Pages

Thursday, April 26, 2012

စာ စားသုံးခြင်း






ပျက်နေတာတွေပြင်ဖို့ သုံးလို့ရတဲ့အပျက်တွေလိုတယ်
ပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့ ဓါတုစွန့်ပစ်အညစ်အကြေးတွေကတော့
ကမ္ဘာမြေပေါ်က အပြီးအပိုင်စွန့်ထုတ်သန့်စင်ဖို့ဆိုတာမဖြစ်နိုင်ဘူး။

စာတော့ဖတ်တယ် စာမတတ်ဘူး။

အခုချိန်က နာရီပြန်ပြန်ကြည့်နေရမဲ့ အချိန်မှမဟုတ်တာ
ကာလတွေမေ့မျောသည်အထိ မြှုပ်နှံထားရမဲ့ အုတ်မြစ်တွေကြားက
ငါ့နေရာငါ့အလင်းနဲ့ ငါ့အသိဉာဏ်ကို အောက်ခံကျောက်အဖြစ်
နင်း .. ဖို့ .. ရမဲ့အချိန်မဟုတ်လား။

စာတော့ရေးတယ် စာမတတ်ဘူး။

ဒီလိုနဲ့တည်မြဲမဲ့ နေရာကို ရှာကြရာမှာ
အစီအစဉ်တွေ ထင်ရှားလွန်းလို့
ဈေးကြီးကြီးပေးဝယ်ရတဲ့ မဂဇင်းထဲက စာမျက်နှာမှာ 
ဝေလငါးတွေပဲ လွတ်လွတ်ကျနေရတယ်။

ကဗျာတော့ရေးတယ် စိတ်မရှိဘူး။

မေ့တတ်ခြင်းရဲ့ အလေ့အထနဲ့ ငြီးငွေ့ခြင်းရဲ့ ပုံစံခွက်ထဲက 
လူသားတွေပဲ အဖန်တလဲလဲ ရိုက်ထုတ်ပုံသွင်း 
အချင်းအရာတွေက ရိုးရှင်းအေးစက်လွန်းတယ် ။

စားတော့စားတယ် ဘာမှန်းမသိဘူး။

လူတစ်ယောက်ကို စိတ်ညှိုးကလေးနဲ့ 
နည်းနည်းလေး တောက် ကြည့်လိုက်ယုံလောက်နဲ့
အပုတ်အပွတွေ ကြီးကြီးထွားထွား မူမမှန်ခြင်းတွေ 
သီးပြနေတာ 
ငါ့မှာ ခဏခဏကစားနေရတာမောလာလို့ …
အစာချပြီး တစ်ခါ ဟပ်ရင် တစ်ခါ သတ်တယ်။

သူများလုပ်လို့လိုက်လုပ်တယ် ဘာမှန်းမသိဘူး။

ကိုယ့်ကိုယ်ကို ကိုယ့်ကိုယ်နဲ့ မဆက်ဆံချင်တဲ့ 
ဟန်ဆောင်ခြင်း ခန္ဓာအပုတ်ကြီးထဲက 
ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ် ။
ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။

ကြည့်တော့ကြည့်တယ် ဘာကြည့်နေမှန်းမသိဘူး။

တကယ်တော့ စာရေးတဲ့ လူရဲ့ခံစားချက်နဲ့ 
စာဖတ်တဲ့သူက ၎င်းစာရေးသူရဲ့ခံစားချက်နဲ့ 
ထပ်တူကြချင်လွန်းတဲ့ စိတ်နဲ့ လိုက်လိုက်တိုက်ကြည့်နေခြင်းဟာ 
အတော်ငြီးငွေ့ဖို့ကောင်းတဲ့ 
ငါ့ရဲ့ လွန်ခဲ့တဲ့ ၁၀နှစ်တာကာလတွေပဲ။

ပြောတော့ပြောတယ် မပီသဘူး။

အဲဒီ့လူတွေဟာ 
ကိုယ့်ခံစားချက်အစစ်အမှန် ပျောက်ဆုံးနေမှန်းမသိတဲ့ 
ကိုယ့်နေရာသေဆုံးခြင်းကိုဗဟိုပြုပြီး
စာရေးတဲ့ လူရဲ့ …. စာ … စားသုံးခြင်းကို ခံကြရတယ် … ။

သိတော့သိတယ် မရူးဘူး ရူးတော့ရူးတယ် မသိဘူး။



nelay





No comments: