ငါ့ညတွေကို နောက်ပြန်မျက်နှာနဲ့
လျှောက်လာခဲ့တဲ့ အခန်းတံခါးမှာ
မီးတောက်တွေ အဆင်သင့်စောင့်ကြို
ငါ့ကိုယ်ငါထွန်းပြီး လင်း
နောက်ဆုံးဈာပနအိုမှာ လက်ပိုက်ကြည့်နေသူတွေ
ချင်းချင်းနီသွားတယ်။
ငါ့မျက်လုံးက အမှောင်ထုကိုစိန်ခေါ်
အရေပြားတွေ ပျော်ကျ တစ်ခန်းလုံးဆွံ့အ
လှနေပါတယ်။
ကြည့်စမ်းပါ ကြည့်စမ်းပါ ကြည့်ကြစမ်းပါ
သံစဉ်မကုန်သေးဘူး အရူးတွေကနေပြီ
အရိပ်တွေမလှဘူး
အနက်ရောင်ကိုချွတ်ပြီး
အရိပ်တွေက အရူးကိုမျိုချ ...
လှိုင်းခတ်သံက
အပွင့်အိုကိုသတ်လိုက်ကြတယ်
ငါလေ ….
ရှိုက်ကြီးတငင် ငိုချလိုက်တာ
ငါ့မျက်ရည်တွေ ငါ့ကိုယ်ပေါ်မှာ အေးခဲ
ငါ့မီးတောက်က ငါ့ကိုအလင်းမြဆုံးမြင်ရ
တစ်ခန်းလုံး အိုကျသွားပြီ
အလွမ်း ကျောရိုးပေါ်က ရေစီးသံဟာ
ခရေအကြွေတွေကို ငါ့အလင်းနဲ့ ဝေးရာ ပို့ …..
အမှောင်ထုထဲက
ရနံ့တချို့ ငါရလိုက်တယ်
ငါ့အခန်းထဲကို ချောင်းကြည့်နေတဲ့
သော့ပေါက်ကလေး
မင်းသိလား ဂီတသံဟာ ပြီးဆုံးသွားပြီ
ငါ့အလင်းနဲ့ငါ့နားထဲမှာ ဂီတသံဟာ
နှစ်ပေါင်းများစွာ စွဲကျန်နေတယ် ...
ရုပ်သေးရေ …
ငါ လက်ညှိုးကလေးမကွေးခဲ့ပါဘူး
င့ါနှုလုံးသားထဲက
ကြယ်စုဗူးကလေး ကျကွဲသွားတာ
အမှောင်တွေက လှောင်ရီတယ် …
ဟား … ဟား … ဟား
ငါပြုံးနေလိုက်တယ်
တစ်လောကလုံး မှောင်သွားရင်တောင်
ငါ့အလင်းကို သူတို့ မငြိမ်းနိုင်
ငါ့အလင်းဝှက် ဥယျာဉ်ထဲမှာ
အမှောင်လှောင်ခန်းတွေရှိတယ်
ငါ့တံခါးတွေ ငါမဖွင့်ခဲ့
အနက်ရောင် နတ်ဘုရား
စိတ္တဇ စိတ်ကူးတွေသိုဝှက်ထားတဲ့တံခါး
ငါ့အလင်းတွေ ဝင်ထွက်သွားလာလို့မရဘူး
လူတွေရဲ့ လျှို့ဝှက်ဥယျာဉ်ထဲ
အမှောင်တံခါးခြပ်တွေ
ကောင်းကင်နဲ့ ရေပြင်ကြား
အိမ်မပြန်ချင်တဲ့ငှက်ကို ပိတ်မိသွားကြတယ်။
nelay
No comments:
Post a Comment