Pages

Saturday, February 27, 2010

အကျ စိမ်း ကျ



ကြိုးဆွဲရာနောက် လိုက်ကနေတဲ့ စက္ကူစွန်
မာလကာပင်ပေါ် နားနေတဲ့ စက္ကူစွန်
ငါက ဘာကို ကြိုးပြတ်ခဲ့တာလဲ ...
သစ်ခြောက်ပင်ကို ခြည်ထားတဲ့ကြိုး
အစိမ်းပြတ်ကြိုးမှာ ငါ့လမ်းတွေ ပေါက်ခဲ့ ပျက်ခဲ့


မညီညာတဲ့ တံခါးနှစ်ချပ်မို့ ပိတ်မရဘူး
မုန်တိုင်းတွေ ဝင်လာစမ်းပါ
လက်အုပ်ချီပြီး ငါ့ကို သတ်ကြ ... ။
လှောင်အိမ်ထဲက မိုးခေါင်မျက်ရည်များကို
ငါ့နှလုံးသားတွေ သွေးထွက်ဝေဖူးအောင် ကြည့်နေရတယ်


ဘဝရေ ............ ဘယ်တော့ ဆုံးမှာလဲ .
ခြံစည်းရိုးထဲက လွတ်မြောက်ခွင့်ပေးပါ


လေးဘီးကားတွေ မရပ်ရ .


ငါ့နယ်မြေထဲ သူမဝင်လာတုန်းက ဘုရားလိုကိုးကွယ်ခဲ့
သူမနယ်မြေထဲမှာ ငါက ကျူးကျော်သူ နတ်ဆိုး
နားရည်ဝနေတဲ့ ဂီတသံမှာ အချိန်ဖြစ်ကြောင်းဟာ
နယ်လွန်အိပ်မက်နဲ့ တရေးနိုး
ငါ့ကို ခါးရက်လေခြင်း
အစိမ်းဖူးလေး ... စကားပြောစဉ်က ငါချိုခဲ့သလား
သော့ ..... သော့ .... သော့ .....
သော့ရေ ...........
ငါ့ကို အပိတ်မှားခဲ့တဲ့ ရာသီ


ကုန်လွန်သွားတဲ့ မျက်နှာကျက်မှာ မီးစိမ်းအိမ်ကလေး
လင်း ....
လင်း ....
လင်း ..........................
..... ။
ကြယ်စင်မြစ်ဝှမ်းရေ .....................
ငါ့ဘေးမှာ ဘာလို့ ငိုနေတာလဲ ..................... ။



nelay





Tuesday, February 23, 2010

ဥယျာဉ် ထဲကကောင်းကင်



ခပ်တိုးတိုးလေးပဲပြောပါရစေ အပင်ပျိုမှာ ရေလိုနေတယ် . . .
မငိုပဲနဲ့ကွာကျလာတဲ့ မျက်ရည်အတွက် အပျိုပင်တို့ ရှင်သန်ရမယ်
မင့်ဟာမင့် အိုအို ပျိုပျို ဒီဥယျာဉ်ဟာ ငါ့ပိုင်နက်
တယုတယနဲ့ ကောင်းကင်တွေ မင့်အတွက် ဆွဲယူချယ်သထားတယ်
ပေါင်းတွေလဲ နွှင်လို့ အလွမ်းတွေလည်း ရှင်လို့ . . .
နောင်ဘဝများရှိရင် ဒီဥယျာဉ်ပဲငါပိုင်ချင်ရဲ့
အဝင်ဝမှာပြုံးထားတဲ့ လီလီဟာ မင့်ရနံ့
မမြင်ပဲနဲ့တောင် အေးမြအောင်မွှေးတဲ့ ရင်ခွင်နွယ်
ပြင်မရတဲ့တံတားအိုနားက ချယ်ရီဟာ မင့်အပြုံး
ငါ့ကိုလုံးခြေအောင် အေးခဲစေတယ် ဥယျာဉ်ရဲ့တဖက်ကမ်းမှာ
ကောင်းကင်တခုလုံးစိမ်းနေလိုက်တာ
နှလုံးသားနဲ့ရိုက်လို့မဆုံးနိုင်တဲ့ ဓါတ်ပုံတွေ
မျက်လုံးတွေတလုံးပြီးတလုံး . . .
ဒီဥယျာဉ်ကြီး ရောင်ပြန်ဟပ် ချက်ကတော့
မှောင်လျက်နဲ့တောင်လှနေလိုက်တာ ဟိုးမှာ . . . သဇင်တွေ . . .
လမပါတဲ့ ညခါးခါးတွေမှာ အတိတ်ရောင် အဆိပ် ပေါင်းတွေ
မင့်အပင်လေးပေါ်နွယ်တက်ခဲ့
ခွာခွာကြွေးခဲ့ရတဲ့ငါ့မြေဆီလွှာတွေ
အချိန်မမှီနိုင်ခဲ့လို့တရွက်တော့ကြွေခဲ့ရှာတယ် . . .
နာကျင်နေလိုက်တာ ဥတုတွေတောင် ဖြူရော်ရော် . . .
ငါမကြည့်ရက်ပါဘူး အဖူးနုနုလေးတွေ အခုမှအားယူခါစ
အကြင်နာရေမွှန်းပြီး ညှိုးမသွားစေချင်ဘူး
ရာသီတွေကို အခုမှခူးယူချယ်သရအုံးမယ် ... အသစ်တွေတိုက်ခတ်ပါအုံး ...
မနူးညံ့တတ်လိုက်တာများ နှင်းဆီနက်ရဲ့ စူးတွေစွင့်စွင့်ကားကား
အရိုင်းတဲ့လား သွေးတွေရဲနေပုံက လိပ်ပြာဝိဉာဉ်တွေ တယောတကျီကျီနဲ့ . . .
အဖူးရိုင်းလေးကို စူးနေတဲ့ ဒီဥယျာဉ်ဟာ ငါ့ပိုင်နက် . . .
အမှောင်ခြမ်းလေးကို တဖြေးဖြေးနဲ့ ဖျက်လာခဲ့တာ အခုဆို အရောင်တွေတောင်စိုလို့
လင်းလိုက်မှောင်လိုက် ဒီဥယျာဉ်လေးလဲ အော်ငိုလို့ ပျော်လွန်းလို့တဲ့လေ . . .
ကဗျာတွေလဲပွင့်လာလိုက်တာ ခုနှစ်တွေတောင်အဖူးအပွင့်တွေနဲ့ . . .
တကယ်လို့များ . . .
ဒီဥယျာဉ်ကြီးမစိမ်းစိုနိုင်ခဲ့ရင် ပျိုးပင်လေးလဲစွန့်ခွာခဲ့ရင်
အဆီခန်းတဲ့ မြေပြင်ကျယ်ကြီးရယ် ၊ သံချက်ပြုတ်တချက်မိတချက် ခြံဘောင်ကြီးရယ်
အရောင်မပါတဲ့ကောင်းကင်စိမ်းကြီးရယ် . . . . နောက် တံတားအိုလေးရယ်
နောင်ဘဝကူးတဲ့အထိ အပင်ပျိုလေးကို သစ္စာရှိစွာသေနေအုံးမယ်ဆိုတာ
အနှေးပြကွက်နဲ့ အစမ်းမက်ကြည့်လို့ရတယ် . . . တဖြေးဖြေး .. ကောင်းကင်ထဲ . . . ။



nelay






ရက်ရက်စက်စက် ရာသီ



ဟောဟို အနောက်တောင်မှာ

နတ်ဆိုးတွေအရောင်ဆိုးဖို့ ကြိုးစားနေကြတယ်

မမြင်ချင်ယောင်ဆောင် ငါလိုကောင်တောင်

ပုဝါပျိုက မလှုပ်ရွဘူး . . .



ရင်ခွင်သေတွေ ပုတ်သိုးအောင် ချစ်လို့

နင်မမြင်ခင် ငါ့ကိုယ့်ငါ သင်္ဂျိုလိုက်ရတယ်

အဲ့ ကမ်းနဖူးက လရိပ်အောက်မှာ . . .



ခြေသံကိုဖွဖွ နင့်ခေါင်းတွေ တွင်တွင်ရမ်းခါ

ငါ့ကိုငါ ပြစ်မှားတော့ ငါ့စိတ်ကူးတွေ အလွန်းပျော်ကြတယ်

အကြိမ်ကြိမ် ပြောက်ဆုံးခဲ့ရတဲ့ ဟိုးအဝေး က ကြယ်ချိုချိုရယ် . . .



ရင်ခုန်သံတွေ နေဝင်သွားတော့

ပုဝါပျိုတွေ လှုပ်ရွကာ ရစ်သိုင်း

ငါ့ဘဝလှိုင်းတွေ တောင်မြောက် ပိုင်းလိုက်ကြတယ်

နွေရာသီရဲ့ မိုးရေစက်တွေအောက်မှာ . . .



စကားလုံးတွေရိုက်ခတ်ကာ ကွဲကွဲရှရှ

နင့်အော်သံကြားမှာ ညဆိုတာ လ မလိုတဲ့

စုန်းသက်သက် သတ်ကွင်း စစ်စစ်ပါပဲလေ . . .



မျက်ကွင်းတွေ အညိုစင်းအောင် အမုန်းမိသွားတဲ့ ကြယ်အို

ဇက်ကိုအပီချိုးလို့ ငါ့ပေါ် ချစ်သွားရက်တယ်

ဖိနပ်ကြိုးတွေ ခြည်ရအုံးမယ် ကမ်းပါးပျိုရယ် . . .



တိတ်ဆိတ်ခြင်းဟာ နင့်နောက်ကျောက ဒါးတလက်

ငါ့ကိုချစ်လျှက်နဲ့ နင့်ကိုယ်နင့်ထိုးစိုက်ခံခဲ့ရတယ်

အဲ့ တိတ်ဆိတ်ခြင်းဟာ ငါ့ရဲ့လူရုံစစ်စစ် . . .



နင့်ကို မမြင်ဖူးခင်ထဲက ချစ်နေခဲ့ရတော့ . . .

နတ် ဆိုတဲ့ ကောင် ကြိုးတန်လန်းနဲ့ သေနေပြီး . . .

အမုန်းမရှိတဲ့ အချစ်ရွာပျက်ကြီးထဲမှာ . . .။



nelay





Tuesday, February 16, 2010

ပါးစပ် စစ်များ



ဘယ်လောက်ထည့်ထည့်မလောက်ငှဘူး
ဘယ်လောက်ထွေးထွေးမကုန်တော့ဘူး
ရွံ့စရာတွေ ပစ်ချွဲချွဲတွေ လာလာမထည့်နဲ့
သွားကြားထဲက အပုတ်တွေကော်ထုတ်
မသတီစရာတွေ သကာ သုတ်ပြီး ထွေးထုတ်လိုက်တယ်


ကျေးဇူးတရားမသိသူ သူ့ကိုဖြူဖွေးအောင် တိုက်ချွတ်
ကြွေရောင် အရီ ပြိုးပြိုးပျက်ပျက်နဲ့ လက်ဆွဲနှုတ်ဆက်အုံးမယ်
မဖြစ်မနေသုံးရတဲ့ နာမ်စားကိုပဲ သူဝါးမိသလိုလို
သွားကြား
သွားကြား
သွားကြားညှပ်လို့


နှုတ်ခမ်းနီဆိုးမထားဘူး ရာစုနှစ်ရဲ့ သွေးတွေသောက်ထားတာ
ပါးစပ်တွေက နှုတ်ခမ်းငတ်သလိုမျိုး အလင်းတိုးအားနဲ့
ကျယ်လာတဲ့ တော်သလင်းလကို ထိုင်ကြည့်


ဘဲကလေး ထုတ်နှုတ်ဖူးသလို either swim or sink method နဲ့
အဲဒီ့အပေါက်ထဲမှာ ဠာန်ကရိုဏ်းကျကျ လျှာတွေစိုက်ပျိုးထားတယ်


ညည အိပ်နေရင်တောင် ပလုပ်ပလောင်းနဲ့ ဘာတွေပြောနေလဲ
ဟိုတလောက နာဆာ ဖမ်းမိတဲ့ အမျိုးအမည်မသိ အသံလှိုင်းက
အဲဒီ့ အသံ
အစားအသောက်စားပြီးရင် မီးခိုးငတ်ရတာ မောတယ်


၁ ၂ ၃ ဆိုပြီး ဂီတသံစသလို
အူဝဲ ဝါးးးးးး ဗြဲ ဆိုပြီး ပါးစပ်က စတယ်
ဟူးးးးး အင့် အားးးးးးးး ဒါမှမဟုတ် ဘာသံမှမထွက်ပဲ သေတယ်


၆ နာရီသတင်းကြည့်ပြီး ၇ နာရီ ရုပ်ရှင်ကြည့်တဲ့
ပါးစပ်တွေက အရှေ့တမျိုး ကွယ်ရာတမျိုး ပြောတတ်တယ်


ခေါင်းတွေလှည့်တဲ့ ဖက် ပါးစပ်တွေလိုက်လှည့်
ခေါင်းတွေ ရမ်းတဲ့ဖက် ပါးစပ်တွေ လိုက်ရမ်း
ခေါင်းတွေ ခါသလို ပါးစပ်တွေ လိုက်ခါ
အမွှေးအမျှင်တွေကြားမှာလဲ ပုန်းနေတတ်တယ်


တခြားလူကို ကြင်နာပြရင်တောင် သူ့ကိုကြင်နာတယ်အထင်နဲ့
ပါးစပ်တွေက ဟစိ ဟစိ လွမ်းနေတတ်တယ်


နှလုံးသား အစမ်းအစားထိုးကုသရာမှာ အစမ်းသတ်ခံသက်သက်
မိသားစုနဲ့မတော်တဲ့ အကြောင်း ဆရာဝန်က
အဲဒီ အပေါက်နဲ့ သတင်းကောင်းပါးတယ်


ဒါက ပါတီ မညီမျှမှုနဲ့ ဆိုင်လား ဘာဝါဒတွေ ဝါးမိသွားလို့လဲ
ပြောစမ်းပါ အနုပညာ အလုပ်လုပ်တဲ့ ပါးစပ်တွေ


အ နေရင်တောင် အကောင်းစားမုသားတွေမထွက်ချင်နေမယ်
အကောင်းစား သေချင်းဆိုးငှက်ပျောသီးကို စားကြအုံးမယ်


သွေးပြန်ကြောတွေ အဆက်ဖြတ်လိုက်လို့ စီးစရာမရှိတဲ့
ဒီအပေါက်တွေ သွေးငတ်နေရတယ်
အဲဒီ့ လုံးရာ ကနေ ပြားသွားတဲ့ စကားလုံးတွေပဲ မဝါးပဲမျိုချ
ခွင့်ပြုပါ
ဝမ်းမြောက်ဝမ်းသာ
ဂုဏ်ပြုလွှာနဲ့
ကျေးဇူးတင်လွှာ
တရားနာရတာ တရားတွေ နာကျင်သလို
ငုံထားရတာ ကိုယ်ဝန်ရသလိုပဲ


ပတ်ဝန်းကျင်ကလဲ လက်ခုပ်တီးကြတော့
မောင့်ကျက်သရေထုတ်ပြီး ပုဆိုးအစိမ်းတွေထုတ်ဝတ်ကြအုံးမယ်
အဲဒီ့အပေါက်တွေက နငယ် မလုပ်ပါဘူး
ငါ့ကဗျာ တပုဒ်ပြန်ထုတ်နှုတ်ရရင်
ဒီနေရာမှာ သွားကြည့်ကြပါ ဒီနေရာမှာ သွားမကြည့်ချင်လဲနေပါ
မုတ်သုန်ကာလမို့ မိုးရွာချင်လဲ ရွာမယ် မရွာချင်လဲ မရွာဘူး


သူမလျှာကလေး ကောင်းစားနေရင်တော့ ငါတို့ပါးစပ်တွေက ကောင်းချီးပေးလိမ့်မယ်
အကြိုတူးထားတဲ့ မြေကြွင်းတွေ
အကြိုမွှေးထားတဲ့ မီးတောက်တွေထဲ
မမြှပ်ခင် မသင်္ဂြီုဟ်ခင် လူရာဝင်အောင် ဝင်ဝင်ထွေးထားဖို့နဲ့
ပါးစပ် အစစ်တွေထဲ ဝင်လာမယ်ဆို ကွိုင်ရှာမလာဖို့ မှာချင်တယ်။



nelay





Sunday, February 7, 2010

မီးတံလျှပ်



နွေရာသီ ခပ်စောစောမှာ
အတိုင်းအထွာမတတ်တဲ့ အဖျားအနာက
သူမလက်ထဲကို နေလုံးအဖြစ်
သက်ဆင်းလောင်မြိုက်
ငါ့နှလုံးသားပုရပိုက်ဆီ …
ခပ်မိုက်မိုက် နှင်းလာခဲ့တယ်။

စနေမဟုတ်တဲ့ ရက်အကြားများမှာ
ငါလက်ပစ်ကူးတဲ့ အိပ်မက်
ခမ်း
ခြောက်
အံစာခေါက်ပြီး မှတ်ဉာဏ်ထဲက
ခြောက်အိပ်မက်ကို ပုခက်လွဲသိပ်ခဲ့တယ် ... ။

ခံစားမှုရုပ်ပုံကို ဒြပ်မဲ့ညိုမှောင်း
နာရီလက်တံတွေ တိတ်တိတ်ကလေး ခိုးခဲ့သလား။

ထိတ်လန့်ချောက်ခြားဖွယ် မနှိုးပုံရိပ်များက
ပန်းထောင်ခြောက်မှာ ရှုးသွပ်သွားတဲ့
မိခင်တစ်ယောက်ရဲ့ ပန်းကန်ပြား ခြောက်ချပ်သာဖြစ်ခဲ့။

ထမင်းလုံး တစ္ဆေ ခြောက်တယ် … ။

နေရာတစ်ခုကို အလိုမရှိ
ငိုချင်မိတဲ့ သစ်အိုပင်ခြေရင်းက
မြက်တစ်ခင်းကို အခန်းကျဉ်းထဲသော့ပိတ်
တို
ပုလင်းခွံ့တွေ ခပ်စိပ်စိပ် တိုးတိုးလာခဲ့ ... ။

ဆက်ပြောလို့မရတဲ့
လျှာအသားဖျားပေါ်က အာရုံခံတွေထုံထိုင်း
ယနေ့စာထဲမှာ ငါမပါခဲ့တာ ကိုးနှစ်ကြာ …။

အဓိပ္ပါယ်ကောက်လွဲသွားတဲ့
တစ်ကြောင်းဆွဲ ပန်းချီကားထဲမှာ
ပုရွတ်ဆိတ်တက်ထားတဲ့
အသဲတခြမ်းရွက်လွှင့် လွမ်းနေတယ် … ။

သူ ရပ်တန့်ပစ် ။ သူ အချိန်အတိအကျပြော ။

ဖောင်တိန်ဖွင့်ပြီးလက်မှတ်တွေမွေးမြူလိုက်မှ
ကြိုးပြေလွတ်သွားတဲ့ တိမ်က
ဂူနံရံမှာ လူးလားယောက်ယက်
အာရုံထဲက တဝေါင်းဝေါင်း သံတွေနှိမ့်စက် … ။

အဖျားပြောက်အနာပြောက်
အဓိပ္ပါယ်တွေ ဆုန်းဆုန်းတောက်လောင်
မှတ်ဉာဏ်တွေ မှောင်နေပြီ မှောင်နေပြီ … ။

။ … နေ … မှောင် … ပြီ …

နွေရာသီခပ်စောစောမှာ အတိုင်းအထွာ ၂၈နဲ့၂၉
အဖျားအနာက ငါ့နှလုံးသားကို
နေလုံးအဖြစ် သက်ဆင်းလောင်မြိုက်
ငါ့ပျော်ပိုက်ခဲ့သော …

။ … မီး
တံ
လျှပ် … ။



nelay





Wednesday, February 3, 2010

ကျုပ် အဆိပ်နေနည်း



ကျုပ် လူ့ပြည်မှာရှိစဉ်က
မရှုံးခဲ့ချင်ပေမဲ့ အနိုင်လဲမလိုချင်ဘူး
ကမ်းနဖူးမှာ ကိုယ့်လိပ်စာကိုယ်တူးပြီးရှာနေခဲ့တာပါ။

ရှေ့တစ်လှမ်းအစနဲ့ နောက်တစ်လှမ်းအဆုံးမှာ
ကျုပ် အိပ်မက်တွေဗလာကျွံ့ကျ
ရာဇဝင်တွေ နူးညံ့စွာ လိပ်ပြာလွှင့်သွားဖူးတယ်။

တစ်တောလုံးကြားအောင်
ကျုပ် သွေးတွေသန့်စင်ခဲ့ဖူးပါတယ် ...။
မုဆိုးတစ်ပိုင်း ယုန်ငယ်ရိုင်းက
နှလုံးခုန်နှုန်း ပေါက်ကွဲသွားအောင်ခြောက်လှန့်လို့
ကျုပ်သွေးတွေ
ညံ့ ...
ညံ့ ...
ညံ့ ...

အပြစ်တွေဆက်ချုပ်လိုက်တိုင်း
ကျုပ် အနာတွေ မှန်မကြည့်ရဲတော့ဘူး ... ။

အစွဲအလမ်းတသီတတန်းနဲ့ ခမ်းနားပြနေတဲ့
ပတ်ဝန်းကျင် ပုတ်သိုးသိုးကို
စံလွဲမှု မယဉ်မကျေးနဲ့
ကျုပ် ကိုယ်ကျုပ် စိုက်ထူပြိုလဲ ...
ဘာလို့ မသေသေးတာလဲ
ဘာလို့ မသေသေးတာလဲ
ဘာလို့ လဲမသေတာလဲ ... ။

ကျုပ် စိတ်တခိုးသတ္တိကို ဖောက်ဖွင့်ခိုးယူသွားတဲ့ညက
စာချုပ်တစ်စောင် ကျုပ် ရခဲ့တယ် ... ။

မချိပြုံးနဲ့ပြုံး နေလိုက်ပါတယ် ... ။
ငါဆိုတဲ့ မိတ်ဆွေနဲ့ အရိပ်ဆိုတဲ့ အတိတ်ကောင်ကို
ဒါလုံလောက်တဲ့ ဖေါ်ရွေမှုမျိုးပါပဲ ... ။

ကျုပ် သေရင် မြေမမြှုပ်ပါနဲ့
မြေသြစာ ညစ်ညမ်းလိမ့်မယ်
ကျုပ် သေရင် မီးမရှို့ပါနဲ့
လေထု ဓါတ်ပျက်လိမ့်မယ်

ကျုပ် စိတ်သွေးသားတောင်းဆိုမှုက
ကဝေပျိုကို ခေါ်ပြီး
"ဟတ်ချလောင်း" အမိန့်နဲ့သာ
အရင်က ခြောက်နာရီတိတိမှာ ဖြောက်ပစ်လိုက်ပါတော့ဗျာ ... ။



nelay