Pages

Thursday, August 18, 2011

လွတ်လပ်ခြင်း မှ အန္တရာယ်ရှိသော ကြွက်

လွတ်လပ်ခြင်း မှ အန္တရာယ်ရှိသော ကြွက်





ကံတရားကို နောက်ပြန်မျက်နှာနဲ့ ကြည့်ပြီး

ပုံစံခွက်ထဲက ထွေးထုတ်လိုက်တဲ့အခါ

နေ့လည်နေ့ခင်း

အနီရောင်တိမ်တွေ ပြန့်ကွဲနေ



ငှားထားတဲ့ အခန်းလွတ် တခုစာ

ပြန်ပေးခဲ့တဲ့ နှုတ်ခမ်းရာတွေက

ကျဲပြန့်နေတဲ့ ပြာမှုန်အစွန်းမှာ အေးခဲနေ



လိပ်ပြာကို ခြုံထားတဲ့ ပိတ်စ ပါးပါးကလေးက

ဟိုး ... မိုးပေါ်က သွေးစက်တွေကို

အခန်း တံခါးဝမှာ မျှော်ငေးနေ



အမှောင်ထုကို ရေစို မီးခြစ်ဆံနဲ့

ကျုံ့ကျုံ့ကလေးထိုင်ပြီး

ဒုက္ခကို ဆုပန်းလိုက်ရဲ့



လေတိုက်သွားတဲ့ဟန်

ပစ္စုပန်ကို ကောက်သိမ်းလိုက်တဲ့ မာန်က

သူ့ခြေဖ၀ါးနင်းရာ နေရာတစ်လျှောက်

တကောက်ကောက်လိုက်နေ



ငါးစက္ကန့်စာ သီကျူးဖတ်ရှု့ရင်း

ဆေးလိပ်တိုတွေရဲ့ သင်္ချိုင်းကို

မြတ်မြတ်နိုးနိုး တွေ့ရှိနေ



သံကြိုးတွေရဲ့ ရနံ့နှစ်လိုမှုမျိုးက

ကြိုးတန်းပေါ်မှာ လှန်းထားတဲ့ သိက္ခာတရားကို

ဗလာ လက်မှတ်တခုနဲ့ လောင်ကျွမ်းနေ



အပြန်လမ်းရဲ့ သာယာကြည်နူးမှုမျိုးက

နာမည်မရှိတဲ့ သက်ရှိတစ်ခုကို

အဓိပ္ပါယ်မရှိတဲ့ သစ်ပင်ခြေရင်းက

နေလုံးကြီးရဲ့ ရာဇ၀င်လှလှကြီးဖြစ်နေ



အဲဒီ့နှလုံးခုန်သံမျိုးနဲ့

အဲ့ဒီ့လောက်ထိကြီးထွားလာတဲ့

အနက်ရောင်တောအုပ်ထဲမှာ

ထူးဆန်းတဲ့အကြောင်းအရာတွေပဲလောင်မြိုက်



မတော်တဆ ဆက်နွယ်နေတဲ့ ခက်ကြယ်တွေ

ကြာဇံကျော် ပန်းကန်ထဲက

အနာတရများ အရသာရှိနေ



ပြောက်ကွယ်သွားမဲ့ စကားလုံးများပေါ်က

အိပ်စက်ခြင်း အကြောင်းအရာများနဲ့

တချိန်ချိန်မှာ အတိအကျကို သက်ဆိုင်နေ



တရားစီရင်ခြင်းသို့

အစိတ်စိတ် အမြွှာမြွှာ

အသိတရားမှ လျစ်လျူရှု့ခြင်းကို

ရှိနေ အေ၀ရာ အပင်ကြီးရဲ့ဘယ်ဖက် ... ။

















nelay

သို့ ... အတာ

သို့ ... အတာ









ဒီလိုပဲ အပြင်မရောက်တဲ့ ရေဖလားတွေနဲ့

ငါတို့ကိုယ်ပေါ်က ပိတောက်ရနံ့တွေ



အစိမ်းရောင်ရေမှုန်တွေရော

စိတ်လှောင်ခြင်းရပ်ဝန်းမှာ ရေကစားနေသလား



အပြင်မှာနေတွေပူလွန်းလို့

ဒီလိုပဲဖြစ်သလိုပျော်ခဲ့ကြတဲ့ ရေစိုအ၀တ်တွေ



သိပ်စည်တာပေါ့ ညီမလေးရေ

ဒီဖက်နားက သင်္ကြန်အဟောင်းကြီးဟာ

မသေမချင်း သိပ်စည်ကားနေတာပေါ့



ရေစိုဂျင်းတစ်ထည်နဲ့

ပြည်လမ်းနားက ငုဝါပွင့်တွေကြားမှာ

စောက်ရူးလောကကြီးကိုမေ့ထားရတာလဲ

ဘယ်တော့မှမပွင့်တော့မဲ့ပိတောက်ကို

ရေမစိုအောင်ထုတ်ပိုး ခြေလှမ်းတွေတုန့်နှေးဖူးတယ်





ဆိုပါစို့

ငါ့သက်တန်းက ၆၀ ဆိုရင်

ခွေးသရေမှာ အခု ၆၀

အလွမ်းတွေနဲ့ အနွမ်းတွေက

နီရဲနေတဲ့ သင်္ကြန်တွေအလယ်မှာ

ရေမွှန်းလို့ ၆ နာရီကျော်နေတယ်



အတာဦးရဲ့ရင်ခွင်ပျိုရေ

ဘောင်းဘီတို ၀တ်ပြီး သီလယူနေသေးသလား

အပြင်မှာ သိပ်ပူတယ်နော်

ခြံတံခါးတွေ ဖွင့်မထားတော့ဘူးပေါ့

ငါ့ရေပုံးကလေး အားငယ်နေတယ်



တချိန်ချိန်ပေါ့

ပြည်လမ်းပေါ်က သင်္ကြန်ရေလက်ကျန်တွေ

အစိမ်းရောင်လွင်ပြင်ကို ဖြတ်ကျော်ပြီး

ပိတောက်တွေနဲ့ မျောလာခဲ့မယ် ... ။











nelay

ကြော်ငြာဆိုင်းဘုတ် ၆

ကြော်ငြာဆိုင်းဘုတ် ၆







၃နာရီ ၁၅မိနစ်

စေတကို စေတည်ထားတဲ့

နားမလည်ခြင်းတွေ



၂၄နာရီ ၇ရက်

သွေးစုတ် အမ

ဝံပုလွေ အထီး

ခေတ်မျောကြီးထဲ

ကြီးပြင်းလာကြတယ်



၁၂နာရီအလွန်က သန်းခေါင်

တံခါးတွေသူ့အလိုလိုပွင့်လာမလား

မျှော်လင့်ချက်ကို ဆူးနှုတ်မရဘူး



စာမျက်နှာ ၂၇

အမှားပြင်ဆင်ချက်

အစထဲကမှင်နီသုံးခဲ့လို့

ဒေါက်တာတွေမျက်စိလည်သွားတယ်



၆နာရီ

မြေနီကုန်းလမ်းဆုံမှာ

ဆိုင်ဘုတ်တစ်ခုက

ငါ့ကိုခြောက်လှန့်နေတယ်





ဧပရယ် .. ရက်

အစားထိုးကုသထားတဲ့

ဝဲဖက်ရင်အုံကို

နောင်တတွေကြိုးစင်တင်ခဲ့တာ

နှောင်ကမ္ဘာမှာအတော်ကြာခဲ့



ကမ္ဘာ ၉

ဥာဏ်ပုပု

ဥာဏ်တိမ်တိမ်

ဥာဏ်ဗလာ

မီးလာဘူး



ည ၆

ငါ့ကိုမအောင်မြင်ခြင်းတွေ

လည်မျိုအပြည့်စွတ်ပေးထားတာ

ဝမ်းသာတယ် ကြည်နူးတယ်



ပိတောက် ရှစ်

လာပြန်ပြီး

ရေစိုစိုနဲ့စနေဂြိုလ်တွေ

သိပ်ပျော်တယ်

သိပ်ပျော်တယ်

သိပ်ပျော်တယ်

ပြီးရင်လဲပြီးသွားတာပဲ

ရေစိုစိုနဲ့စနေဂြိုလ်တွေ ။









nelay

အလင်းဝတ်လွှာ

အလင်းဝတ်လွှာ







အဲ့ဒီ့နေရာမှာ တစ်ခါတလေတော့လဲ

ငါ့ကိုယ်ငါ ပြန်ထူထောင်ချင်စိတ်တွေ ယှက်သွန်းပျိုးနေမိတယ်



အတိုင်းအတာတွေနဲ့ လူဖြစ်ဖူးလာထဲက

လူကို လူလို မမြင်ဖူးကြတဲ့တောအုပ်ထဲမှာ

အရူးတွေက တစ်ယောက်ကိုတစ်ယောက်

တိုင်းတာ ရွေးခြယ်နေလိုက်ကြတာ

သူ့အကြိုက် ကိုယ့်အကြိုက်တွေနဲ့

မရေမရာ မသေချာတဲ့ အချိန်ကာလကြီးကို

သေချာချင်နေလိုက်ပုံများ

ဝတ်လွှာရေ ... နင်မြင်ဖူးနေကြ

ဥလနမခေအငညါ တွေထက် ပိုဟာသပဲ



အလင်းအိမ်ငယ်ရဲ့ ဟိုးဝေးဝေးမှာ

တပျော်တပါးနဲ့ ငါ့ကိုစားသုံးပြီးမှ

ပွင့်လန်းနေတဲ့ ဥယျာဉ်တစ်ခုကို

ငါက မုဒိတာပြုနေရတယ်



ဘယ်လောက်များမြင့်မြတ်လိုက်တဲ့

စိတ်ကူးအိပ်မက်တွေလဲ



အဲ့ဒီ့ ချော့ကလက်ရောင် မီးအိပ်မက်ကို

နေရထိုင်ရတာ ငြီးငွေ့လာပြီမဟုတ်လား



လူပြောသူပြောများတဲ့ စိတ်အရေပျော်ဒြပ်ထုတွေက

ငါတို့ထက်စွမ်းအားကြီးလွန်းလို့

ဘဝအသေကြီးထဲမှာ ဘယ်အပြင်ကမ္ဘာမှ မရောက်ဖူးဘဲ

သေးငယ်တဲ့အမှုန်အမွှားတွေ မြေကြီးအဖြစ်နဲ့

သူရဲကောင်းဆန်ပြနေလိုက်ပုံများ ... ဟာသပဲ ...



သံယောဇဉ်တွေအတောင့်လိုက်ဝင်သွားလို့

ဒုက္ခကြီးလွယ်ထားရတာကိုက

ဝတ်လွှာရေ .......

ဂုဏ်ယူစရာပေါ့



နင့်အိမ်မှာ ကြည့်မှန်တခက်တော့

ရှိကောင်းရှိလိမ့်မယ်



ကိုယ့်အရိပ်ကိုယ်မြင်ရဖို့

အလင်းဝတ်လွှာတွေ အင်တာနက်မှာ

ပန်းကန်ပြားပျံစီးပြီး ပြောက်ဆုံးသွားသလား



ဒါမှမဟုတ်

လက်နှိပ်ဓါတ်မီးနဲ့ သာပြန်ပြန်ထိုး

စပွန်ဆာ မျိုးရိုးဆိုတာကလဲ

လူသားတွေပဲမဟုတ်လား



ငါတော့ငွေမရတဲ့ ကိုယ်ပိုင်အလုပ်တခုနဲ့

ဥယျာဉ်တစ်ခုကိုတခုတရ ပျိုးမိပါတယ်ကွာ ...

ရေကလဲအကောင်းကြီး

မြေကလဲအကောင်းကြီး



ဥယျာဉ်မှုးကို ပြန်ကိုက်တဲ့ပန်းတွေ ပွင့်လာတာတော့

ကိုယ့်ကိုယ်ကို ကျောပေးရုံကလွဲလို့

ပေါင်နှစ်ချောင်းလဲ မနာနိုင်တော့ဘူးပေါ့



ကိုယ်ရှိန်ကိုသပ်ပြီး ဆေးလိပ်တွေပဲရှိုက်ဖွာနေဖို့

ရာသီဥတုကောင်းနေဖို့နဲ့

တခြားလူတွေလို သူတို့အားကျတဲ့

ပညာရှိကြီးတွေ ရှိနေဖို့

ငါမှမလိုတာပဲ ဝတ်လွှာ ...



သေချာတာတစ်ခုကတော့

သေခြင်းဆိုတာ ငါတို့မျက်မြင်ကြုံနေရတဲ့

သေချာခြင်းပဲမဟုတ်လား



ကြယ်ကြွေညဦးရဲ့ အလယ်ခေါင်တည့်တည့်မှာ

ရေမွှေးပုလင်းမှောက်ကျခြင်းနဲ့

သစ်သားတံတားလေးကို မကျော်နိုင်တဲ့ ဆိုဒ်ကား

ဘယ်အခေါ်အဝေါ်ကရော မှားနေလို့လဲ

လင်းအိမ်လွှာ .....





ငါ့စာပေနဲ့

တ.ယူ.သန် ညတာရှည်တွေကရော

ကျန်းမာရေးပြန်ကောင်းလာဖို့

ပြတင်းပေါက်ဖွင့်ပြီးစိတ်ကူးယဉ်ကြည့်မိတယ်



ဘာပဲဖြစ်ဖြစ်ပေါ့ ဝတ်အိမ်လွှာ ...

ဒီညရုံတင်မဲ့ ''နောက်ဆုံးဘူတာ'' ကို

နံရံမှာ ချိတ်ဆွဲထားရုံနဲ့ မပြီးသေးဘူးဆိုတာ

လူတကာကိုလျှောက်မပြောဖို့နဲ့

မင်းကို အရူးလို့ပြောလာရင်ကျေကျေနပ်နပ်လက်ခံဖို့



အနီရောင်စက္ကူတွေကို

ငါ့မြေမှာတူးရှာရင်

အတုတွေပဲထွက်လာလိမ့်မယ်လို့ယုံကြည်ထားဖို့

မျက်နှာသုတ်ပုဝါတွေကိုနေလှန်းပြီး

ငါ့အလင်းဝတ်လွှာဆီ

ချောချောမောမောပြန်လာခဲ့တယ် ။







nelay







ရိုရိုသေသေ ပြတင်းပေါက်လိုက်တယ်

ရိုရိုသေသေ ပြတင်းပေါက်လိုက်တယ်







ငါ့အနားက

တချို့ပြတင်းပေါက်တွေ

ပိတ်ထားရတာပျော်တယ်





တနေ့က

ငါမိုးပေါ်ပစ်တင်လိုက်တဲ့လှေ

နှလုံးသားကမ်းခြေမှာ

မင်းလိပ်ပြာတွေဝဲနေတယ်





ဒီလိုဗုဒ္ဓဟူးနေ့မှာ

ခွာချလိုက်တဲ့မင်းမျက်နှာပေါ်က

နေဝင်သွားတဲ့ငှက်တွေအနှေးကွက်နဲ့

ငါ့ဝိဥာဉ်လှောင်ဖို့ခန္ဓာမဲ့နေတယ်





ဆံနွယ်တွေ ခါရမ်းလိုက်တိုင်း

ခန္ဓာတွေတစစီပျက်ကျ

ပုဝါပါးပါးထဲက မီးအိမ်ကလေးက

ငါ့ကိုငေးနေတယ်





အဲဒီ့အကြောင်း

မနေ့ကအရူးကိုပြောပြတော့





ပြတင်းတချို့က

မိသားစုဆိုတဲ့

ဧည့်သည်တွေအတွက်

ဘဝကို ဧည့်ခံပွဲလုပ်ပစ်လိုက်ရတဲ့

ညီမလေးတွေကိုဖွဲ့သီထားလို့





အေးအေးဆေးဆေးထွက်ကျလာတဲ့

မျက်လုံးနဲ့ငါ့ကိုကြည့်တယ်

အတိတ်ကိုမေ့ထားရမယ်တဲ့

အတိတ်မေ့တဲ့ရောဂါနဲ့ ဘဝမေ့တဲ့ရောဂါ

ဗိုက်ဆာတာတစ်ခုပဲသိရမယ်လို့

ဒေါသသံပါပါပြောရတာကိုက အရသာလား





ခြေရာတွေကို ပတ်တီးစီးပြီးမှ လမ်းလျှောက်ခဲ့တာ

ငါမဟုတ်ဘူးတဲ့





ပြတင်းတချို့က

ဥာဏ်ရည်ထွန်းတောက်တဲ့

ကြယ်ခက်ကလေးတွေ

အကြောက်တရားနဲ့

ခြောက်ပြားမတန်အောင်ပလုံသွားလို့





ဒီလိုပဲယာယီပျော်ရွှင်ခြင်းနဲ့

ယာယီမျှော်လင့်ချက်

လူတွေကို အတုလုပ်ရတာသိပ်လွယ်လွန်းနေတယ်



ပျဉ်းစရာကြီး

အာဘောင်အာရင်းသံသံနဲ့

အရက်ဆိုင်ကအတွေးအခေါ်မျိုးက

လူတွင်ကျယ်လုပ်ရအောင် အာပုတ်စော်နံတယ်





ပြတင်းတချို့က

သူရဲကောင်းသတ္တိမျိုးနဲ့

ဝေဟင်းထက်မှာပျံဖို့

ခြံစောင့်ခွေးနောက် နွားခံနေရလို့





အိပ်ယာပေါ်မှာ

ဆိပ်ဖလူးပန်းတွေ

စွန်းကုန်ပြီ





ဒီလိုနဲ့ပဲ

ဖေဖေရယ်

မေမေရယ်

ကိုကြီးရယ်

မကြီးရယ်

ကိုယ့်ထမင်းကိုယ်ရှာစားပြီး

မိသား မစုနိုင်တဲ့ဘဝ





ဒါမို့

ငါ့အနားက

တချို့ပြတင်းပေါက်တွေ

ပိတ်ထားရတာပျော်တယ်









nelay

အရိပ်ကွယ် အလင်း

အရိပ်ကွယ် အလင်း





ငါသူ့ကို

ဘယ်လိုနာမ်စားမျိုး

ခေါ်ဝေါ်သုံးစွဲရမလဲမသိဘူး



ငါ့အပြင်ဖက်က

သူကဘာကောင်လဲ

ငါ့ကိုဘာလို့

တလုံးချင်း စီ

ရှင်းပြနေရတာလဲ



ဘ ကုံးနဲ့

ဝ လုံးကို

ငါ့ကိုရှင်းပြနေတုန်းပဲလား

သူမသိသေးဘူး ငါသိတယ်ဆိုတာ

သူသိတာတွေ ငါသိတာတွေ

သူမသိသေးဘူး



ဒီလိုအေးစက်တဲ့

ညစက်စက်မျိုးတွေမှာ

ဆက်သွယ်မှုပျက်တောက်သွားတဲ့ မိုးတိမ်တွေပြိုကျ

ဟာသ ပြကွက်ကြီးကို ငါက သူ့အကြောင်းပြောပြဖူးတယ်လေ



ငါ့ကိုစော်ကားပုတ်ခတ်မှုတွေကို

တခုတရစုစုထားတဲ့ ဒေစီပန်းတွေထဲ

မျက်နှာဖုံးတွေတခုချင်းစီကို စောင်းသံနဲ့ပတ်ခြည်ထားတယ်



သူမရဲ့ မသန့်ရှုင်းတဲ့ခြေမကလေးကို

မိုးပေါ်ကလူတွေသိပါတယ်ဆိုတဲ့အတွေးနဲ့

ကမ်းနဖူးက ခုန်ချသွားတဲ့ လူအိုတွေကိုငုံ့ကြည့်

ငါကပြုံးဖြီးဖြီးနဲ့ဆာလောင်တယ်



အဲ့ဒီရောစပ်မှုတိုင်းမှာ

ကမ္ဘာဦးအစရဲ့အသိတရားနဲ့

တံခါးခေါက်သံတွေမေ့မျောလိမ့်မယ်



စစ.စ ၥ စစ ၥ စ..စ.စ ၥ.စ.စစက်

ရ.ဂံရုရရံ..ဂ..ရံရူရ.ရံရရရုံ

ထ်ု.တ်ထု..ုထ.ထ်တထ.ထထထုတ်

ေ.ေ ြေတ.တတ ြေ.တေတေတေေေတြ



သူ့မျက်ကွင်းတွေညိုနေတာ

အထိုးခံထားရလို့လား

ရာသီလာလို့လား

ငါနဲ့မလုံလောက်လို့တခြားတစ်ယောက်နဲ့

သွားအိပ်နေတာလား

ကြောက်စိတ်နဲ့လိုက်လျှောလိုက်ခြင်းလား

ဆင်ချင်တုံတရားပြောက်လို့အိပ်ရေးပျက်ခဲ့ခြင်းလား

ဘာအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ်

ဝိဆွဲမိလိုက်တဲ့အချိန်ပျော်တွေလား

ဘာပဲဖြစ်ဖြစ်

သူ့မျက်ကွင်းတွေဘာလို့ညိုနေတာလဲ



ဒါတွေကအရေးမကြီးပါဘူး

ဘာတွေကရောအရေးကြီးနေလို့လဲ



အရေပြားတွေကရောဘာလို့ထူထူလာတာလဲ

လေ့ကျင့်မှုတိုင်းကအလေ့အကျင့်ဖြစ်ခဲ့တာမဟုတ်ဘူး

မြစ်ဖျားတွေကိုတူးစွနေကြတာ

အခုမှစတာ

ဒုက္ခရောင်မိုးတိမ်တွေ

သမုဒ္ဒရာကြီးဖြစ်တဲ့အထိ

ခြေစဂေါင်းဆုံးရွာချ



ပဲပင်ပေါက်ကို

ပဲပြားနဲ့ရောကြော်လိုက်မှ

ပုံစံခွက်ထဲကလက်ထပ်ပွဲအသေတွေလှပ



အရိပ်ကိုကွယ်ထားတဲ့

အလင်းတွေ

ဖိနပ်ပေါက်ပေါက်နဲ့

နှုတ်ခမ်းတွေကိုထုတ်ထုတ်နမ်းနေကြတယ်









nelay

စိတ်ကူးယဉ်စကားလုံးများလုံး(ဝ)မဟုတ်ပါ

စိတ်ကူးယဉ်စကားလုံးများလုံး(ဝ)မဟုတ်ပါ





ငါ့ ဗလာမပါတဲ့ မျှော်လင့်ချက်ကို

အခြေတင်ပြီးမှ အခန်းသော့တွေက

မိုးပေါ်ကပြုတ်ကျလာခြင်းနဲ့

သတိရလိုက်တယ်



မြင်ဖူးနေကျကို

ကြယ်ခက်တွေခူးပြီး

သစ်ရွက်တွေကို ပန်ပေးလိုက်ပါတယ်



ပြုံးအိခြင်းနဲ့

ကြည်နူးနေပါတော့

မေ အိမ် ငယ်



အသစ်ပျိုးယူထားတဲ့

ငါ့ကမ္ဘာအိုမှာ

ဘဝ မရှိတဲ့ ဥယျာဉ်ကို

သံသရာ တလျှောက်

စိတ်ကူးယဉ် မျက်လုံးများနဲ့

နင့်လည်တိုင်လေးပေါ်

စိုက်ပျိုးလိုက်ခြင်းဟာ

မရေရာခြင်းလှိုင်းတွေ

တိုဝင်သွားတဲ့ မီးခိုးတွေပါ



အောက်ခြေက

တန်းတွေထဲမှာ

စားနေတဲ့ ဂဏာန်းတွေကို

ငါက ဘာနဲ့များ

တိုင်းတာပြရအုံးမှာလဲ



အနိုင်

နဲ့

အရှုံး

''အ'' နှစ်လုံးမကျေညက်တဲ့

အစာအိမ်တွေပါ



ငါ့အောက်ခြေမှာလိုင်းတားပြီး

ဘာကိုများ ခေါင်းစဉ်လုပ်ချင်ရတာလဲ



လူတွေအားလုံး

အုံဖူးထားတဲ့

ဆင်းရဲသား

လူချမ်းသာ

ရွှေဈေးတွေလဲကျသွားပြီ



မျက်လွှာအထက်က

အပုတ်ချိန်မှာ

၈နာရီအပုတ်သတင်းနဲ့

အပုတ်ကောင်တွေ

လမ်းသလားနေကြသလား

ငါမကြည့်အားဘူး



ဒီစိတ်ကူးကိုဖြိုခွင်းလိုက်တဲ့

မိုးတိမ်

သူမလက်သည်းခွံထဲက

တောစိမ်းတွေလဲ

အလွမ်းရှိန်နဲ့လောင်မြိုက်

မြို့ပျက်ကြီး ငိုရှိုက်နေပြီ



ငါးထောင်တန်နဲ့လိုက်ပါသွားတဲ့

တိမ်ပေါ်ကစကားလုံးတွေထဲမှာ

ငါမသုံးနှုန်းတတ်တဲ့

လေသံသဲ့သဲ့ကိုဖမ်းယူမျိုချ

စိတ်ကူးယဉ်လှလှလေးနဲ့

ပျက်ကျသွားတယ်





nelay

ပြာ

ပြာ







မနှစ်တုန်းက

ရှင်းစရာတွေနဲ့ ပြစရာတွေ

ဘယ်လူ့ဘုံက ကဝေပျိုနဲ့

မင်းနှလုံးသားထဲ ဗုဒ္ဓဟူး

မထူးနိုင်ဘူး



ခြေစွတ်အိမ်ထဲက နှလုံးခုန်သံနဲ့

နှုတ်ခမ်းနီထုတ်ထုတ်စိုးနေတဲ့ ငါးမူးမပြည့်တဲ့ လ



သူတို့ရပ်ကွက်ထဲမှာ

မင်းလိုပေါ့တဲ့ပူဖောင်းတွေ ဖောက်ကြ

မျက်နှာအသိကလေးနဲ့ ထွက်ပြ

လက်ကလေးကာပြီးရှက်ပြ



ကျပ်စေ့ကလေး မင်းက

တချိန်လုံး ပန်းကြီးဘဲဖြစ်ပြ

ငါ့အနားက လျှာကို လာပြီးကြည့်ကြ



အဖြူရည်ဆိုင်ထဲက မီးတောက်တွေနဲ့

မင်းနှလုံးသားကိုလမ်းပြ မိုးပေါ်မှာကတဲ့ညက

မီးအခန်းကိုရှင်းကြ



တဘဝစာ နောက်ပစ်လဲခဲ့တဲ့

မင်းလက်ဖဝါးနုနုပေါ်က

ရွှေသီရိရောင် မှင်နီရာကလေးနဲ့

သူတို့တွေကခြစ်ကြ



ငှက်ကလေးတွေလို ညနက်နက်ထဲမှာ

မြတ်နိုးပြယုံနဲ့ ခိုးခိုးခစ်ခစ် ရီကြ



သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ

သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ



ဟာသ ဆို တာ

ဒီလိုး) မျိုးလား

ဒီလို (း မျိုးလား



မြေပုံပေါ်မှာ လက်ကလေးထောက်ပြီး

ဒီလောက်ကလေးပဲ ဝေးတာပါလို့

ရိုးရိုးကလေး ပြုံးပြသွားတဲ့

ပစ္စုပ္ပ္ပန် မလေးရဲ့အဖြေကို မင်းက

စကြဝဠာထမ်းပြီး အိပ်မက်တွေဘဲ မက်ပြ



ညနေတုန်းက လက်ထဲနွေးခဲ့သမျှ

နောက်တစ်နေ့ အသေကောင်လိုပုတ်ပွ

စိတ်ကူးတွေနဲ့ မျက်နှာရူးကြ



သန်းခေါင်မကျော်ခင် ငါထ က လိုက်တဲ့ အရုပ်နဲ့

ကြိုးရှုပ်သွားတဲ့ ကျောက်ဆောင်ပေါ်မှာ

ဒီတေးသွားက မင်းကိုပြာချ ။











nelay

ပါးစပ် စစ်များ

ပါးစပ် စစ်များ





ဘယ်လောက်ထည့်ထည့်မလောက်ငှဘူး

ဘယ်လောက်ထွေးထွေးမကုန်တော့ဘူး

ရွံ့စရာတွေ ပစ်ချွဲချွဲတွေ လာလာမထည့်နဲ့

သွားကြားထဲက အပုတ်တွေကော်ထုတ်

မသတီစရာတွေ သကာ သုတ်ပြီး ထွေးထုတ်လိုက်တယ်



ကျေးဇူးတရားမသိသူ သူ့ကိုဖြူဖွေးအောင် တိုက်ချွတ်

ကြွေရောင် အရီ ပြိုးပြိုးပျက်ပျက်နဲ့ လက်ဆွဲနှုတ်ဆက်အုံးမယ်

မဖြစ်မနေသုံးရတဲ့ နာမ်စားကိုပဲ သူဝါးမိသလိုလို

သွားကြား

သွားကြား

သွားကြားညှပ်လို့



နှုတ်ခမ်းနီဆိုးမထားဘူး ရာစုနှစ်ရဲ့ သွေးတွေသောက်ထားတာ

ပါးစပ်တွေက နှုတ်ခမ်းငတ်သလိုမျိုး အလင်းတိုးအားနဲ့

ကျယ်လာတဲ့ တော်သလင်းလကို ထိုင်ကြည့်



ဘဲကလေး ထုတ်နှုတ်ဖူးသလို နငအ့နမျတငာ သမျငညုာနအ့သိ နဲ့

အဲဒီ့အပေါက်ထဲမှာ ဠာန်ကရိုဏ်းကျကျ လျှာတွေစိုက်ပျိုးထားတယ်



ညည အိပ်နေရင်တောင် ပလုပ်ပလောင်းနဲ့ ဘာတွေပြောနေလဲ

ဟိုတလောက နာဆာ ဖမ်းမိတဲ့ အမျိုးအမည်မသိ အသံလှိုင်းက

အဲဒီ့ အသံ

အစားအသောက်စားပြီးရင် မီးခိုးငတ်ရတာ မောတယ်



၁ ၂ ၃ ဆိုပြီး ဂီတသံစသလို

အူဝဲ ဝါးးးးးး ဗြဲ ဆိုပြီး ပါးစပ်က စတယ်

ဟူးးးးး အင့် အားးးးးးးး ဒါမှမဟုတ် ဘာသံမှမထွက်ပဲ သေတယ်



၆ နာရီသတင်းကြည့်ပြီး ၇ နာရီ ရုပ်ရှင်ကြည့်တဲ့

ပါးစပ်တွေက အရှေ့တမျိုး ကွယ်ရာတမျိုး ပြောတတ်တယ်



ခေါင်းတွေလှည့်တဲ့ ဖက် ပါးစပ်တွေလိုက်လှည့်

ခေါင်းတွေ ရမ်းတဲ့ဖက် ပါးစပ်တွေ လိုက်ရမ်း

ခေါင်းတွေ ခါသလို ပါးစပ်တွေ လိုက်ခါ

အမွှေးအမျှင်တွေကြားမှာလဲ ပုန်းနေတတ်တယ်



တခြားလူကို ကြင်နာပြရင်တောင် သူ့ကိုကြင်နာတယ်အထင်နဲ့

ပါးစပ်တွေက ဟစိ ဟစိ လွမ်းနေတတ်တယ်



နှလုံးသား အစမ်းအစားထိုးကုသရာမှာ အစမ်းသတ်ခံသက်သက်

မိသားစုနဲ့မတော်တဲ့ အကြောင်း ဆရာဝန်က

အဲဒီ အပေါက်နဲ့ သတင်းကောင်းပါးတယ်



ဒါက ပါတီ မညီမျှမှုနဲ့ ဆိုင်လား ဘာဝါဒတွေ ဝါးမိသွားလို့လဲ

ပြောစမ်းပါ အနုပညာ အလုပ်လုပ်တဲ့ ပါးစပ်တွေ



အ နေရင်တောင် အကောင်းစားမုသားတွေမထွက်ချင်နေမယ်

အကောင်းစား သေချင်းဆိုးငှက်ပျောသီးကို စားကြအုံးမယ်



သွေးပြန်ကြောတွေ အဆက်ဖြတ်လိုက်လို့ စီးစရာမရှိတဲ့

ဒီအပေါက်တွေ သွေးငတ်နေရတယ်

အဲဒီ့ လုံးရာ ကနေ ပြားသွားတဲ့ စကားလုံးတွေပဲ မဝါးပဲမျိုချ

ခွင့်ပြုပါ

ဝမ်းမြောက်ဝမ်းသာ

ဂုဏ်ပြုလွှာနဲ့

ကျေးဇူးတင်လွှာ

တရားနာရတာ တရားတွေ နာကျင်သလို

ငုံထားရတာ ကိုယ်ဝန်ရသလိုပဲ



ပတ်ဝန်းကျင်ကလဲ လက်ခုပ်တီးကြတော့

မောင့်ကျက်သရေထုတ်ပြီး ပုဆိုးအစိမ်းတွေထုတ်ဝတ်ကြအုံးမယ်

အဲဒီ့အပေါက်တွေက နငယ် မလုပ်ပါဘူး

ငါ့ကဗျာ တပုဒ်ပြန်ထုတ်နှုတ်ရရင်

ဒီနေရာမှာ သွားကြည့်ကြပါ ဒီနေရာမှာ သွားမကြည့်ချင်လဲနေပါ

မုတ်သုန်ကာလမို့ မိုးရွာချင်လဲ ရွာမယ် မရွာချင်လဲ မရွာဘူး



သူမလျှာကလေး ကောင်းစားနေရင်တော့ ငါတို့ပါးစပ်တွေက ကောင်းချီးပေးလိမ့်မယ်

အကြိုတူးထားတဲ့ မြေကြွင်းတွေ

အကြိုမွှေးထားတဲ့ မီးတောက်တွေထဲ

မမြှပ်ခင် မသင်္ဂြီုဟ်ခင် လူရာဝင်အောင် ဝင်ဝင်ထွေးထားဖို့နဲ့

ပါးစပ် အစစ်တွေထဲ ဝင်လာမယ်ဆို ကွိုင်ရှာမလာဖို့ မှာချင်တယ်။





nelay

ဒီနေရာမှာ သုညတွေပေါတယ်

ဒီနေရာမှာ သုညတွေပေါတယ်



ပျူတို့ရဲ့ ဘုရင်

ရှမ်းတို့ရဲ့ သခင်

တရုတ်တို့ရဲ့ နတ်ဘုရား

ခင်ဗျားက ပျူစောထီးလား

ဒါနဲ့များ ဒီလိုကောင်တွေ ပေါက်ဖွားလာတယ်

သုံးရုပ်ထဲကျန်တဲ့ သခင်နဲ့

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့

ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်

တော်ပီဒိုတွေ မတင်မိလို့ လေယာဉ်တွေရေထဲမြုပ်ကုန်ပြီ

တောင်အရပ်နဲ့ မြောက်အရပ်ကို တပ်ဖြန့်မိလို့

အမိမြေမှာ ဘာမှမကျန်တော့ဘူး

၆ရက်၆လပါပဲ အီကွေတာတည့်တည့်မှာ ကျွန်းမကျန်တော့လို့

Enigma တွေထဲမှာ လူပြောက်ရှာနေတဲ့သူက

လောကကြီးအတွက် စက္ကူရှ သွားတယ်တဲ့

ဓါတ်ကြီးလေးပါးမှာ ရေဓါတ် လေဓါတ် မီးဓါတ်

ခင်ဗျားစိတ်ဓါတ်ကို သတ်ပြီး နားတွေကို ငိုကြွေးခိုင်းတဲ့ ပါးစပ်က

လူကြားကောင်းအောင် ကဗျာတွေဘဲထိုင်ထိုင်ရေးနေတယ်

ခင်ဗျားတို့ငယ်ငယ်တုန်းက ဘေဘီဘိုက်တာပဲသောက်ခဲ့ရတာ

ငါတို့ငယ်ငယ်တုန်းက Dumex သောက်ရတယ်

WA လုံး တွေပေါ်မှာ သရဖူတွေ တလက်လက်နဲ့

၅၀ တန် အိမ်သာ တံခါးကိုဖွင့်လိုက်တော့

တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့

၁၇၀၀ ကျပ်တန် အလုပ်သမားလေးရဲ့ ဘ၀ထဲရောက်သွားတယ်

မြင်ဖူးချင်လိုက်တဲ့ ညနက်နက် လစက်စက်တွေကို

၁။ ကားခက ၄၀၀

၂။ ခရမ်းချဉ်သီးအပုတ်တွေက ၂၀၀

၃။ ဆန်ကွဲသာသာ ဆန်တပြည်က ၅၀၀

၎။ ၁၀၀ က ကလေးငိုလို့ သကြားလုံးဝယ်လိုက်တယ်

၅။ ကျန်တဲ့ ၃၀၀ က မနေ့က အကြွေးကိုဆပ်ရတယ်

၆။ နောက်နေ့လမ်း စရိတ်အတွက် ၂၀၀

ကျပ်မပြည့်တဲ့ ခင်ဗျားတို့ သိခဲ့သမျှ အဲ့သကောင်က ဒူးနန့်နေတယ်

သွားကြားညှပ်နေတဲ့ကြားက နေကလဲ မ၀င်နိုင်ဘူး

လူတွေသာ စိတ်ကူးမယဉ်တတ်ရင် ဘာဖြစ်လာမလဲလို့

Second thought နဲ့မီးညှိလိုက်တယ်





nelay





ကိုယ့်ကိုယ်ကို

ဇောက်ထိုးရေးဆွဲထားတဲ့





ဒီအသိနဲ့ ဒီအလင်းကို

ပြာခက်တွေ တောက်ချလိုက်တဲ့





ကိုယ့်ကိုယ်ကို

ပြန်တိုက်ကြည့်လို့မှ

သီးမလာတဲ့ မီးတွေနဲ့လှခဲ့တဲ့





စကားသံနဲ့ နားသံတွေ

ခြေရာတွေနောက်က

ညကိုထောက်မဲ့ နံရံတွေပြောက်တဲ့





လှလှပပရည်စူးပြီး

အိပ်မက်ကို ချိတ်ပိတ်လိုက်တဲ့





ခရီးသွားတဲ့ အနက်ရောင်ငှက်များမို့

အသွားမရှိ

အပြန်မရှိ

ခြေရာတွေမရှိ

မနက်ခင်းတွေမရှိ

ဘာမှမရှိတဲ့ ရပ်ဝန်းအသေပေါ်က

မျှော်လင့်ချက်မဲ့တဲ့

မျှော်လင့်စရာမလိုတဲ့





ကြုံရာကျပန်းတွေကို

မြင့်မြင့်မြတ်မြတ်တင်ရောင်းနေတဲ့





ညကိုညကမျိုချ

ညမစစ်တဲ့ညတွေက

တိတ်ဆိတ်ခြင်းတွေအတုလုပ်

အမှောင်ဆုံးအမြစ်အရှုပ်နဲ့

ဝေးလွန်းလှတဲ့နေရာမှာပုတ်ပွနေတဲ့





လေသံနဲ့ တိုးသံ

ဗ လက် ချိုင့် ခွက်ထဲက

က သေးသေးတင်ကို

တောင်းလို့ စားတဲ့





ညက

မာကျူရီမီးကိုပြန်ခေါ်နေတယ်

ညက

အပျက်မကိုလိုက်ရှာနေတယ်

ညက

လူ့ယဉ်ကျေးမှုကိုလှောင်ရယ်နေတယ်

ညက

မလုံခြုံမှုထဲမှာလုံခြုံနေတယ်

ညက

လှလှပပခွက်ပြောက်နေတယ်





nelay

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း





နှလုံးသားထဲက မနားတမ်း အတိတ်တွေ အဒွန့်ရှည်ပါစေ

မျက်လုံးထဲက ဆံနွယ်တွေ မြစ်ကိုရစ်လို့ ဒီအချစ်ကိုတည်ဖြစ်စေ

မပြောစကား အခြေနဲ့ နားအိုထဲက မြွေကိုလဲ လန့်နိုးပါစေ



ရုပ်လုံးအထပ်ထပ်နဲ့ ငါ့လက်ကိုဆွဲမှတ်လို့ အချစ်ကိုဦးညွှတ်ပါရစေ

ဘယ်နေရာက ရွှေငါးတွေလဲ မင်းအရိပ်ကို ခိုးနမ်းကြလို့

မျက်ရည်တွေ သုတ်ပြီး ညမအိပ်နဲ့တော့ ကလေးရေ ...



လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား

ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့



စိတ်အမုန်းအခြေရဲ့ အူတိုင်တည့်တည့်က ဒေါသတေးသွားကို

ဧဒင်ဥယျာဉ်ထဲက အဆိပ်ခွက်နဲ့ဖြေဖျောက် နံနက်မိုးသောက်ရင်

ကလေးတစ်ယောက် အိပ်မက်တွေပိုက်လို့

ရည်ညွှန်းရာ တိမ်ကိုးကို အပြုံးတွေမှုံရည်လူးလို့ ပြန်လာပါစေသား



ခရီးလမ်းတစ်လျှောက် ငါ့ခြေရာတွေက ဆူးဆိပ်တွေ ပွင့်ဝေဖူးလို့

ဘယ်လိုမှဖြောက်မရတဲ့ ခြောက်ကမ္ဘာမှန်ထဲ အဖြူရောင်ကိုဘောင်ကွတ်ဖူးတယ်



မြွေတစ်ကောင်ရဲ့ သူ့အမြှီး သူပြန်မျိုနေတဲ့ အသံ

... ... ... ... ... ... ... ... ... ... ... ... ... ... ... ...

ညာဖက်မျက်လုံးနဲ့ကြည့်ပြီး ဘယ်ဖက်ရင်ခုန်သံနဲ့ကြားရဲ့လား ကလေးရေ



တိတ်ဆိတ်ခြင်းရဲ့ အိပ်မက်တေးသွားလောက်

မင်းကို ကိုယ်ချင်းစာတတ်တဲ့ လူတစ်ယောက်

မင်းသာ အိပ်ယာအောက်မှာ ရှိခဲ့ဖူးလိမ့်မယ်



ကမ္ဘာကို လျှော့တွက်ပြီးသာ မင်းလမ်းတွေဖောက်

လည်ချောင်းထဲက ပရိတ်သတ်တွေ ကျော့ကျော့ကလေး လျှောက်လာလိမ့်မယ်



စာမျက်နှာပြည့်ပြီမို့

ဘလူးဘယ်ရီ ပင်တွေကြားက ကြိုးတပ်စန္ဒာယားသံနဲ့

ခရမ်းရောင်ကြိုးတပ် ထီးတစ်ချောင်ကို ကိုင်လို့

နတ်ဆိုးတစ်ကောင်ရဲ့ ပန်းချီကားထဲက ငါထိုင်စောင့်နေမယ် ။







nelay

ည ကလေး လုံးကြီးတင် ကလေး

ည ကလေး လုံးကြီးတင် ကလေး









နိုင်ငံတကာ ကပ်ခွာ ပညာရေးစနစ်ကြီးနဲ့

နေလောင်လို့ အရောင်လွှင့်နေတဲ့ ညီလေးက

အထူး ၄၈ ပေါ်မှာ လက်ပြပြီးကျန်နေခဲ့တော့တယ်

သူတို့တွေက အမျိုးသားယဉ်ကျေးမှု ဆိုက်ကားတွေနဲ့ကျော်တက်သွားပြီ



မျက်လုံးကို တအားမှိတ်ပြီး ပြန်ဖွင့်လိုက်တိုင်း

ခြံစည်းရိုးအမြင့်ကြီးတွေရှေ့က အလှစိုက်မြက်ပန်းတွေ တအားလှိုင်နေကြတယ်



သေချာလျှော်ဖွတ် မီးပူတိုက်ပြီး ကော်လံအဖြူ ဝတ်များ

ရေမချိုးရသေးတဲ့ ခန္ဓာကိုယ်နဲ့ လူတောတိုးနေကြပုံကို

ရေခဲတိုက်ထဲက ကိုယ်ခန္ဓာများကလှောင်ရယ်နေကြပြီ



ဒီလိုနဲ့ပဲ ငါတို့လဲ ဆယ်တန်းအောင်ခဲ့ကြတယ်

အဲဒီ့ ဆယ်တန်းအောင်စာရင်းကြည့်တဲ့ညက

ညီလေးနာမည်နဲ့တူတဲ့လူ ဆယ်ယောက်

ငါ့ညီလေးနာမည်က ဘယ်နား ပေါက်ကျန်နေခဲ့သလဲ



ငွေပန်းတွေ ပွင့်နေကြတဲ့ ကျောင်းတော်ကြီးထဲမှာ

ဆရာဝန်ဆိုတဲ့လူကိုမှ ငါ့ညီလေးကဖြစ်ချင်ခဲ့ရတာလား

အဲဒီ့အသီးတွေက ထောင်ချီတန်လို့ ဗခခနျီနညငနိ ပါ ငါ့ညီလေး



မနက်ခင်းကို ရောက်ချင်ဇောနဲ့ အမှောင်ထုကိုအတင်းကျော်ချလို့မရဘူးလေ

တက်မကြီးမှမကောင်းဘဲ ဝမ်းထဲကရေတွေခပ်ထုတ်လို့ရော

မျော ... မျော ... မျော ...



ငါ့ညီလေးက ကြောက်ရမဲ့သူတွေသိပ်များနေလို့

တချို့ကိုစိတ်ထဲမှာမှတ် လက်ငါးချောင်းထောင်ပြီး နှုတ်လိုက်တယ်



၁။ အန်တီတို့က အများကြီးလျှော့ပေးထားတာဘဲ တစ်ယောက်တစ်ဝက်ပေါ့

၂။ မင်းကဘာလို့ခဏခဏနောက်ကျနေတာလဲ

၃။ အဲဒါမင်းလုပ်တာ ငါဘာမှမသိဘူး

၎။ ၁ဝဝ နောက်မှယူ

.....၁ဝဝ နောက်မှယူ

.....၁ဝဝ နောက်မှယူ

.....၁ဝဝ နောက်မှယူ

၅။ ငါတို့လုပ်ငန်းစဉ်ကြီး တိုးတက်ရေးဆိုတာ မင်းတို့အပေါ်အများကြီး မှုတည်နေတယ်

၆။ ဘယ်တော့ရမှာလဲ

.....ဘယ်တော့ရမှာလဲ

.....ဘယ်တော့ရမှာလဲ

.....ဘယ်တော့ရမှာလဲ

အရာရာက သိပ်ဈေးကြီးလွန်းတော့ လက်ပေါက်ကပ်နေတဲ့ ပုလွေရိုးကိုပဲ ငါ့ညီလေးကြိတ်ကြိတ်ပြီးချိုးနေလိုက်တာ

အခန်းဒေါင့်မှာ ထောင်ထားတဲ့ တံမျက်စည်းလို အမွှေးတွေဖွာလို့ ။













nelay

သို့ ... အိမ်

သို့ ... အိမ်







မျက်နှာဦးမေ စိတ်အလှရုန်းကြွ

လေညှင်းတွေ အသက်ရှုမဝလဲ ဘာမှမဖြစ်ပါနဲ့

အကြောက်တရားကို သိခြင်းပညာနဲ့ဖျောက်လို့

ငါ့ရင်မှာ နင်က အမြဲလှနေမယ် . . . ။



ရာစုကမ္ဘာတွေ ငါတို့ ဇရာကို စားသွားလဲ

အိမ်ငယ်ကလေး တစ်လုံးနဲ့ လေပြင်းတွေကို ပုန်းရှောင်ကြမယ်



ငါ့အတွက် အဓိပ္ပါယ်မရှိခြင်းတွေကို

ကြည်လင်အေးမြတဲ့ မျက်ဝန်းအနွေးဓါတ်နဲ့နှစ်သိမ့်လို့

ငါ့စိတ်ကူးထဲမှာ အဝါရောင်အိမ်ကလေးတစ်လုံး ဆောက်နေတယ်



ငရဲလမ်းကို ဖြတ်သန်းလာတဲ့

ငါတို့ ဝိဥာဉ်တွေ ငြိမ်းချမ်းစေဖို့

ဘာနဲ့မှမလဲနိုင်တဲ့ ငါ့အိမ်ကလေးထဲ လုံခြုံစေရမယ်



ပင်လယ်ကို ဖြတ်ကျော်လာတဲ့ အဲ့ဒီ့မျှော်လင့်ချက်က

နင့်ပါးပြင် အိပ်မက်ထက်က နံနက်ခင်းကို

တယုတယ လှုပ်နှိုးဦးခိုက်လိမ့်မယ်



ငါ့အိမ်ကလေးက အမှောင်မရှိတဲ့အလင်းကမ္ဘာမှာ

အဆွေကောင်းတွေနဲ့ ပညာအပေါင်းကို စိုက်ပျိုးဝေဖူးလိမ့်မယ်



နင့်လက်ချောင်းသေးသေးကလေးတွေနဲ့

မိုးမခပင်ကို အိမ်ရှေ့ဟင်းလင်းပြင်မှာ စိုက်ပျိုးအုံးမယ် . . .



မြေနီလမ်းပေါ်က ယုံကြည်ချက် ညနေခင်းကို

နောက်နေ့ မနက်မရောက်ခင်အထိ

ငါတို့အားတင်း အမှောင်ကိုခွင်းကြမယ် . . .



ကြာသာပတေး စိုက်ခင်းကြီးထဲက

နေကြာပင်တွေ မိုးမျှော်လာတဲ့အချိန်

အဖြူရောင်ဂါဝန်ကလေးနဲ့ ငါ့လက်ကိုတွဲပြီး

အစိမ်းရောင်မြက်ခင်းပေါ်က

ငါတို့အိမ်ကလေးဆီ ပြန်လာကြလိမ့်မယ် . . . ။







Nelay

ယုန် . . . နရီ

ယုန် . . . နရီ





ကျုပ်ပခုံးထက်က အကြွေကြယ်နဲ့

အနက်အဓိပ္ပါယ်တွေ . . .



ယုန်တစ်ကောင်ရဲ့ မျက်ဝန်းချိုထဲက

အဖြူရောင် ရှု့မျှော်ခင်းတစ်ရာကို

နှလုံးသားနဲ့ အိပ်မက်တွေ ဆူးခဲ့တယ်



အလယ်ရောင် လက်ချောင်းကလေးများနဲ့

ကျုပ်ရင်ကို တူးဆွ

ဘယ်ကမ္ဘာက တောအုပ်ပျိုထဲမှာ

မျှော်လင့်ခြင်း စာသားတွေ အခက်လိုက်ဝေကျ



မှန်ရာကို ဦးနှောက်ထမ်းပြီး နှလုံးသွေးနဲ့

ကျုပ်နီးစပ်လာခဲ့တယ်



Sunday ရဲ့ကြည်လင်မြတ်နိုးမှုမျိုးက

ပင်လယ်အိုကို ရမ္မက်မပါတဲ့

ကြေးဝါသော့နဲ့ သစ်လွင်တောက်ပ



ဟိုးရှေးရှေးတုန်းက

ကျုပ်တို့ အနာဂတ်တွေ ဟောင်းနွမ်းရှေးကျ . . .



နံနက်ခင်းမျက်ဝန်းတွေထဲက

ကျုပ်ဂြိုလ်ကမ္ဘာမှာ အပေါ်ယံမပါတဲ့

ယုန်မငယ်ရဲ့ ခြေသံနဲ့ မုန်တိုင်းအိုကို

သက်ငြိမ်းအေးမြ



နရီသံ စမ်းကလေးပေါ်က

ကျုပ်ည ကျုပ်ဂီတကို

ထာဝစဉ် သီကျူး မျက်နှာဖူးကလေး

အိပ်မက်တွေရစ်မူး . . .



ဇရာအို ပုံပြင်တွေက အဆိပ်မဲ့ဖြစ်ထွန်းမှုနဲ့

အဖြူရောင်မာယာကို ဖန်ဆင်း

ကျုပ်သွေးတွေနဲ့ ဘယ်တော့မှ မထင်လင်းနိုင်ဘူး



အလှတရားကိုမယုံကြည်တဲ့ လူတစ်ယောက်

သစ်အိုပင်အောက်မှာ

ဘယ်တော့မှရောက်မလာတဲ့ ဆီးနှင်းကို

အဖြူရောင်မျက်ရည်စကားနဲ့စောင့်နေခဲ့တယ် ။





nelay

နရီအိပ်မက်



နရီအိပ်မက်





အထီးကျန်ခြင်းရဲ့ အရသာဟာ

ဧပရယ်လရဲ့ ချိုမြိန်တဲ့ ညနေခင်းတခုပါပဲ နိုရာ ....





တန်ခူးလရဲ့ တိမ်တိုက်တွေထဲမှာ

ပုန်းခိုနေတဲ့ နှလုံးသားတစ်စုံက

မေပယ်လင်းရဲ့ အနားသပ် ညီမျှခြင်းပေါ့ နိုရာ ....





စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်

အမြဲတမ်းရပ်တန့်နေတဲ့ နှလုံးသားကို

စက္ကူပင်တွေ စိုက်ပျိုးနေတဲ့ ကျွန်းကလေးရှိတယ် နိုရာ ....





အဲဒီ့မှာ

မိုးနတ်လဲ မရှိတော့ဘူး

ပုံပြောကောင်းတဲ့ ပန်းချီကားတွေလဲ မရှိတော့ဘူး

အစိမ်းရောင် ဗိသုကာ အနုပညာတွေလဲ မရှိတော့ဘူး





လက်ချောင်းတွေကို အတင်းလိမ်ချိုးထားတဲ့

မျက်နှာ နုနုပေါ်က အနီရောင်အပြုံးတခုရဲ့

စာတိုက်ပုံးထဲကို

လက်သူကြွယ် ခါးပတ်ကလေးထည့်ပေးလိုက်တယ် နိုရာ ....





အရေပျော် ကျောက်ခဲကလေးတစ်လုံးနဲ့

အနက်ရောင် ဧပရယ်မိုးပျံပူဖေါင်းကလေးကို

အဲဒီနေ့က မိုးပေါ်မှာ ငါတွေ့လိုက်တယ် နိုရာ ....





ဒါ အချစ်ပေါ့ နိုရာ ...

ပေါ့နေတဲ့အချစ်ပေါ့ နိုရာ ....

ဒါ အချစ်ပေါ့ နိုရာ .....

ပေါ့နေတဲ့အချစ်ပေါ့ နိုရာ ....

ဒါ အချစ်ပေါ့ နိုရာ ....

ပေါ့နေတဲ့အချစ်ပေါ့ နိုရာ ...







nelay

ဘီစကွတ် ပွဲတော်


ဘီစကွတ် ပွဲတော်



လိပ်ပြာတွေကို ခွာသံ တစ်ဖျောင်းဖျောင်းရိုက်ပြီးမှ

ထွက်ကျလာတဲ့ ဘောင်ကွတ် ရှု့မျှော်ခင်းတစ်ခုကို

ငါသိတဲ့ နှာခေါင်းအတု တစ်ခုချွတ်ပြီး

ပါးမှာ စပေါ့ တွေ ထနေတဲ့ မိန်းမနဲ့ကောက်ရိုက်လိုက်တယ်



ဘာမှ သိပ်ကြောက်စရာမကောင်းတဲ့ ကြွက်ကို

ခွက်လွတ်တစ်လုံးပေးပြီး ခင်ဗျားကို အစာကြွေးခိုင်းထားတယ်



သဘာဝကျတယ်ဆိုတာ သဘာ တွေ ၀ ပြီး ကျသွားတာလို့

ကျောက်သင်ပုန်းပေါ်မှာ တွင်းတူးပြီး သင်္ချိုင်းပြုလိုက်ခြင်းပဲ



ငါနဲ့မင်း မြင်နိုင်တဲ့ ဘောင်ကျဉ်းကျဉ်းကလေးကို

ရွာ အတု လုပ်ပြီး ပြိုချင်နေတယ်ဆိုရင်

မင်းငယ်ငယ်တုန်းက ပုံကို မင်းအမေဆီက ပြန်တောင်းရလိမ့်မယ်



၁၂လရာသီကနေ ထစ်ချုန်းလာတဲ့ အချိန်နာရီတစ်ခုကို

အဋ္ဌမမြောက် ကြည်ပေါက်ထဲက ငါတို့ဦးနှောက်ထဲကိုပစ်ထည့်လိုက်ပါ

ရေလောင် ထားတဲ့ sOci3Ty တခု မင်းအိပ်မက်ကိုဆေးကြောပစ်ပေါက်လိမ့်မယ်



ငါ့ သမင် မျက်နှာပေါ်က မြေသြဇာ မကောင်းတော့တဲ့

နာဂစကီးကို လက်သည်း ခွံ အမဲ စိုးပြီး စိုက်ပျိုးခြင်းလား



ဒါတွေက ဒုတိယကမ္ဘာမှာ မေ့မရတာတွေကို ကွန်ယက်ထဲ အတင်းနှစ်ပြီး

စိတ်ကျွန်ပြုခြင်းတွေ ဖောင်းကားလာတဲ့ memory plus အသေတွေပဲ



ငါ့လည်မှာဆွဲထားတဲ့ ပတ်ဝန်းကျင် အမှိုက်သရိုက်က လေထုကိုညစ်ညမ်းစေတိုက်

ငါဂရုမစိုက်နိုင်တဲ့ မျောလိုက် ဦးနှောက် အသေတိုက်ကြီးတစ်ခုပဲ



ခင်ဗျားတို့မြင်နေကြ အမပင်ခိုင်ကြီးတစ်ခုလုံး မဖိတ်ခေါ်ပဲ အသိုက်ပေါ်ကိုရောက်လာ

မျက်နှာဖုံးဆိုတာ ငါရှေးရှေးတုန်းက ပြောခဲ့ဖူးတဲ့ ပုံပြင်အဟောင်းကြီး

စုတ်တယ်



ငှက်မျိုး ကြက်မျိုး ၀က်မျိုး ဒေါင်းမျိုး ကျီးမျိုး ခွေးမျိုး နွားမျိုး

ပြုလို့ပြင်လို့မရတဲ့ အမျိုးတွေထဲမှာ လူမျိုးက add-ons

အနုပညာဆိုတာ အနုတွေ ပြင်ပြီး ညာ နေတဲ့

ပြု+ပြင်+ပြောင်းလဲထားတဲ့ creativity အမျိုးကို ဆိုလိုတာ



သူ့အဖေ ငယ်ငယ်တုန်းက သူ့အမေကိုပေးတဲ့ ရည်းစားစာထဲက စာသားတွေနဲ့

ရှေ့တန်းကို တစ်ယောက်တည်းထွက်ပြီး ရင်ကော့နေတဲ့ခင်ဗျားကို

ခင်ဗျားပိုင် sOci3Ty က အနောက်ကိုဘယ်နှစ်လှမ်းဆုတ်ခိုင်းနေသလဲ

တွင်းပဲရှိတယ်



အဲဒီတွင်းထဲက ဧကရာဇ်တွေရဲ့ ရာဇ၀င်ကို

မနက်ဖြစ်လာမဲ့ ညနေတစ်ခု အလယ်က

ဦးထုတ် နောက်ပြန်ဆောင်းထားတဲ့ ကလေးတစ်ယောက်

လက်ခလယ်ထောင်ပြသွားတဲ့ ဘီစကွတ်ပွဲတော်ကို

မင်းတစ်ကိုက် ငါတစ်ကိုက်









nelay