ ရှိနေတယ်
ကမ္ဘာမတည်ရင်လဲ ရှိနေအုံးမယ်

ရှု့မျှော်ခင်းတွေ လှပဆန်းကြယ်သလောက်
ရထားပေါ်မှာ အိမ်သာတံခါးမဖွင့်တတ်တဲ့ လူကိုတွေ့တော့
ငါ့ဘေးမှာထိုင်နေတဲ့ မင်းကိုလွမ်းလာတယ်

အမြစ်တွေခိုင်မာလာတော့
ကျောက်ဆောင်တွေ ပြိုပျက်ကုန်တယ်

သစ်သီးအကောင်းတွေအတွက်
သစ်သီးအပုပ်တွေ လှလှပပ ပုပ်ပေးရတယ်

ဂျူပီတာမှာ လိုက်ရှာတယ်
စေတန်မှာ လိုက်ရှာတယ်
မာကျူရီမှာ လိုက်ရှာတယ်
နက္ခတ် ထဲမှာမပါတဲ့
ကမ္ဘာပေါ်မှာ မေ့မျောခြင်းနဲ့လိုက်ရှာတယ်

ဒုက္ခိတဟာခိုင်မာလာတော့
ရယ်သံတွေပိုကျယ်လာပြီး
ငိုသံတွေခမ်းကုန်ကြတယ်

ငါ့သား ငါ့တိတ်ဆိတ်ခြင်းကိုမြင်ရပြီလား
ပခုံးပေါ်တင်ထားတဲ့လက်တွေဖယ်ပြီး
မဆုံးသောလမ်းကိုလျှောက်တော့မယ်ပေါ့

နံရံတွေဟာဘယ်ဘဝကရေစက်ကြောင့်
အသံတွေကိုပြန်လွှင့်နိုင်ကြတာလဲ

နားကွဲမတတ်အော်ခဲ့တဲ့ အသံတွေ
တစ်စက်ကလေးတောင် မအက်ခဲ့ရပါပဲ
ကောင်းကင်ဟာ နီ ခဲ့တယ်


nelay





No comments: