ဆိတ်အုပ်တွေကို နေ့စဉ်ကျောင်းခဲ့တယ်
နောက်တော့
နှစ်ကာလတွေကို သူ့ရင်ဘတ်ထဲမှာကျောင်းခဲ့တယ်
ပြီးတော့
စာရွက်တွေကို စကားလုံးတွေပေါ်မှာ ကျောင်းခဲ့သပေါ့
သူဟာ
မိန်းမတွေကို တစ်ယောက်ပြီးတစ်ယောက် ချစ်ခဲ့တယ်
အင်း . . . စကားလုံးတွေကိုလည်း သူချစ်ခဲ့တာပါပဲ
''ထွီ'' ဆိုတဲ့စကားလုံးနဲ့ ''ဒေဝီ'' ဆိုတဲ့ မိန်းမကိုအချစ်ဆုံးတဲ့
ဘီယာလှည်းကြီး တအီအီမောင်းနေတယ်
ဘယ်မှာရပ်ရမလဲဆိုတာ မသိဘူး
သူက
သူ့ဂေဟာရှေ့မှာ ရပ်ခိုင်းလိုက်ရဲ့
လူ့အလိုကို နတ်မလိုက်နိုင်ဘူးဆိုပေမယ့်
နတ်တွေအလိုကို သူလိုက်ခဲ့ပါတယ်
သူဟာ
ကမာစစ်ကြီးများအကြောင်းကို ဖတ်ရူပြီးငိုကြွေးခဲ့တယ်
ချာလီချက်ပလင်အတုပတိကို ဖတ်ပြီးတော့လည်း ငိုကြွေးတာပဲ
ရှိသမျှပြောင်အောင်ရူံးတဲ့ ဖဲဝိုင်းမှာ သူဟာတေးသီရဲ့
'ဘာမှမရှိတော့ဘူး . . . ဘာမှ မရှိတော့ဘူး . . . ' တဲ့
သူဟာ
ဧကရာဇ်ကြီးများဆီကိုစာရေးပြီး ညစာစားဖို့ ဖိတ်ကြားတတ်တယ်
တဆက်တည်းမှာပဲ သူ ညစာမစားရသေးကြောင်းလည်း ဖော်ပြတတ်ရဲ့
ဒါပေမယ့်လည်း သူ့စာတွေက စာတိုက်ပုံးထဲမှာ ဆွေးမြည့်သွားမြဲ
အသင့်တွေးခေါ်ပြီး ဘဝအဓိပာယ်များလိုသလောက်ရပြီ
သူဟာ . . . စီးပွားရေးဘက်ကို အဲသလို ခြေဦးလှည့်ခဲ့တယ်
ဘယ်လိုပြောရမလဲ . . . ကံနည်းတယ်
မော်ဒန်ကဗျာနဲ့အတူ နားမလည်ခြင်းတွေ ခေတ်စားလာတယ်
ဘုံပြသနာတွေအပေါ်မှာ သူဟာ အမြဲစိတ်ဝင်စားနေဆဲ
လူဝကြီးတွေရဲ့အိမ်ကို သူအလွတ်ကျက်မှတ်ထားတတ်တယ်
မိမိကိုယ်ကို ယုံကြည်ရခြင်းဟာ အကောင်းမွန်ဆုံးအရသာတဲ့
သေချာစွာပြောလေတယ်
ချိုမြိန်သောပြစ်ဒဏ်ဆိုတဲ့ပြဇာတ်မှာ
သူကိုယ်တိုင်ပါဝင်ကပြ အသုံးတော်ခံခဲ့ပါတယ်
ဒီလိုနဲ့ . . .
လူတစ်ယောက်ဟာ စာအုပ်တစ်အုပ်ဖြစ်ခဲ့ပြီး
စာအုပ်တစ်အုပ်ဟာ မြို့တစ်မြို့ဖြစ်ကာ
မြို့တစ်မြို့ဟာ ဆူပါနိုဗာ တစ်ခုဖြစ်ခဲ့လေတယ်။
နေမျိုး
ဆူပါနိုဗာ = ကြယ်ပေါက်ကွဲမှု၊ ကြယ်သစ်မွေးဖွားခြင်း
-----------------------------------
ကဗျာမရေးနိုင်တဲ့ကာလတွေမှာ ကဗျာလိုက်ဖတ်ဖြစ်တယ်
သိပ်ကြိုက်ခဲ့တဲ့ကဗျာတွေကို ကဗျာချစ်သူတွေဆီ
ငါ့သွေးကြောတွေကို ဖောက်ထုတ်ကာမျှဝေတယ် . . .
မင်းပြုံးနေရင် တော်ပါပြီ . . .
No comments:
Post a Comment