မြို့ကြီးရဲ့သွေးတွေ အကုန်စုပ်ယူမယ့် ကြမ်းပိုးတစ်ကောင်
ကျနော် ဖမ်းမိခဲ့တယ်၊ အိပ်ရာထဲမှာ
ဘုံဘိုင်က ရေမလာဘူး (တစ်နှစ်ကျော်ပြီ)
သူမက ကျနော်ကို လွမ်းပြီးမငိုဘူး (တစ်နှစ်ကျော်ပြီ)
ညစာစားဖို့ အကြောင်းကြားတဲ့သံကြိုးစာဝင်လာတယ်
ဗာဒံပင်က သူချုပ်တည်းထားခဲ့သမျှကို တစ်ရွက်ပြီးတစ်ရွက် ခြွေချလို့
မရေးရသေးတဲ့ ဝတ္ထု ထဲက ဇာတ်ကောင်တွေ စကားပြောနေကြ
''ဒါဆို . . . လူကြီးမင်းက ကျနော့်အဖေပေါ့၊ တွေ့ရတာဝမ်းသာပါတယ်'' တဲ့
ကျနော်တို့ မုန်တိုင်းကို လေညင်းဖြစ်အောင် ခွဲစိတ်အောင်မြင်ခဲ့ကြပြီ
အစီရင်ခံစာတစ်စောင်မှာ ဖတ်ရတယ်
အဝေးမှာ ကြယ်တွေအူနေကြရဲ့
ကျနော်လည်ချောင်းတွေ ယားလာတယ်မိတ်ဆွေ
ဆင်တစ်ကောင်ကို ဘယ်မြွေမှ ကုန်အောင်မျိုနိုင်မှာမဟုတ်ဘူးလို့
ကျနော့်ကို ပြောပြနေတာလား အာဖရိက
ဧပြီလပြီးရင် ဧပြီလမလာဘူး
မစတာဂျွန် (ဝမ်းနည်းပါတယ်) မင်းကို ငါမသိဘူး
ကျနော် ငတ်မွတ်ခဲ့ဖူးပုံကို အရသာရှိရှိပြန်ပြောနိုင်ပါပြီ
ဒိုင်ယာရီထဲမှာ အချက်ပေးခေါင်းလောင်းတွေမြည်ကြ
ငွေစကူတွေဆီက အနံ့တထောင်းထောင်းရနေပေါ့
ကျနော့်မှာ ငွေစကူမရှိ
စီးကရက်တစ်လိပ်ကို မီးညှိပြီး ငြင်းပယ်ဖို့ ကြိုးစားကြည့်မိပြန်ပေါ့
ငြိမ်သက်ခြင်းဟာ ဇာတ်ညွှန်းနှစ်ခုကို
တစ်ပြိုင်တည်းသရုပ်ဆောင်ရာရောက်သတဲ့
ပျောက်ဆုံးသွားတဲ့ဖခင်တွေအတွက် သင်္ဘောတစ်စီး ထွက်ခွာခဲ့ပါပြီ
ပျောက်ဆုံးသွားတဲ့ သင်္ဘောတစ်စီးအတွက် ရေငုပ်သမားတွေ ထွက်ခွာခဲ့ပါပြီ
ပျောက်ဆုံးသွားတဲ့ ရေငုပ်သမားတွေအတွက် လင်းပိုင်များထွက်ခွာခဲ့ပါပြီ
ရောမမြို့ကြီး နှင်းတွေထဲမှာ ငြိမ်တိတ်နေချိန်
ကျနော်ဟာ တယောတစ်လက်ထိုးနေခဲ့တယ်။
နေမျိုး
No comments:
Post a Comment