Pages

Saturday, April 28, 2012

စာမျက်နှာ ၂၈ (ဒုတိယပိုင်း)

စာမျက်နှာ ၂၈ (ဒုတိယပိုင်း)


ငါကတော့
နေဆီက လုံခြုံမှုကို ဖျက်ပြီး
မီးခိုးငွေ့ထဲမှာပဲ လိုက်ရှာနေတဲ့
တုန်တုန်ရီရီ ဆူးပင်များပေါ့ …

ငါ့ကိုယ်ငါ စိတ်ချလက်ချ သောက်လို့မရတဲ့
ရေခွက်ထဲက ရေ ….

ငါကိုက စိတ်ချလက်ချ လုံခြုံလိုက်ရတဲ့
ငြီးငွေ့ခြင်းများ ….

ငါက နေ၀င်တာနဲ့ ဒူးထောက်
အပေါ်တည့်တည့်က ဆောက်လုပ်ထားတဲ့ ဖယောင်းခန်းကို
နောက်ပြန်မျက်နှာများနဲ့
ဖောက်လိုက်ရတဲ့ အပေါက်တွေ …

သူတို့တွေ ငြိမ်းချမ်းသွားပြီမို့
ငါမနှောက်ယှက်လိုတဲ့ မေတ္တာတရားတွေပဲ
ငါ့ကိုယ်တခြမ်းဆီက လှီးလှီးပြီး ထုတ်ပေးနေရ

မျှော်နေတဲ့ လည်ပင်းကိုဖြတ်ပြီး
ငါက အူသံစွဲ အလင်္ကာကျိုးနဲ့
သွေးတွေပဲ ပန်းပန်းပြီးထွက်ပြ

ငါကိုက အလိုမကျခြင်း ရသကိုးပါးနဲ့
စိတ်တွေကို ပိုးမကျတဲ့ တွင်းတွေထဲ
မိုးမရွာခင် စိုးရိမ်စိတ်တွေနဲ့ ထိုးသိပ်ထည့်နေရတယ်

အကြောက်တရားနဲ့ ငြီးငွေ့ခြင်းကို ရှောင်ပြေးဖို့
လူနေရပ်ကွက်ထဲက သေသေချာချာ ထွက်လာတယ်ဆို …
ဒါနဲ့များ အထီးကျန်ခြင်းရဲ့ ကျိန်စာများနဲ့
ငါ့ကို ဘာလို့ လက်ပြခေါ်နေသေးလဲ ….

ဘယ်မှာလဲ ထွက်ပေါက်တွေ စိုက်ပျိုးထားတဲ့ ၀င်္ကပါ

ငါ့မျက်လုံး သူငယ်အိမ် အညိုရောင်ထဲက မီးတောက်ကို
ဘာလုံးကြီးတွေ ၀ ၀ ပြီး ညနေခင်းကို
ကျောခိုင်းလို့ကြည့်နေရတယ်

တိတ်ဆိတ်ခြင်းဟာ ငါ့ရဲ့မွေးချင်း ညီအကိုတွေပဲမို့
တစ်ခွက်လောက်တော့ ငှဲ့ပေးလိုက်ပါအုံးမယ် …

ငါတူးတဲ့ လမ်းကို လိုက်ရဲမှတော့
ဘာလို့ ကျေးဇူးတရားတွေ
သယ်သယ် လာသေးလဲ

မျက်စပစ်ယုံလောက်နဲ့တော့
ငါက ဒုက္ခတရားကို အဖက်လုပ်ပြီး
ဒူးထောက်မနေတော့ဘူး

ငါထောက်ခဲ့တဲ့ ဒူးရာတွေကြောင့်
လွန်ခဲ့သော တောအုပ်ထဲက မြေကြီးတွေ …
အမာရွတ်တွေ ဗလပွနဲ့
ငါကပဲ ပြန်ပြန်အားနာနေရတယ်

အတွေ့အကြုံကို ပုံပြောပြနေတာလောက်
လက်တွေ့မဆန်တဲ့ သစ်ပင်အယူဝါဒကို
ငါက နှလုံးသားနဲ့ ခုတ်လှဲခဲ့ပါတယ် ….

ဘာတွေ ပါ သလဲရှာနေရင်
ကျောခိုင်းထားတဲ့ အမှောင်ထဲက
ငါထွန်းခဲ့တဲ့ ဖယောင်းတိုင်တွေကို
လမ်းကြုံရင်မေးကြည့်ဖို့တော့ ကောင်းတယ်

ငါ့ကိုယ်ငါ
သိပ်ကိုမှလေးစားချင်နေလွန်းလို့
ငါကပဲ ဘုန်းကြီးဝတ်ပြခဲ့
ဒါနဲ့ပဲ မဆိုင်သူတွေပါ ငါ့ကိုလာ ကတော့ ကြတာလွန်ပါရော

အလွယ်ကူဆုံးနဲ့ အရှင်းဆုံး နာကျင်မှုဆိုရင်
အခုဖတ်နေတာ ခဏရပ်ပြီး
ငါက ကိုယ့်လျှာကိုယ်ပြန်ကိုက်ကြည့်လိုက်တယ်

ငါ အနာဂတ်အတွက်
ရည်မှန်းချက်တွေအပေါ်သံသယရှိခဲ့တယ်
ကြိုတင်တွက်ဆ ယေဘုယျ အကြောင်းတရားတွေဆိုတာ
ငါ့ကို တိကျတဲ့အဖြေတွေမပေးဘူး
ဒါ့ကြောင့် ငါ့စက္ကန့်တိုင်းဟာ
အမြဲတမ်း
အသစ်အဖြစ်ပြောင်းလဲနေကြတယ်

ငါ အစီအစဉ်တွေကို မယုံကြည်ဘူး
ဘာလို့ဆို ငါ့ အစီအစဉ်တွေဟာ
ဘယ်တော့မှ မဖြစ်လာတဲ့ အစီအစဉ်တွေပဲမို့

ဒါနဲ့များမထူးဆန်းတဲ့ အသံတွေကို
ကြားဖူးန၀ မြည်သံတွေနဲ့ရောရောပြီး
ဘာမှန်းမသိတဲ့ အနာဂတ်တောထဲမှာ
ငါ့ကို ဘာတွေများလာလာ ခြောက်ခိုင်းနေတာလဲ

ငါက တည်ထောင်ဦးဆောင်သူတစ်ယောက်မဟုတ်ဘူး
ငါက ငြိမ်းချမ်းခြင်းကိုရှာဖွေရင်းမောပန်းလာတဲ့ အနီရောင်
ငါက ဒုက္ခကိုချစ်တယ် ဘာလို့ဆို ဒုက္ခက ငါ့ကိုချစ်လို့
ငါက မျှော်လင့်ခြင်းကို သတ်ပစ်ခဲ့ပြီး အောင်မြင်ခြင်းကိုလစ်လျှူရှုခဲ့တယ်
ဒါမို့ငါက

ငါဘယ်သူ့ကိုမှ မသိချင်ဘူး
လူဆိုတာ သေဆုံးသူနဲ့
အသိအကျွမ်းတွေမှ မလုပ်ချင်ကြတာ

ငါ့ကိုယ်ပေါ်က
မလိုအပ်တဲ့ အသံတွေနဲ့ ၂၈ ၊ ၂၈ ၊ စနေနေ့ ဆိုတာ
သူတို့ ရေးကြီးခွင်ကျယ်လုပ်တဲ့
နှစ်တစ်ရာမှာ တစ်ခါပဲကြုံရတဲ့
ကြယ်တွေဆုံတဲ့ အသံ ပိုက်ပွဲကြီး တစ်ခုပါပဲ ….

ကဲ  ….
ခင်ဗျားတို့ရော လေထုထဲမှာ …
ဘာ … သံ .. များကြားမိ ကြသလဲ … ။



nelay

Thursday, April 26, 2012

စာ စားသုံးခြင်း




စာ စားသုံးခြင်း



ပျက်နေတာတွေပြင်ဖို့ သုံးလို့ရတဲ့အပျက်တွေလိုတယ်
ပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့ ဓါတုစွန့်ပစ်အညစ်အကြေးတွေကတော့
ကမ္ဘာမြေပေါ်က အပြီးအပိုင်စွန့်ထုတ်သန့်စင်ဖို့ဆိုတာမဖြစ်နိုင်ဘူး။

စာတော့ဖတ်တယ် စာမတတ်ဘူး။

အခုချိန်က နာရီပြန်ပြန်ကြည့်နေရမဲ့ အချိန်မှမဟုတ်တာ
ကာလတွေမေ့မျောသည်အထိ မြှုပ်နှံထားရမဲ့ အုတ်မြစ်တွေကြားက
ငါ့နေရာငါ့အလင်းနဲ့ ငါ့အသိဥာဏ်ကို အောက်ခံကျောက်အဖြစ်
နင်း  .. ဖို့ .. ရမဲ့အချိန်မဟုတ်လား။

စာတော့ရေးတယ် စာမတတ်ဘူး။

ဒီလိုနဲ့တည်မြဲမဲ့ နေရာကို ရှာကြရာမှာ အစီအစဉ်တွေ ထင်ရှားလွန်းလို့
ဈေးကြီးကြီးပေးဝယ်ရတဲ့ မဂဇင်းထဲက စာမျက်နှာမှာ ဝေလငါးတွေပဲ လွတ်လွတ်ကျနေရတယ်။

ကဗျာတော့ရေးတယ် စိတ်မရှိဘူး။

မေ့တတ်ခြင်းရဲ့ အလေ့အထနဲ့ ငြီးငွေ့ခြင်းရဲ့ ပုံစံခွက်ထဲက လူသားတွေပဲ အဖန်တလဲလဲ ရိုက်ထုတ်ပုံသွင်း အချင်းအရာတွေက ရိုးရှင်းအေးစက်လွန်းတယ် ။

စားတော့စားတယ် ဘာမှန်းမသိဘူး။

လူတစ်ယောက်ကို စိတ်ညှိုးကလေးနဲ့ နည်းနည်းလေး တောက် ကြည့်လိုက်ယုံလောက်နဲ့
အပုတ်အပွတွေ ကြီးကြီးထွားထွား မူမမှန်ခြင်းတွေ သီးပြနေတာ ငါ့မှာ ခဏခဏကစားနေရတာမောလာလို့ …
အစာချပြီး တစ်ခါ ဟပ်ရင် တစ်ခါ သတ်တယ်။

သူများလုပ်လို့လိုက်လုပ်တယ် ဘာမှန်းမသိဘူး။

ကိုယ့်ကိုယ်ကို ကိုယ့်ကိုယ်နဲ့ မဆက်ဆံချင်တဲ့ ဟန်ဆောင်ခြင်း ခန္ဓာအပုတ်ကြီးထဲက ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ် ။
ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။

ကြည့်တော့ကြည့်တယ် ဘာကြည့်နေမှန်းမသိဘူး။

တကယ်တော့ စာရေးတဲ့ လူရဲ့ခံစားချက်နဲ့ စာဖတ်တဲ့သူက ၄င်းစာရေးသူရဲ့ခံစားချက်နဲ့ ထပ်တူကြချင်လွန်းတဲ့ စိတ်နဲ့ လိုက်လိုက်တိုက်ကြည့်နေခြင်းဟာ အတော်ငြီးငွေ့ဖို့ကောင်းတဲ့ ငါ့ရဲ့ လွန်ခဲ့တဲ့ ၁၀နှစ်တာကာလတွေပဲ။

ပြောတော့ပြောတယ် မပီသဘူး။

အဲဒီ့လူတွေဟာ ကိုယ့်ခံစားချက်အစစ်အမှန် ပျောက်ဆုံးနေမှန်းမသိတဲ့ ကိုယ့်နေရာသေဆုံးခြင်းကိုဗဟိုပြုပြီး
စာရေးတဲ့ လူရဲ့ …. စာ … စားသုံးခြင်းကို ခံကြရတယ် … ။

သိတော့သိတယ် မရူးဘူး ရူးတော့ရူးတယ် မသိဘူး။



nelay

1: စကားပုံတွေကို လုပ်ကြံသတ်ဖြတ်ဖို့ အစီအစဉ်ဆွဲရမယ်2: ဥပမာပြုတဲ့ ‘‘လို’’ ဆိုတဲ့စကားဆက်ကို ဖမ်းဆီးနှိပ်စက်ပြီး မျိုးဆက်ပြတ်အောင်လုပ်ဖို့ အစီအစဉ်ဆွဲရမယ်




1: စကားပုံတွေကို လုပ်ကြံသတ်ဖြတ်ဖို့ အစီအစဉ်ဆွဲရမယ်


ငါက စကားပုံတွေကို မုန်းတယ် … ဘာလို့ဆိုသူတို့က ငါ့အတွက် မဟုတ်မမှန်များတဲ့ ဆင်ခြေသက်သက်ပဲ နောက်ပြီး ကိုယ်ပိုင်အသိဥာဏ် ကိုယ်ပိုင်စကားတစ်ခွန်ပြောဖို့ ယုံကြည်မှုအားနည်းနေတဲ့ အခါမှာ ဒီကောင်တွေရဲ့စကားတွေကို ယူယူသုံးလိုက်ရတဲ့ ကိုယ်ပိုင်အတွေးအခေါ်မဟုတ်တဲ့ ဆင်ခြေလိမ်ညာခြင်း သက်သက်ပဲ။
စကားပြောရင်ပဲဖြစ်ဖြစ် စာရေးရင်ပဲဖြစ်ဖြစ် သီချင်းဆိုရင်ပဲဖြစ်ဖြစ် တရားဟောရင်ပဲဖြစ်ဖြစ် ကုန်ကုန်ပြောမယ် အိမ်သာတက်ရင်ပဲဖြစ်ဖြစ် အသုဘပို့ရင်ပဲဖြစ်ဖြစ် စကားပုံတွေ ငါ့ကိုလာလာသုံးပြနေကြတာ တော်တော် ရွံဖို့ကောင်းတယ် …. ။
မဖြစ်မနေ မလွဲမရှောင်သာလို့ ငါ့ကဗျာတွေထဲ ငါ့စကားလုံးတွေထဲ ငါ့ပြောသံတွေထဲ ငါ့အတွေးအခေါ်တွေထဲ အဲဒီ့ စောက်ရေးမပါတဲ့ စကားပုံတွေပါပါလာရင်တောင် …. ငါ့ကိုယ်ငါ စောက်ရမ်းရွံလွန်းအားကြီးလို့ ၃ပတ်လောက် ပလုတ်ကျင်းလို့ သွားတိုက်လို့ ကိုယ့်ပါးစပ်ကိုယ် ပြန်ပြန်ရိုက်လို့ မပြီးတော့ဘူး ။ စောက်ရမ်းရွံဖို့ကောင်းတဲ့ မသတီစရာ စကားပုံတွေပဲ ။



2: ဥပမာပြုတဲ့ ‘‘လို’’ ဆိုတဲ့စကားဆက်ကို ဖမ်းဆီးနှိပ်စက်ပြီး
မျိုးဆက်ပြတ်အောင်လုပ်ဖို့ အစီအစဉ်ဆွဲရမယ်


ဟိုလိုလို ဒီလိုလို ကဗျာတွေ စာတွေထဲက
ဟိုလိုလို ဒီလိုလို ပန်းချီတွေထဲက
ဟိုလိုလို ဒီလိုလို ဂီတတွေထဲက
ဟိုလိုလို ဒီလိုလို ၀ထ္တုတွေထဲက
ဟိုလိုလို ဒီလိုလို ဂျာနယ်တွေထဲက
ဟိုလိုလို ဒီလိုလို စာပေထဲက
ဟိုလိုလို ဒီလိုလို စကားတွေထဲက
ဟိုလိုလို ဒီလိုလို လို လို လို လို လို တွေထဲက
ဘာတဲ့ ….. ပင်လယ်ပြာကြီး လို ငါ့အချစ်တွေက လှပနေမှာပါတဲ့ …. ။
စောက်ရေးမပါတဲ့ လိမ်ညာခြင်းတွေ ကြီးထွားဖို့အတွက် ‘‘လို’’ ဆိုတဲ့ သူတောင်းစားက ကြီးကြီးမားမားကြီးကို ဒီစကားတစ်ခွန်းထဲမှာ လာလာပြီး အထောက်အကူပြုနေတယ်။
ငါတို့တုန်းက ‘‘လို’’ မဟုတ်တော့ဘူး တဲ့ ။ စောက်ရေးမပါတာတွေ ။
လူဆိုတဲ့ သတ္တ၀ါတွေက သူတို့ရဲ့ကြီးမြတ်ခြင်းကို ပြစရာ လက်တွေ့မရှိတော့လို့ စောက်ရေးမပါတဲ့ အပိုကြီးကြီးဖြစ်ဖို့အတွက် အဲဒီ့ ‘‘လို’’ ဆိုတဲ့ သူတောင်းစားကို ယုံကြည်ကိုးကွယ်နေကြတယ်။
ငါ သတ်ရမယ် အဲဒီ့ ‘‘လို’’ ဆိုတဲ့ကောင်တွေကို ငါသတ်ကိုသတ်ရမယ် ။



nelay

အဟာရ ရွာ







အဟာရ ရွာ


အနီရောင် နှင်းဆီတို့ သေဆုံးပါစေ ။
စကားလုံးတို့ ပိတ်လှောင်နေတဲ့ အမှောင်ထုကို
ရနံ့တွေ ချကြွေးလိုက်တိုင်း
သွားကြားညှပ်နေရတဲ့ ရပ်ကွက်တွေ

ငါ့ရဲ့ခရီး … မင်းရဲ့ အတွေး
တိတ်ဆိတ်ခြင်း ဝေးလွင့်ခြင်း
နှင်ခဲ့ရတဲ့ ညရဲ့ ယုံကြည်ခြင်း

အလွမ်းပြစာတိုက်မှာ လောင်မြိုက်
ပြန်မလာတော့တဲ့ အမှိုက်တွေကို ရှုရှိုက်ပြီးမှ
ဘယ်အချိန်အထိ အတ္တတွေသောက်ကြမလဲ

မရှိတော့ဘူး … ရှိနေတယ်
ပုံပြင်ထဲက ပုံပြင်တွေ
အစာငတ်နေတဲ့ လေပြေတွေ
လက်ဖျားထိပ်က သစ်အိုပင် ရယ် ….

မျက်နှာကျက်က အစာအိမ်များနဲ့
လမ်းခွဲပေါ်က ဆုံမှတ်များ … စား
ငါ့ခရီးရဲ့ အစားဆုံးသော အဆုံးစားများ …

ညွှတ်ကြိုးပေါ်က ဒူးထောက်လို့
အော်ဟစ်နေတဲ့ နံရံများသာ
ကြိုးမရှိတော့တဲ့ အသံကိုနှိုးလို့ ခေါ်နေကြတယ်

ယုံကြည်လိုက်ပါပြီ
မျက်လုံးမရှိခြင်း အရပ်မှာ
မုန်တိုင်းတွေ သိပ်အေးလွန်းလို့
အဖြူရောင်မီးကို မြူခိုးနဲ့ထွန်းညှိလိုက်ပါပြီ

ကလေးကို ပုံပြင်အစစ်တွေရှိတဲ့
စက္ကူတောမှာ စကားလုံးတွေခြောက်တဲ့အကြောင်း
ငါ့လက်ချောင်းများနဲ့ ဘယ်ဖက်ရင်အုံမှာ
Tattoo လှလှကလေးထိုးပေးလိုက်ပါတယ် …..

ဆိုလိုစရာအကြောင်းမရှိတော့တဲ့ ဒုက္ခကို
ညမျက်နှာတစ်ခက်ချိုးဆီက ခေါ်သံပျိုတို့ကြားပါစေသား

ဟားပါ ရယ်ပါ ရယ်ဟားပါ
တဟီးဟီး အော်မြည်နေတဲ့ လှိုင်သံများဖုံးသည်အထိ ….
မင့် မျက်လုံးများနဲ့ အစွမ်းကုန် ရယ်သွင်စူးရှ ….
မင့်ကိုယ်မင်း ဂါဝရပြုမရတော့လို့
ရာစုနှစ်တစ်ခုအလွန်မှ ငါနဲ့ငါ စိုက်ပျိုးကြမယ်

ဖြူလွှလွှတိမ်တွေ ရှုရှိုက်ပြီး လွှင့်နေတဲ့ အိပ်မက်တွေ
စွယ်တော်ရွက်ကလေးအစွန်းက မိုးရေစက်တွေ
လွမ်းမောစရာ့ အမြစ်ပျိုတွေကြားက ရှာဖွေခြင်းကို
မင်းရဲ့ နှလုံးသားအိုပေါ်က အော်ဟစ်သီကျူးလိုက်ပါပြီ

ရနံ့တွေလှိုင်စေမဲ့တေးတစ်ပုဒ်နဲ့
ငါတို့သစ်အိုပင်ကြီးပေါ်က ရေတစ်မှုတ်ကို
မြေသြဇာမရှိ
အဆီမရှိ
အနှစ်မရှိ
အစိမ်းရောင်စကားနဲ့ အနက်ရောင်ပန်းတွေ ချကြွေးလိုက်ပါပြီ။



nelay





----------------------------------
online  မြန်မာကျူးပစ်ဂျာနယ် အမှတ်(၉) အတွက် ကဗျာ။

PDF
download:

HQ (12.66 MB)

http://www.mediafire.com/?o4hwy9h54eh7q4p

http://www.sendspace.com/file/9xf2w9

http://ifile.it/el69djw


LQ (5.26 MB)

http://www.mediafire.com/?eji58fo8khbf7to

http://ifile.it/bk05or4

http://www.sendspace.com/file/pf343p

ရ (Monday, January 18th, 2010)




(Monday, January 18th, 2010)


အက္ခရာတွေ အက်ကွဲတော့
မျက်ရည်ဘာသာစကားကိုပြန်သင်ရ

တိုက်ပွဲဝင်ဖို့အဆင်သင့်ဖြစ်နေပေမဲ့
တိုက်ပွဲတွေမရှိတဲ့နေရာရောက်နေရ

မိုးရေထဲမှာ မိုးစက်တွေပြန်ရှာသလို
ပျော်ရွှင်မှုကို ဒဏ်ရာတွေထဲပြန်ရှာရ

နားမလည်ခြင်း၊ မသိခြင်းများကို
ရှင်းလင်းတိကျတဲ့ တောအုပ်ထဲမှာတွေ့ရ

သတ္တိမရှိတော့ဘူး မေမေ
ဖေဖေ့ကို ပြန်ခေါ်လို့လဲမရ

ပြင်းထန်လင်းရှမှုကို တရိုတသေသိမ်းထုတ်
နီလန်းမှုတို့ စောစီးစွာတိမ်ကောသွားရ

ကလေးတစ်ယောက်ကို ဘဲဥဟင်းနဲ့
စစ်တလင်းမှာ အစာမကြေဖြစ်ရ

Zero ကိုဘာသာပြန်ဖို့ကြိုးစားရင်း
ညပေါင်းများစွာ …
တခြမ်းပဲ့လမင်းကိုလက်ကိုင်တပ်ရ

ခုတ်ထစ်စရာမရှိရင် …
ဦးနှောက်ထမ်းတဲ့ လူတွေအတွက်
ကဗျာဟာ အာသာပြေမှုဆန္ဒ
သမိုင်းဝမှာ မြုပ်ဝင်ဆူးနှစ်ရ

သန့်စင်နုငယ်တိုးတိတ်တဲ့
ရင်ဘတ်အောက်က သိပ္ပံနှလုံးကို
မျက်နှာထူထူများ မမြင်ရအောင်
ပြင်းထန်ရက်ယုတ်တဲ့ စိတ်ဘီလူးတသိုက်နဲ့
……. ဖုံး  …
.. ဖုံး ……. ဖုံး …
….. ဖုံး …
ဖုံးထား ရ …. ။



nelay