Pages

Tuesday, August 11, 2015

ရာဇဂြိုလ် ဆိုင်းဘုတ်ရှေ့မှာ ခွေးဟောင်နေတယ်



မင်းကိုးကွယ်တဲ့ဘုရားပုံဆွဲကြိုးကလေးကို
မင့်ရင်ညွှန့်ကြားအမြတ်တနိုးဆွဲထားတဲ့
မိန်းမက
ငါ့နာမည်ကိုကြားဖူးနားဝတွေထဲလိုက်မေးနေတယ်
မင်းတို့အသိုင်းအဝိုင်းထဲက
ကြားဖူးနားဝနာမည်တွေထဲ
ငါပါမလာအောင်
ငါရွေးလျှောက်တဲ့လမ်းက
လူနည်းလွန်းတယ်
ဒါမို့
မင်းတို့ကြားဖူးနားဝတွေလဲ
ငါ့လမ်းမှာမရှိဘူး
တိတ်ဆိတ်တဲ့အသံတွေက
ဆူညံလွန်းလို့
ငါ့မှာဂီတဖြစ်ရတယ်
အသံမကြားရတာကြာလွန်းလို့
လိုက်ရှာနေလဲ
အသံကကိုယ့်ဆီပြန်လာမယ်
ထင်နေကြတုန်းပဲလား
ဘယ်တော့မှပြန်မလာတဲ့အသံကို
မင်းတို့အသိုင်းအဝိုင်းက
ကြိုးအစုံနဲ့တီးနေကြပြန်တယ်
ငါမမြင်ပေမယ့်
ငါ့ဆီလာတဲ့လေထဲမှာ
ဗလာကျင်းတဲ့ခံစားမှုအငွေ့အသက်ပဲ
ငါရှုရှိုက်လိုက်မိတယ်
ဖြစ်တည်ခြင်းဟာနှောင့်နှေးလွန်းလို့
လိပ်ပြာဘဝကိုပြောင်းပြီး
ပန်းချီကားထဲအပြီးအပိုင်ဝင်အိပ်နေလိုက်တယ်
အခန်းသုညကနေ
နောက်တစ်ခန်းကူးလဲ
မင်းကြားဖူးနားဝငါ့နာမည်က
အခန်းထဲကိုဘယ်တော့မှမဝင်ခဲ့ဘူး
မင်းရင်ညွှန့်ပေါ်ကဘုရားပုံဆွဲကြိုးမှာရော
ငါ့နာမည်ထိုးထားသေးလား



nelay





ကျမ က နှမ်းဆီ ပါ မောင်



မြေကြီးပေါ်ကို ကုန်းရုံးပြီးတက်လာတော့
သူတို့လက်တွေထဲမှာ အသီးတွေပါလာတယ်
သူတို့အသီးတွေဟာ သူတို့ကိုစိုက်ပျိုးတဲ့သူတွေအတွက်
ကျေးဇူးဆပ်ဖို့ လှပသပ်ရပ်ထိုက်တန်တဲ့ ဝဋ်ကြွေးတွေပါတဲ့

သူ့အဖေက နှမ်းခင်း ကိုစိုက်တယ်
သူ့အမေက နှမ်းခင်း ကိုရေလောင်းတယ်
သူ့အစ်ကိုကြီးက နှမ်းစေ့တွေအခြောက်လှမ်းတယ်
သူ့ညီမလေးကတော့ နှမ်းစေ့တွေ ပြာသတဲ့
သူ့မောင်လတ်ကတော့ နှမ်းဆီထုတ်တယ်လေ
သူ့မောင်ငယ်ကတော့ နှမ်းဖြူးပေးတယ်
သူမကတော့ နှမ်းဆီ ရောင်းတယ်လေ

ထုံးစံအတိုင်း ၄ ကြောင်းမြောက်ကို ပြန်ကောက်ရရင်
ကျေးဇူးဆပ်ဖို့ သူတို့ဝမ်းတွေ လှလှပပ ဝလင်ခဲ့တဲ့ နှမ်း
အဲ့ဒီ့ နှမ်းကို သူမက ဘယ်တော့မှ မမေ့ဘူးတဲ့
ဒါကြောင့် သူ့ကိုယ်သူတောင် တစ်ခါ တစ်ခါ နှမ်းဆီ လို့ပြောသတဲ့
သူမရောင်းခဲ့တဲ့ အရာကို သူမ ကျေးဇူးဆပ်တဲ့အနေနဲ့
သူ့ဘ၀ သူမမေ့အောင် ခေါ်ဝေါ်သတဲ့လေ

မြူတွေရှင်းလင်းတဲ့ ညနေခင်းမှာ
အဝေးက ငှက်ကလေးတွေ အိပ်တန်းတက်လို့အော်နေတဲ့အသံနဲ့အတူ
သူမရောင်းနေကြ နှမ်းဆီ ဆိုင်ကလေး သိမ်းလို့ အိမ်ပြန်လာချိန်
ကြည်နူးလှပနေတဲ့ ဖုန်တွေဝေ့နေတဲ့ လမ်းချိုးကလေးတစ်နေရာမှာ
ကျမ …….. မောင် နဲ့ ဝင်ဆောင့် (ဝါ) ဝင်တိုက်မိ ခဲ့လေရဲ့။



nelay





ကောင်းကင် အနီ



တိတ်ဆိတ်တဲ့ မျက်နှာမှာ
အရေပြားမပါတဲ့ အပြုံးကိုတွေ့ရတယ်

ကလေးတစ်ယောက်က အား လို့အော်နေတာ
ငုံ့ကြည့်လိုက်တော့
သူရူးတစ်ယောက်ရဲ့တေးသွားကိုတွေ့ရတယ်

စိတ္တဇဟာ ခိုင်မာလာတော့
ပန်းတွေဟာ Time Lapse နဲ့ပွင့်လာတယ်

အခွံထဲက နာမ်တွေဆွဲထုတ်လိုက်တော့
အမှောင်ထဲမှာ အိမ်တွေပဲ တွေ့ရတယ်

သူတို့တွေပြောပြောနေတဲ့ စကားတွေဟာ
အနာဂတ် အနာထုတ်ကုန်တွေပဲဖြစ်ကြတယ်

မျက်လုံးကို အကျယ်ကြီးမှိတ်ထားပေမယ့်
ငါ့ကိုယ်ငါ ကျိန်းစပ်အောင်တွေ့နေရတယ်

ရေတွေရဲ့အဖျားဟာကျဉ်းမြောင်းသေးသွယ်သလောက်
လှိုင်းတွေရဲ့ ဒဏ်ရာဟာ ပြင်းထန်မောက်မာလွန်းတယ်

မရှိတော့ဘူးအထင်နဲ့ ထွက်သွားပေမယ့်
တကယ်တော့ကမ္ဘာတည်သ၍ ရှိနေတယ်
ကမ္ဘာမတည်ရင်လဲ ရှိနေအုံးမယ်

ရှု့မျှော်ခင်းတွေ လှပဆန်းကြယ်သလောက်
ရထားပေါ်မှာ အိမ်သာတံခါးမဖွင့်တတ်တဲ့ လူကိုတွေ့တော့
ငါ့ဘေးမှာထိုင်နေတဲ့ မင်းကိုလွမ်းလာတယ်

အမြစ်တွေခိုင်မာလာတော့
ကျောက်ဆောင်တွေ ပြိုပျက်ကုန်တယ်

သစ်သီးအကောင်းတွေအတွက်
သစ်သီးအပုပ်တွေ လှလှပပ ပုပ်ပေးရတယ်

ဂျူပီတာမှာ လိုက်ရှာတယ်
စေတန်မှာ လိုက်ရှာတယ်
မာကျူရီမှာ လိုက်ရှာတယ်
နက္ခတ် ထဲမှာမပါတဲ့
ကမ္ဘာပေါ်မှာ မေ့မျောခြင်းနဲ့လိုက်ရှာတယ်

ဒုက္ခိတဟာခိုင်မာလာတော့
ရယ်သံတွေပိုကျယ်လာပြီး
ငိုသံတွေခမ်းကုန်ကြတယ်

ငါ့သား ငါ့တိတ်ဆိတ်ခြင်းကိုမြင်ရပြီလား
ပခုံးပေါ်တင်ထားတဲ့လက်တွေဖယ်ပြီး
မဆုံးသောလမ်းကိုလျှောက်တော့မယ်ပေါ့

နံရံတွေဟာဘယ်ဘဝကရေစက်ကြောင့်
အသံတွေကိုပြန်လွှင့်နိုင်ကြတာလဲ

နားကွဲမတတ်အော်ခဲ့တဲ့ အသံတွေ
တစ်စက်ကလေးတောင် မအက်ခဲ့ရပါပဲ
ကောင်းကင်ဟာ နီ ခဲ့တယ်


nelay





Friday, January 9, 2015

စိတ်သံခွာ



သပ်သပ်ရပ်ရပ်စီရီထားတဲ့ နားများကို ငေးကြည့်ရင်း
မျက်နှာပေါ်က အလွှာတု ကိုခွာမိတယ်
ရုပ်များဟာ ငါ့တိတ်ဆိတ်တဲ့ မျက်လုံးတွေထဲ ယိုယွင်းလို့
စကားသံဟာ ငါ့ရုပ်ကိုမြင်တော့ ကြောက်ရွံ့တုန်လှုပ်
ပရိတ်ရေတွေ ပလုပ်ကျင်းထုတ်လိုက်မှ ရောဂါဟာ ထခုန်တယ်
မှော်ဝန်းမှာ အသံကုန်သွားတဲ့ ဝိဉာဉ်တွေ အတိတ်မြစ်ထဲ သောင်းထွန်းလို့
ငါ့လှေဦးမှာ ခွစီးထားတဲ့ အရိပ်တွေကြောင့် ငါ့မြင်ကွင်းတွေ တိမ်ကွယ်လို့မှိုင်းညှို့
အခြားတစ်ဖက်မှာ ပျော်မြူးနေတဲ့ လူ့သတ္တဝါ ဆိုင်းဗုံတွေ
ငါ့မြစ်ရေကိုလှိုင်းထန်လို့ အတွင်းသဏ္ဍာန်ကိုများပြောင်းချင်ကြသလား
စိတ်ကူးထဲမှာ စည်းချထားတဲ့အသိဉာဏ်နဲ့ ငါ့ဖြစ်တည်ခြင်းကိုဖျောက်ပြစ်ကြသလား
မသေနိုင်တော့တဲ့ ကြယ်စုတွေထဲ နားတွေ ရုပ်တွေ မျက်နှာတွေနဲ့ စိတ်ဝိဉာဉ်တွေ
နာမ်တွေ မကုန်နိုင်တော့တဲ့ ကြယ်စင်အခန်းအနားတွေရဲ့ အဝေးမှာ
ငါ့ကိုယ်ငါ မှုတ်ထုတ်လိုက်လို့မှ ငါမထွက်လာတဲ့ အသက်ငွေ့အိမ်ထဲ
သန့်သန့်ရှင်းရှင်း မုသားတွေ ကျစ်ကျစ်ပါအောင် လိပ်ထားရတယ်
အိပ်မက်က လန့်နိုးဖို့ ကြိုးစားတိုင်း အိပ်မက်တွေဆွဲယူထားလို့
ငါ့ဘဝအိပ်စက်ခြင်းထဲမှာ ငါကပိတ်ကားပေါ်ပြေးတက်လာတဲ့ မီးစကလေးပါပဲ
ငါ့အိပ်မက်တွေနဲ့ ငါမီးလောင် ငါ့အိပ်စက်ခြင်းတွေ ငါမီးလောင် ငါ့အိပ်ယာထဲမှာ ငါမီးလောင်
ခွာသံပြင်းပြင်းနဲ့ ဘလောင်ဆန်နေတဲ့ ရုပ်ရောနာမ်ရော တည်ငြိမ်တဲ့ အသံနဲ့
အဖြူရောင်အဆိပ်သင့်ဇီဇဝါပွင့်ချပ်တွေ ငါ့ကိုယ်ပေါ်က ကြွေကျနေကြတယ်
နဖူးပေါ်မှာ ပြက်လုံးတွေတင်ပြီး ဆံပင်တွေရှည်လာတဲ့ ဘဝတည်ဆောက်မှုပုံသဏ္ဍာန်
မာဃကျမ်းစာထဲက လူ့သတ္တဝါ တီးလုံးကို ရေရှည်ခံဖို့ ထုတ်ပိုးမှုပုံသဏ္ဍာန်
သူလည်းမဟုတ် ငါလဲမဟုတ် စိတ်မာယာတွေ စာချုပ်ချုပ်ကြတဲ့ နောင်တပုံသဏ္ဍာန်
ဒါတွေမြင်နေရတဲ့ ငါ့ဦးခေါင်းအထက်က အသံနဲ့ ငါ့မျက်နှာအစစ်အမှန်ကို
ဘယ်ပင်လယ် ဘယ်နံရံ ဘယ်သဏ္ဍာန်နဲ့ အပ်ထားချင်တဲ့ ဆန္ဒတွေလဲ
အနာဂတ်က လူ့အမဲရောင်တွေ မမြင် မကြား မနာခင် စိတ်သံခွာကို
အတွင်းသားထဲ ဆူဆူညံအောင် တီးခတ်ထားလိုက်တယ်



nelay