Pages

Wednesday, March 17, 2010

ရေတံခွန်ပျံပေါ်က သက်တန့်



တိတ်ဆိတ်ခြင်းအသံတွေ
ပင်လယ်ဆီကရောက်လာ
မင်းသာ ငါ့မျက်ရည်ကျရာ
ဟိုးဝေးဝေးက မိုးကောင်းကင်

အချစ်နဲ့ပျော်ရွှင်ခြင်း
မင်းသာ ထာဝရ
လင်းလက်မဆုံးတဲ့
ငါ့သမုဒယသစ္စာအလင်း

အနားမှာရာသီသုံးခု
မင်းရှိနေတဲ့ဥတုတိုင်းမှာ
သေမင်းကိုမမှုတဲ့
မနက်ဖြန်တွေရှိလိမ့်အုံးမယ်

ကမ်းပါးအထက်ကစိတ်မှာ
မင်းနဲ့ငါ့ရဲ့လိပ်ပြာထိသံကို
ဗဟုလောကအလွန်က
လမင်းစက်သီးနဲ့ဆွဲတင်ကြမယ်

ပြန်မကျစတမ်း
မိုးပေါ်ပျံရအောင်
တိမ်ခိုးမဲတွေတွဲခိုရင်
ငါနားတိုးလို့ဖက်ထားစမ်းပါ

ဒီမျက်မမြင်ကောင်က
စိတ်အလွန်နယ်မှာ
မင့်အတွက်လှောင်အိမ်ကိုဖောက်မဲ့
ရနံ့ပျိုးတဲ့သက်တန့်ဒါးကိုသွေးနေတယ်

ကိုင်းကိုင်းလေးကွေးလို့
ပြုံးလိုက်စမ်းပါ
ဒီအပြုံးနဲ့တင်ငါ့ခွန်အား
စစ်သံမကြားခင်
ရန်သူတွေသေစေရမယ်

အတိတ်ထဲက ဒါးနဲ့ခွဲပြီးထွက်
ဒတိတိယိုနေတဲ့ သွေးအေးတွေ
ပစ္စုပ္ပန်မှာ နှင်းအထွေးတွေနဲ့
အနာဂတ်သွေးမိုက်တွေသောက်ကြရအောင်

ငါ့ကိုမဖောက်ပြားဖို့မတောင်းဆိုပါဘူး
မင်းဟာလဲနှလုံးသားနဲ့လူ
ငါကလဲလက်ထိပ်မုန်းတဲ့သူ
အကျဉ်းဆန်တဲ့ဘဝမျိုးတွေ
ဘယ်တော့မှငါတို့ဝင်မတိုးဘူး

ဒါပေမဲ့
ငါ့သွေးကြောထဲမှာ
မင်းဟာထာဝရဆန်တဲ့မြစ်လေးစင်း
နှလုံးသားရပ်ဝန်းမှာ
ဘယ်သောင်မှအထွန်းမခံနိုင်ဘူး

ဒါမို့
ယခုကစ
ငါ့ဥတုအလှမှာ
သက်တန့်ပေါ်ကနက္ခတ်ပျော်တဲ့
ချစ်တတ်ခြင်းရဲ့ရေတံခွန်ပျံဟာ
မကြာခင် . . .
နဂါးအကောင်တသောင်းအောင်းတဲ့စမ်းမှ
. . .
ဝုန်းဝုန်းဒိုင်းဒိုင်း . . .
. . . .
မင်းဖက်ထားစမ်းပါ
ငါ့သက်တန့်လေးကို . . . ။



nelay





Sunday, March 14, 2010

အရူးမြင်ကွင်းကျယ်


 






blueberry ရေကိုသောက်ပြီး
မှောင်သွားတဲ့ ငါ့တွင်းမှာ
မြွေဟောက်သံ ခပ်ပြင်းပြင်းကိုကြားရတယ်။

သူ့ကျွန် ငွေမဟာ သူ့ခါးပိုက်ထဲမှာဝင်ခွေ
ငါတို့ကို ပြန်အမ်းေ၀ အုံးမတဲ့လား ... ။

တစ်ထောင်တန် အစုတ်များနဲ့လူလုပ်နေတဲ့
ကျက်သရေ ရုပ်မကလေးရေ ....
အကြောက်တရားများပန်ဆင်လို့
ဝေေ၀ဆာဆာ လှနေတယ်ပေါ့ .... ။

ယဉ်ကျေးမှုအရ ကြီးနိုင်ငယ်ညှင်း
အနီရောင် ဝိုင်ခွက်ထဲမှာ
လက်ခုပ်သံတွေ ဝင်းဝင်းတောက်နေတယ် ... ။

ခတ္တ ငွေနောက်လိုက်သူများ
မြွေတွင်းထဲ ဝင်သွားကြတယ် ... ။

ခြေင်္သေ့တွေ အူတဲ့ မြို့မှာ
ရွှေပြည်သာဆင်ခြေဖုံးလောက်
မဏ္ဍတပ်တွေဆောက်ကြအုံးမတဲ့ ... ။

ဒန့်သလွန်သီးတွေ
installation art နဲ့တွဲပြီးချက်စား
ကြက် (သား) တွေဘယ်ရောက်သွားလဲ .... ။

ဆေးရုံပေါ်က မီဒီယာလောကကြီး
ရုတ်တရက်
အရွယ်မတိုင်ခင်
ဆုံးပါးသွားပြီး ... ။

အရာအားလုံးကို လုပ်ချင်နေတဲ့
မြို့ကလေးနီတာရဲဟာ
ပခုံးတွေဘို့ထပြီး
ဘာတခုမှမဖြစ်ထွန်းတဲ့မြေကို
ထွန်လို့ယက်လို့
ထွန်လို့ယက်လို့
ထွန်လို့ယက်လို့ ..... ။



nelay











Monday, March 8, 2010

ဗဟိုကွဲအား ~တာရာမင်းဝေ~



ဆောင်းခေတ်က ပေးခဲ့တဲ့
မောင်းကွဲသံ ခပ်လေးလေး တစ်ချက်ပါပဲ။
တစ်ယောက်တည်းနေရတဲ့ ငါ့ကို
ဘယ်သူနဲ့မှ မနေရအောင်
ယိုင်ယိုင်ရွဲ့ရွဲ့ လှီးခွဲသွား...။


နံပါတ်စဉ် မတပ်ရသေးတဲ့
သဲကန္တာရ တစ်ရွက်ပေါ်မှာ ပြိုလဲကျတယ်။


အဲဒီညနေပေါ့
ကောင်းကင်ကို ဆွဲချွတ်ပြီး
မြေကြီးကိုပဲ ငါပြန်ဝတ်ခဲ့ရ။


ပြီးဆုံးသွားတာ သေချာပါတယ်
နှင်းခိုးတွေ..
ပြီးတော့ ဒိုင်ယာရီချို ခါးတစ်ခွက်
ပြီးဆုံးသွားတာက သေချာပါတယ်။


မိုးတွေကို တိုးတိုးကလေး ရွာရဦးမှာပေါ့လေ
ပန်းရနံ့တွေကလည်း ခပ်မြင့်မြင့်ကနေ ပျံသန်း
ငါနဲ့ ငါ့ဖိနပ်ကလေး
သီချင်းမဆိုတော့ဘဲ ဟိုးအဝေးကို ငေးခဲ့ရတယ်။



တာရာမင်းဝေ
“မိုးခေါင်လို့တီးတဲ့ဗုံသံ” မှ





http://taryarminwaimemorial.blogspot.com/2007/08/blog-post_9837.html





တစ်ယောက်တည်းစကားပြောခြင်း ~နေမျိုး~



မြို့ကြီးရဲ့သွေးတွေ အကုန်စုပ်ယူမယ့် ကြမ်းပိုးတစ်ကောင်
ကျနော် ဖမ်းမိခဲ့တယ်၊ အိပ်ရာထဲမှာ
ဘုံဘိုင်က ရေမလာဘူး (တစ်နှစ်ကျော်ပြီ)
သူမက ကျနော်ကို လွမ်းပြီးမငိုဘူး (တစ်နှစ်ကျော်ပြီ)
ညစာစားဖို့ အကြောင်းကြားတဲ့သံကြိုးစာဝင်လာတယ်
ဗာဒံပင်က သူချုပ်တည်းထားခဲ့သမျှကို တစ်ရွက်ပြီးတစ်ရွက် ခြွေချလို့
မရေးရသေးတဲ့ ဝတ္ထု ထဲက ဇာတ်ကောင်တွေ စကားပြောနေကြ
''ဒါဆို . . . လူကြီးမင်းက ကျနော့်အဖေပေါ့၊ တွေ့ရတာဝမ်းသာပါတယ်'' တဲ့
ကျနော်တို့ မုန်တိုင်းကို လေညင်းဖြစ်အောင် ခွဲစိတ်အောင်မြင်ခဲ့ကြပြီ
အစီရင်ခံစာတစ်စောင်မှာ ဖတ်ရတယ်
အဝေးမှာ ကြယ်တွေအူနေကြရဲ့
ကျနော်လည်ချောင်းတွေ ယားလာတယ်မိတ်ဆွေ
ဆင်တစ်ကောင်ကို ဘယ်မြွေမှ ကုန်အောင်မျိုနိုင်မှာမဟုတ်ဘူးလို့
ကျနော့်ကို ပြောပြနေတာလား အာဖရိက
ဧပြီလပြီးရင် ဧပြီလမလာဘူး
မစတာဂျွန် (ဝမ်းနည်းပါတယ်) မင်းကို ငါမသိဘူး
ကျနော် ငတ်မွတ်ခဲ့ဖူးပုံကို အရသာရှိရှိပြန်ပြောနိုင်ပါပြီ
ဒိုင်ယာရီထဲမှာ အချက်ပေးခေါင်းလောင်းတွေမြည်ကြ
ငွေစကူတွေဆီက အနံ့တထောင်းထောင်းရနေပေါ့
ကျနော့်မှာ ငွေစကူမရှိ
စီးကရက်တစ်လိပ်ကို မီးညှိပြီး ငြင်းပယ်ဖို့ ကြိုးစားကြည့်မိပြန်ပေါ့
ငြိမ်သက်ခြင်းဟာ ဇာတ်ညွှန်းနှစ်ခုကို
တစ်ပြိုင်တည်းသရုပ်ဆောင်ရာရောက်သတဲ့
ပျောက်ဆုံးသွားတဲ့ဖခင်တွေအတွက် သင်္ဘောတစ်စီး ထွက်ခွာခဲ့ပါပြီ
ပျောက်ဆုံးသွားတဲ့ သင်္ဘောတစ်စီးအတွက် ရေငုပ်သမားတွေ ထွက်ခွာခဲ့ပါပြီ
ပျောက်ဆုံးသွားတဲ့ ရေငုပ်သမားတွေအတွက် လင်းပိုင်များထွက်ခွာခဲ့ပါပြီ
ရောမမြို့ကြီး နှင်းတွေထဲမှာ ငြိမ်တိတ်နေချိန်
ကျနော်ဟာ တယောတစ်လက်ထိုးနေခဲ့တယ်။



နေမျိုး






မိမိကိုယ်ကို ဖျော်ဖြေတင်ဆက်မှု ~နေမျိုး~



သူဟာ
ဆိတ်အုပ်တွေကို နေ့စဉ်ကျောင်းခဲ့တယ်
နောက်တော့
နှစ်ကာလတွေကို သူ့ရင်ဘတ်ထဲမှာကျောင်းခဲ့တယ်
ပြီးတော့
စာရွက်တွေကို စကားလုံးတွေပေါ်မှာ ကျောင်းခဲ့သပေါ့
သူဟာ
မိန်းမတွေကို တစ်ယောက်ပြီးတစ်ယောက် ချစ်ခဲ့တယ်
အင်း . . . စကားလုံးတွေကိုလည်း သူချစ်ခဲ့တာပါပဲ
''ထွီ'' ဆိုတဲ့စကားလုံးနဲ့ ''ဒေဝီ'' ဆိုတဲ့ မိန်းမကိုအချစ်ဆုံးတဲ့
ဘီယာလှည်းကြီး တအီအီမောင်းနေတယ်
ဘယ်မှာရပ်ရမလဲဆိုတာ မသိဘူး
သူက
သူ့ဂေဟာရှေ့မှာ ရပ်ခိုင်းလိုက်ရဲ့
လူ့အလိုကို နတ်မလိုက်နိုင်ဘူးဆိုပေမယ့်
နတ်တွေအလိုကို သူလိုက်ခဲ့ပါတယ်
သူဟာ
ကမာစစ်ကြီးများအကြောင်းကို ဖတ်ရူပြီးငိုကြွေးခဲ့တယ်
ချာလီချက်ပလင်အတုပတိကို ဖတ်ပြီးတော့လည်း ငိုကြွေးတာပဲ
ရှိသမျှပြောင်အောင်ရူံးတဲ့ ဖဲဝိုင်းမှာ သူဟာတေးသီရဲ့
'ဘာမှမရှိတော့ဘူး . . . ဘာမှ မရှိတော့ဘူး . . . ' တဲ့
သူဟာ
ဧကရာဇ်ကြီးများဆီကိုစာရေးပြီး ညစာစားဖို့ ဖိတ်ကြားတတ်တယ်
တဆက်တည်းမှာပဲ သူ ညစာမစားရသေးကြောင်းလည်း ဖော်ပြတတ်ရဲ့
ဒါပေမယ့်လည်း သူ့စာတွေက စာတိုက်ပုံးထဲမှာ ဆွေးမြည့်သွားမြဲ
အသင့်တွေးခေါ်ပြီး ဘဝအဓိပာယ်များလိုသလောက်ရပြီ
သူဟာ . . . စီးပွားရေးဘက်ကို အဲသလို ခြေဦးလှည့်ခဲ့တယ်
ဘယ်လိုပြောရမလဲ . . . ကံနည်းတယ်
မော်ဒန်ကဗျာနဲ့အတူ နားမလည်ခြင်းတွေ ခေတ်စားလာတယ်
ဘုံပြသနာတွေအပေါ်မှာ သူဟာ အမြဲစိတ်ဝင်စားနေဆဲ
လူဝကြီးတွေရဲ့အိမ်ကို သူအလွတ်ကျက်မှတ်ထားတတ်တယ်
မိမိကိုယ်ကို ယုံကြည်ရခြင်းဟာ အကောင်းမွန်ဆုံးအရသာတဲ့
သေချာစွာပြောလေတယ်
ချိုမြိန်သောပြစ်ဒဏ်ဆိုတဲ့ပြဇာတ်မှာ
သူကိုယ်တိုင်ပါဝင်ကပြ အသုံးတော်ခံခဲ့ပါတယ်
ဒီလိုနဲ့ . . .
လူတစ်ယောက်ဟာ စာအုပ်တစ်အုပ်ဖြစ်ခဲ့ပြီး
စာအုပ်တစ်အုပ်ဟာ မြို့တစ်မြို့ဖြစ်ကာ
မြို့တစ်မြို့ဟာ ဆူပါနိုဗာ တစ်ခုဖြစ်ခဲ့လေတယ်။


နေမျိုး


ဆူပါနိုဗာ = ကြယ်ပေါက်ကွဲမှု၊ ကြယ်သစ်မွေးဖွားခြင်း



-----------------------------------




ကဗျာမရေးနိုင်တဲ့ကာလတွေမှာ ကဗျာလိုက်ဖတ်ဖြစ်တယ်
သိပ်ကြိုက်ခဲ့တဲ့ကဗျာတွေကို ကဗျာချစ်သူတွေဆီ
ငါ့သွေးကြောတွေကို ဖောက်ထုတ်ကာမျှဝေတယ် . . .
မင်းပြုံးနေရင် တော်ပါပြီ . . .





Sunday, March 7, 2010

ခရေမှတ်စု




………………
…….
……………..
……..

ရွာကျနေတဲ့ အမှောင်တွေကို ဖြေးဖြေးရှုရှိက် ပုံတူညများစွာကို ဖြတ်သန်းလာခဲ့တယ်။
လမ်းမထက်က စိတ်စွတ်ကြောင်းမှာ … ငါ့စိတ်တွေ ငါဒရွတ်တိုက်ဆွဲလာခဲ့တာ မာကျူရီမီးရောင်အောက်မှာ အထင်းသား။


‘‘အမျိုးသားပြန်လည်သန်စွမ်းရေး’’ ဆိုင်းဘုတ်ကိုမြင်မှ … လမ်းတွေအတော်ပြောက်ခဲ့တာကို မေ့ထားတာ ပြန်သတိရလာတယ်။ ငါ့ကိုယ်ပေါ်တစ်ဝက် လမ်းမထက်မှာ ပုံလျှက်တစ်ဝက်ဖြစ်နေတဲ့ စိတ်က မှိုန်လျှော့အားနည်းနေတဲ့ မျက်လုံးနဲ့ ငါ့ကိုကြည့်တယ်။ ပြီးတော့ ဆိုင်းဘုတ်ကိုကြည့်တယ်။
သူ့ပါးစပ်က စကားလုံးတလုံး ထွက်ကျလာတယ်။ အမှောင်တွေရောထားတဲ့လေပြေတွေကြားထဲက ကျွန်တော်တယောက်သာ သူ့ပြောတဲ့ စကားလုံးကို ပီပီသသကြားလိုက်ရတယ် … ။

‘‘အစနှင့်အဆုံး’’


သူဟာ ပန်းတစ်ပွင့်ဆိုလျှင် ပန်းတစ်ပွင့်မဟုတ်တာပိုသေချာသွားခဲ့တယ်။ ပန်းဟန်ဆောင်ထားတဲ့ စိတ်ခရေပွင့်တွေဆို ပိုမှန်လိမ့်မယ်။ ဒီနေရာမှာ စန္ဒာယား သံကို ထည့်လိုက်ရင်ပိုကောင်းလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တင်စားတော့မဲ့ စကားလုံးတွေက မလုံလောက်တော့လို့ပါ။ အနုပညာရဲ့ အမြင့်မားဆုံး ဂီတထဲက ဘယ်တူရိယာမှယှဉ်လို့မရတဲ့ စန္ဒာယား သံနဲ့ဆို အနည်းငယ်လုံလောက်သွားလိမ့်မယ် … ။ မိန်းမတိုင်းဟာ မိခင်ဖြစ်မလာခဲ့ပေမဲ့ မိခင်မေတ္တာဟာ မိန်းမတွေမှာပဲရှိတယ်ဆိုတာ …

ကျွန်တော် တယောတစ်လက်ကို ကောက်ကိုင်လိုက်တယ်။ ကျွန်တော်တယော မထိုးတတ်ခဲ့ပါဘူး ။
(သွားရောင်းစားမလို့)

မိဘတိုင်းက သားသမီးအပေါ် အရမ်းမျှော်လင့်ထားတယ်လို့ တချို့ကပြောတယ် ။ တချို့က သားသမီးတွေက မိဘတွေအပေါ် အရမ်းမျှော်လင့်ထားတယ်လို့ပြောတယ်။ မိသားစုဘဝဆိုတာ မျှော်လင့်တာတွေကို ဖြစ်လာဖို့ ပေါင်းစုဖြစ်တည်ထားတဲ့ မိုးတွင်းကာလ ကောက်ရိုးအသိုက်ကလေးပါပဲ ။ အမြဲပြုစုပျိုးထောင်ဖို့ ကောက်ရိုးမျှင်ကလေးတွေတော့လိုတာပေါ့။ ကျွန်တော်လေ ကျွန်တော်ဟာ ကျွန်တော်မဟုတ်ဘူးဆိုတဲ့အကြောင်းကို မိတ်ဆွေတွေ သူငယ်ချင်းတွေကို ပြောပြချင်တယ်။ ကျွန်တော်မပြောဖြစ်ခဲ့ပါဘူး။
(အသံဝင်နေလို့)

ကျွန်တော် သက်တန့်မှတ်စု တစ်ခု လက်ဆောင်ရခဲ့တယ်။ အမည်နာမ အမျိုးမျိုးခေါ်ဝေါ်တဲ့ မိန်းကလေးတစ်ယောက်ဆီကပေါ့ ။
(ခွေး မ ဝက် မ)

အဲဒီ့မှတ်စု စာအုပ်ကလေးထဲမှာ ကျွန်တော်ဟာ ကျွန်တော်မဟုတ်ဘူးဆိုတဲ့အကြောင်းကို ပြောပြနိုင်ခဲ့တယ်။ ကျွန်တော် ဘဝမှာ ရှင်းလင်းလတ်ဆတ်သွားလိုက်တာ မြက်ခင်းတွေ သူတို့ကိုယ်ပေါ်က နှင်းခက်တွေကို ခါထုတ်လိုက်သလိုပါပဲ … ။ ဘယ်သူမှမသိကြဘူး ။
(ဘယ်သိမလဲ)
...

ခွေးတစ်ကောင် စွဲစွဲငင်ငင် အူ လိုက်တာကိုပဲ အမှောင်အတွက် သိပ်လိုက်ဖက်တဲ့ ဂီတတစ်မျိုးလားလို့ လမ်းပေါ်က စိတ်ကိုကျွန်တော်မေးကြည့်တယ်။ သူက တိတ်နေတယ်။ ဘာမှပြောစရာ စကားမရှိတော့လို့လား။ မပြောချင်တာလား။ ကျွန်တော်ပြန်မမေးမိပါဘူး။ တခါတလေ လူဆိုတာထက် စိတ်ဆိုတဲ့ သတ္တဝါတွေက ဆွံ့အမှုံတေနေကြတာ မဟုတ်လား။ နောက်အနည်းငယ်ကြာတော့ ကျွန်တော်သတိထားမိတယ်။ ကျွန်တော်လမ်းလျှောက်နေတာလား ခရီးတော့အတော်ပေါက်လာခဲ့တယ် ဒါပေမဲ့ ကျွန်တော့်စိတ်ထဲရပ်နေတယ်လို့ပဲထင်နေခဲ့တာ နောက်မှသေချာကျွန်တော်သိလိုက်ရတယ် ။ ကျွန်တော် အသေအချာကို ဒီနေရာမှာရပ်နေခဲ့တာပါ။ ကျွန်တော့်ခြေထောက်အောက်ကလမ်းတွေက သူ့အလိုလိုရွေ့နေကြတာလေ။ ကျွန်တော့်ကို လမ်းတွေက လမ်းလျှောက်ရင်း ခရီးဖေါက်ခဲ့ကြတာပေါ့။
(ကျွန်တော်က ခြောက်လမ်းသွားကြီးပါ)

အမှန်တော့ ကျွန်တော်တို့ မွေးကထဲက ရပ်နေခဲ့ကြတာပါ။ လမ်းတွေက ရွေ့နေ ကမ္ဘာကြီးက လည်နေတာကိုသတိမထားမိတော့ပဲ ကျွန်တော်တို့လမ်းလျှောက်တယ်လို့ပဲ လူတွေထင်နေခဲ့ကြတာလေ။ ကျွန်တော် ငိုကြွေးခဲ့တယ် ကျွန်တော့်မျက်လုံးတွေမဟုတ်ပါဘူး။ မျက်ရည်တွေမဟုတ်ပါဘူး။ ကျွန်တော့် စိတ်တွေ ….

 သွေ့ခြောက်သွားတဲ့ သူမ မျက်ရည်တွေသာ ရနံ့ရှိမယ်ဆိုရင် ခရေ ရနံ့ရမလား ဒါဆို ကျွန်တော် ရင်ဘတ်အောက်က ဥတုပျိုလေးထဲမှာ ဖန်ကြုပ်လေးနဲ့ ရနံ့တွေ ဖမ်းလှောင်သိမ်းထားလိုက်မယ်။ မငိုပါနဲ့တော့ကွာ မင်းသောက ကိုဘေးလူတစ်ယောက်က မျက်ရည်တွေနဲ့အားပေးနေလို့လဲ အပိုပါပဲ။ သောကကို ကျွန်တော်တို့ သိမ်းထုတ်မေ့ပျောက်ဖို့ အသင့်ဖြစ်ရင် အားယူပျံတက်လာမဲ့ မနက်ခင်းနေရောင်တွေနဲ့ ဘဝမှာ ပျော်ရွှင်မှုတွေရှိလာအုံးမဲ့ မျှော်လင့်ချက်နဲ့ ရွက်လွှင့်နေကြအုံးမယ်။

Middle in no where

ဘယ်မှန်းမသိတဲ့ အလယ်ခေါင်တည့်တည့်မှာ ကျွန်တော်ရောက်နေတယ်။ သေချာလား ကျွန်တော်ရောက်နေတာ ။ ဘာကိုမှမရှိတော့တဲ့ ပစ္စုပန်အခွံသက်သက်ကြီးသာ ပိုင်ဆိုင်မှုကို ပုံသဏာန်အမျိုးမျိုးနဲ့ ဖွဲ့အိမ်ထားကြ။



nelay





'' မြက်သေ ''



မြက်ခင်းကျယ်ကြီးပေါ်လှဲ အိပ်ယုံနဲ့ ကောင်းကင်ကြီးကိုကြည့်လို့ရရင်
ငါတော့အပြီးအပိုင် မြက်ခင်းပဲဖြစ်ချင်တော့တယ် ......

လောကသစ္စာ ကျမ်းသစ္စာ အရာရာနဲ့ ငါ့ကိုချုပ်လုပ်ချင်တယ်ပေါ့
ဇကောရဲ့အစွန်းတဖက်မှာ ငါလိမ့်ပေမဲ့ အတ္တနဲ့အပြီးအပိုင်မံထားတယ်
ဟန်ဆောင်ခြင်းအတတ်ကို ငါတတ်ပေမဲ့ ငါ့မျက်နှာမှာအဖုံးမပါဘူး
ရိုးအီစရာ ဖြစ်စဉ်ကြီးကိုနေ့တိုင်ပြုလုပ်နေကြတာ ဘာလို့ရီပြနေရတာလဲ
တိုက်ပေါ်ကခုန်ချသွားတဲ့ ငါ့ချစ်သူအတွက် ငါဝမ်းနည်းရမှာလား
အလကားပါ သေနတ်နဲ့ နထင်ကိုတေ့ပြီးမှ သေနတ်မပစ်တတ်တဲ့ ကောင်လေ
စိတ်ရှုးပေါက်တဲ့ စကားတွေဆိုတာ အမှန်တရားကဆင်းသက်လာတာ သူတို့သိပုံမရဘူး
ရေတစ်ဘူးတော့ကုန်အောင်သောက်နိုင်မယ်ထင်ပါတယ်။

ငါ့ကိုယ်ငါမြက်ခင်းဖြစ်ဖို့ကြိုးစားတာ ဒါပါနဲ့ဆို ၉နှစ် ...
ဘဝဖြစ်တည်မှုရဲ့ အကြောင်းတွေငါ့ကိုကောင်းကောင်းထောင်းခြေပြီပြီ
မလွမ်းလောက်တော့တဲ့ သန္ဓေအကြောင်းကို ငါ့ပါးစပ်မှာပေါင်းပြီးမပြောပါရစေနဲ့တော့
တသက်လုံးလိုချင်လို့မဆုံးနိုင်တဲ့ အတ္တတွေဘယ်တော့မှကွာကျနိုင်မှာတဲ့လဲ
မြေမြုပ်ဖို့ ပေါက်တူးတလက်ကို အရင်တူးရှာရအုံးမယ် .....
ပိုးစုန်းကြူးလောက်မှ လင်းအားမရှိတော့တဲ့ ဘဝကို အပြီးသတ်လိုက်ဖို့
နံနက်ခင်းလှောင်ရီသံတွေကို ကြောက်နေရတုန်းပဲ ...။

နောက်ဆုံး ... ဖိနပ်ကိုဖွဖွချွတ် ဘောင်ဘီးကိုတိုတိုခေါက်ပြီး တလှမ်းချင်းငါဆင်းသွားလိုက်တယ်
အင်းယားရဲ့ခြေရင်းဆိုတာ ဒါပဲလား ဘာမှသိပ်ထူးထူးဆန်းဆန်းကြီးတော့မဟုတ်ပါဘူးလေ ....
သိပ်လှတယ်ဆိုတဲ့ အင်းယားအပေါ်ပိုင်းတွေလဲ ပါးစပ်ဆော့ပြီး လှနေကြတာနေမှာ ....
စပယ်ယာတယောက်ပြောသလိုပေါ့ ဘဝဆိုတာ ရှင်သန်ခြင်းလမ်းမများတဲ့
ငါကတော့ လမ်းမလျှောက်နိုင်တဲ့သူဆိုတော့ ဘဝကိုမရှင်သန်ချင်ဘူး
အဆုံးသတ်ကိုကြိုသိရက်နဲ့ ပြောနေကြတာ အကျိုးရှိဖို့အတွက်လား ဘယ်သူ့အတွက်လဲ
ကိုယ့်အတွက်ကိုယ်လုပ်နေကြတာပဲလေ .... ဒါဆိုဘာလို့ အဆုံးသတ်မှာကြောက်နေတာလဲ
အားလုံးနီးပါးက ကိုယ်ဖက်ကိုယ်ရပ်ပြီး စာအုပ်ဖတ်နေကြတာပဲ
လောကကြီးကိုတခုခုပေးဆပ်ဖို့တဲ့လား ... လောကကြီးက ဘာတခုမှမလိုချင်တာ မသိကြဘူး ...
လောကကြီးကဘာကိုမှမလိုတော့ဘူး ... ။
ဒါနဲ့များ နောက်ဘဝကူးကောင်းအောင် ဆုတွေတောင်းနေကြသေးတယ်
နောက်တကြိမ်လူပြန်ဖြစ်မှာမရှက်ဘူးလား ... မသေချာမှုတွေကို စွဲပြီးသေနေကြရတာပဲလေ . . .
ငါတို့မျှော်လင့်တာ ဒီလို ရှင်သန်ခြင်းတွေလား .....

ဟန်ဆောင်ကောင်းတဲ့လူ့လောကကြီးရေ ....
နင့်အိမ်ရှေ့ကမြက်ခင်းစိမ်းစိမ်းပေါ်မှာ ငါချီးစိမ်းစိမ်းတွေတအားပန်းနေပြီးလေ ....
ငါဟာအစွမ်းကုန်အော်ငိုနေတယ်ဆိုတာ နင်မသိဟန်ဆောင်နေနိုင်လိုက်တာ ......
ဘလိုင်းဂျန်နရေးရှင်း ရဲ့အမှုံအမွှားလေးထဲမှာလဲ ငါကိုယ်တိုင်ပါဝင်ခဲ့တယ်ဆိုတာ
ဂဏာန်းကြီးတွေရှေ့က သုညကြီးကြီးခေါင်းဆောင်မှုတွေ လစ်လျှူရှုထားရက်နိုင်လိုက်တာ ....
ငါဟာအစွမ်းကုန်ရွံ့စရာကောင်းနေပြီး မဟုတ်လား .....

လူတွေဟာသေဖို့ဘာလို့ဟန်ဆောင်နေကြရတာလဲ စောစောသေတာနဲ့ နောက်ကျသေတာပဲကွာတယ် ...
မြက်ခင်းဖြစ်ချင်တဲ့ ဆန္ဒတွေ ငါ့တကိုယ်လုံးကုတ်ဖဲ့တက်လာလိုက်တာ လုံးလုံးကိုနီရဲနေတာငါတွေ့တယ်
ငါဖြစ်ချင်တဲ့ မြက်ခင်းတွေငါ့အပေါ် ရဲတင်းစွာဖုန်းအုပ်လိုက်တာလေ ....
ရေခဲရိုက်ပြီးသာ ညီညူးမှုတွေနဲ့ ငါ့ကိုငါပြည့်ကြပ်အောင် အလုံပိတ်လိုက်ကြတာ
ဟန်ဆောင်ယုံကြည်မှုတွေက ငါ့နံရံနဲ့ကပ်လျှက်မှာ နေ သာနေလိုက်တာ ... ငါကိုမသိတဲ့အတိုင်းပဲ ...
တစ်ရွက်ကြွေပြီးရင်တော့ နောက်ရွက်သစ်တွေဆက်တိုက်ထွက်လာအုံးမှာပါပဲ
ခြေရာတခုရဲ့ အဆုံးဟာ ခြေရာတခုရဲ့အစပါပဲ .... နောက်နေ့တခုရဲ့ နံနက်ခင်းတွေဟာ မနေ့ကလိုပါပဲ .... ။
ဒါပေမဲ့ အတိတ်ရဲ့ကြွေအံကိုတော့ ဒီနေ့ပြန်ခေါက်ချင်လို့ဘယ်ရတော့မလဲ .... သေခြင်းတရားက Ctrl + Z ပြန်လုပ်လို့မရဘူးလေ .... ။
ဘုရားသခင်ကတရားမျှတလား
ကိုယ်ကျင့်အဘိဓမ္မာ ကရောလူတွေတကယ်လိုက်နာနိုင်လို့လား
ကံဆိုတာကရော အလေးချိန်ညီရဲ့လား
မေတ္တာတရားဆိုတာကရော ဘယ်လောက်ထိစိတ်ချမ်းမြေ့မှုပေးသလဲ
လူ့ဘဝဆိုတာ အဖြူအမဲတွေနဲ့ဖွဲ့စည်းထားတာလား
ဘာသာတရားရဲ့အဆုံးသတ်ကရော အေးငြိမ်းစွာ သေတတ်ဖို့လား
နင်ဒို့ကို ငါဟန်ဆောင်ခေါင်းငြိမ့်ပြမနေချင်တော့ဘူး လူတွေဘာကြောင့်အသက်ရှင်ချင်သလဲဆိုတဲ့အကြောင်းကို
နင်ဒို့မေ့ထားသလို ငါမမေ့ထားနိုင်ဘူး ....
''မနက်ဖြန်တော့ငါမသေလောက်သေးပါဘူး ဟာ''
မနက်ဖြန်တွေသေချာချာရှိနေလိမ့်မယ်လို့ နင်ဒို့ယုံကြည်သလို ငါမယုံကြည်နိုင်ဘူး ....
လောဘတွေဆက်တိုက် တိုက်ခိုက်နေသလိုမျိုး ငါဆက်မတိုက်ခိုက်ချင်တော့ဘူး
ငါအမှန်တကယ်ဖြစ်ချင်နေတာက
သံယောဇဉ်ရှိဖို့ မဟုတ်ဘူး
တရားတော်တွေမဟုတ်ဘူး
ကိုယ်ကျင့်အဘိဓမ္မာ မဟုတ်ဘူး
စည်းဇိမ် မဟုတ်ဘူး
စားသောက်စရာတွေမဟုတ်ဘူး
ဇိမ်ခံအရာအစုံအလင်နဲ့မဟုတ်ဘူး
အောင်မြင်ကျော်ကြားဖို့မဟုတ်ဘူး
ဖီးလိမ်ပြင်ဆင်ပြီး သေဖို့လဲမဟုတ်ဘူး
ဟန်ဆောင်အပြုံးတွေနဲ့ ငါ့ကိုသနားဖို့လဲမဟုတ်ဘူး
အခုချိန်မှာ .....
ငါ့ကိုယ်မှာရှိနေတဲ့ အသွေးအသားတွေ စိတ်ကူးတွေကို မြက်ခင်းထဲမြေမြုပ်လိုက်ဖို့ပဲ
ခြည်နှောင်တင်းကြပ်မှုတွေနဲ့ အသက်ဆက်မရှင်ချင်တော့လို့ပါ
ဟန်ဆောင်လိမ်ညာမနေချင်တော့လို့ပါ
ပူလောင်ခြင်းနေရောင်အောက်မှာမနေချင်တော့လို့ပါ
ငါ့မျက်ရည် ငါ့ဟန်ဆောင်မှုကိုမထိန်းချုပ်နိုင်သလို
ငါ့မြက်ခင်းဖြစ်ချင်စိတ်ကို မတားစီးနိုင်တော့လို့ပါ
ငါ့အတိတ်ကိုကြည့်ပြီး ငါကြေကွဲမနေချင်တော့လို့ပါ
ပေါက်ကွဲတော့မဲ့ အနူမြူပေါင်းအိုးကို ငါ့ကုတင်အောက်ထဲဆွဲသွင်းပြီး
နံရံမှာထွန်းထားတဲ့ ခပ်မှိုန်မှိုန် ဖယောင်းတိုင်မီးတွေအားလုံး မှိတ်ပြစ်လိုက်ဖို့ပဲ
အမှန်တကယ်လိုအပ်နေတာ .... ။

မြက်ခင်းကျယ်ကြီးပေါ်လှဲ အိပ်ယုံနဲ့ ကောင်းကင်ကြီးကိုကြည့်လို့ရရင်
ငါတော့အပြီးအပိုင် မြက်ခင်းပဲဖြစ်ချင်တော့တယ် ......  



nelay