ငါကတော့
နေဆီက လုံခြုံမှုကို ဖျက်ပြီးမီးခိုးငွေ့ထဲမှာပဲ လိုက်ရှာနေတဲ့
တုန်တုန်ရီရီ ဆူးပင်များပေါ့ …
ငါ့ကိုယ်ငါ စိတ်ချလက်ချ သောက်လို့မရတဲ့
ရေခွက်ထဲက ရေ ….
ငါကိုက စိတ်ချလက်ချ လုံခြုံလိုက်ရတဲ့
ငြီးငွေ့ခြင်းများ ….
ငါက နေဝင်တာနဲ့ ဒူးထောက်
အပေါ်တည့်တည့်က ဆောက်လုပ်ထားတဲ့ ဖယောင်းခန်းကို
နောက်ပြန်မျက်နှာများနဲ့
ဖောက်လိုက်ရတဲ့ အပေါက်တွေ …
သူတို့တွေ ငြိမ်းချမ်းသွားပြီမို့
ငါမနှောက်ယှက်လိုတဲ့ မေတ္တာတရားတွေပဲ
ငါ့ကိုယ်တခြမ်းဆီက လှီးလှီးပြီး ထုတ်ပေးနေရ
မျှော်နေတဲ့ လည်ပင်းကိုဖြတ်ပြီး
ငါက အူသံစွဲ အလင်္ကာကျိုးနဲ့
သွေးတွေပဲ ပန်းပန်းပြီးထွက်ပြ
ငါကိုက အလိုမကျခြင်း ရသကိုးပါးနဲ့
စိတ်တွေကို ပိုးမကျတဲ့ တွင်းတွေထဲ
မိုးမရွာခင် စိုးရိမ်စိတ်တွေနဲ့ ထိုးသိပ်ထည့်နေရတယ်
အကြောက်တရားနဲ့ ငြီးငွေ့ခြင်းကို ရှောင်ပြေးဖို့
လူနေရပ်ကွက်ထဲက သေသေချာချာ ထွက်လာတယ်ဆို …
ဒါနဲ့များ အထီးကျန်ခြင်းရဲ့ ကျိန်စာများနဲ့
ငါ့ကို ဘာလို့ လက်ပြခေါ်နေသေးလဲ ….
ဘယ်မှာလဲ ထွက်ပေါက်တွေ စိုက်ပျိုးထားတဲ့ ဝင်္ကပါ
ငါ့မျက်လုံး သူငယ်အိမ် အညိုရောင်ထဲက မီးတောက်ကို
ဘာလုံးကြီးတွေ ၀ ၀ ပြီး ညနေခင်းကို
ကျောခိုင်းလို့ကြည့်နေရတယ်
တိတ်ဆိတ်ခြင်းဟာ ငါ့ရဲ့မွေးချင်း ညီအကိုတွေပဲမို့
တစ်ခွက်လောက်တော့ ငှဲ့ပေးလိုက်ပါအုံးမယ် …
ငါတူးတဲ့ လမ်းကို လိုက်ရဲမှတော့
ဘာလို့ ကျေးဇူးတရားတွေ
သယ်သယ် လာသေးလဲ
မျက်စပစ်ယုံလောက်နဲ့တော့
ငါက ဒုက္ခတရားကို အဖက်လုပ်ပြီး
ဒူးထောက်မနေတော့ဘူး
ငါထောက်ခဲ့တဲ့ ဒူးရာတွေကြောင့်
လွန်ခဲ့သော တောအုပ်ထဲက မြေကြီးတွေ …
အမာရွတ်တွေ ဗလပွနဲ့
ငါကပဲ ပြန်ပြန်အားနာနေရတယ်
အတွေ့အကြုံကို ပုံပြောပြနေတာလောက်
လက်တွေ့မဆန်တဲ့ သစ်ပင်အယူဝါဒကို
ငါက နှလုံးသားနဲ့ ခုတ်လှဲခဲ့ပါတယ် ….
ဘာတွေ ပါ သလဲရှာနေရင်
ကျောခိုင်းထားတဲ့ အမှောင်ထဲက
ငါထွန်းခဲ့တဲ့ ဖယောင်းတိုင်တွေကို
လမ်းကြုံရင်မေးကြည့်ဖို့တော့ ကောင်းတယ်
ငါ့ကိုယ်ငါ
သိပ်ကိုမှလေးစားချင်နေလွန်းလို့
ငါကပဲ ဘုန်းကြီးဝတ်ပြခဲ့
ဒါနဲ့ပဲ မဆိုင်သူတွေပါ ငါ့ကိုလာ ကတော့ ကြတာလွန်ပါရော
အလွယ်ကူဆုံးနဲ့ အရှင်းဆုံး နာကျင်မှုဆိုရင်
အခုဖတ်နေတာ ခဏရပ်ပြီး
ငါက ကိုယ့်လျှာကိုယ်ပြန်ကိုက်ကြည့်လိုက်တယ်
ငါ အနာဂတ်အတွက်
ရည်မှန်းချက်တွေအပေါ်သံသယရှိခဲ့တယ်
ကြိုတင်တွက်ဆ ယေဘုယျ အကြောင်းတရားတွေဆိုတာ
ငါ့ကို တိကျတဲ့အဖြေတွေမပေးဘူး
ဒါ့ကြောင့် ငါ့စက္ကန့်တိုင်းဟာ
အမြဲတမ်း
အသစ်အဖြစ်ပြောင်းလဲနေကြတယ်
ငါ အစီအစဉ်တွေကို မယုံကြည်ဘူး
ဘာလို့ဆို ငါ့ အစီအစဉ်တွေဟာ
ဘယ်တော့မှ မဖြစ်လာတဲ့ အစီအစဉ်တွေပဲမို့
ဒါနဲ့များမထူးဆန်းတဲ့ အသံတွေကို
ကြားဖူးန၀ မြည်သံတွေနဲ့ရောရောပြီး
ဘာမှန်းမသိတဲ့ အနာဂတ်တောထဲမှာ
ငါ့ကို ဘာတွေများလာလာ ခြောက်ခိုင်းနေတာလဲ
ငါက တည်ထောင်ဦးဆောင်သူတစ်ယောက်မဟုတ်ဘူး
ငါက ငြိမ်းချမ်းခြင်းကိုရှာဖွေရင်းမောပန်းလာတဲ့ အနီရောင်
ငါက ဒုက္ခကိုချစ်တယ် ဘာလို့ဆို ဒုက္ခက ငါ့ကိုချစ်လို့
ငါက မျှော်လင့်ခြင်းကို သတ်ပစ်ခဲ့ပြီး အောင်မြင်ခြင်းကိုလစ်လျှူရှုခဲ့တယ်
ဒါမို့ငါက
ငါဘယ်သူ့ကိုမှ မသိချင်ဘူး
လူဆိုတာ သေဆုံးသူနဲ့
အသိအကျွမ်းတွေမှ မလုပ်ချင်ကြတာ
ငါ့ကိုယ်ပေါ်က
မလိုအပ်တဲ့ အသံတွေနဲ့ ၂၈ ၊ ၂၈ ၊ စနေနေ့ ဆိုတာ
သူတို့ ရေးကြီးခွင်ကျယ်လုပ်တဲ့
နှစ်တစ်ရာမှာ တစ်ခါပဲကြုံရတဲ့
ကြယ်တွေဆုံတဲ့ အသံ ပိုက်ပွဲကြီး တစ်ခုပါပဲ ….
ကဲ ….
ခင်ဗျားတို့ရော လေထုထဲမှာ …
ဘာ … သံ .. များကြားမိ ကြသလဲ … ။
nelay
No comments:
Post a Comment