မနေ့တနေ့က ပျက်ကျလာတဲ့ လေယာဉ်ပျံကိုဝှက်ထားတယ်
ငါနဲနဲချင်း စားသုံးနေတဲ့ စက္ကန့်တွေထဲမှာ
ပြောလို့မကုန်နိုင်တဲ့ မွန်းကြပ်မှုကိန်းဂဏာန်းတွေ ပြေးလွှားနေကြတယ်
အသိတရားမျက်ဝန်းထဲမှာ ရပ်နေတဲ့ အရှုံးကျောက်စာတွေဟာ
လျှောက်လာသမျှ အနက်ရောင်မြို့များဆီက ကပ်ပါးပိုးတွေပဲ
လောကနီတိထဲက ဆံပင်အနီရောင်နဲ့ မိန်းမ
တချိန်ကငါ့မိန်းမဖြစ်ခဲ့ရင် ငါ့နာမည်ပြောင်းဖို့
ဘယ်နတ်ဘုရားဆီမှခွင့်တောင်းမနေဘူး
ဒီလိုထွက်သွားတိုင်းသာ နှင်းဖြူတွေနဲ့ စိုထိုင်းဆမများဘူးဆိုရင်
ငါ့အလုပ်ငါလုပ်ပြီး နံရိုးနောက်က ထိုးထိုးဟောင်နေတဲ့
သန္ဓယုတ်ကိုအစာကြွေးနေရအုံးမယ်
ယင်နားစာ မနက်ဦးဆီက
ဦးခေါင်းပြောက်လို့ ရှာနေတဲ့ ကတ်ကြေးတွေ
နှလုံးရောဂါနဲ့ ဖခင်အိုကြီးကို အသံတိတ်လုပ်ကြံခဲ့တဲ့ သမီးက
ငါ့အရွက်ခြောက်များကြားမှာ တအုံတနွေးနွေး
ဆေးကြွေးမှားတဲ့ အရိပ်လက္ခဏာနဲ့
ငါ့အိတ်ကပ်တွေက ကားခပြန်တောင်းတိုင်း
အလွမ်းတွေ ပြည့်လျှံလောင်မြိုက်ဖူးတယ်
ဖုန်ထလို့ရေဖြန်းလိုက်တဲ့ မျက်နှာ
ငါ့ကဗျာထဲက ကမ်းနဖူးပေါ်မှာ သိုက်တူးတဲ့ ကျီးတအုပ်ကို
ချုပ်မရတဲ့ ငါ့ရင်ဘတ်ပျိုက နှလုံးသားတွေ လက်ဆောင်ပေးနေပါတယ်
မနေ့က သိမ်းထားတဲ့ ငါ့မြို့စုဗူးလေး ကျန်းမာရေးမကောင်းလို့
သူ့ကိုယ်သူ ပြန်ကုဖို့ သူ့ကိုယ်သူ ရိုက်ရိုက်ခွဲနေလိုက်တာ
သူမလိုချင်တဲ့ အောင်မြင်မှုအတုတွေပဲ ထွက်ကျလာလို့
အောင်မြင်မှုငတ်နေတဲ့ သူ့မြို့ပျိုမလေးကို ခေါ်ပေးချင်နေလိုက်တာ
ဘယ်လို ........ ဘယ်ပုံ ......... ဘယ်အသံမှ မကြား .................
တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့
မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ
ငါတော့မော့ကြည့်ဖို့ မျက်လုံးနဲ့ ဦးခေါင်းကို ဇလုံထဲမှာ
မွှေနှောက် အနာဂတ်ခြောက်အိပ်မက်နဲ့
လင်းမရဥယျာဉ်ထဲမှာ ပန်းဦးတွေ မပွင့်ဖူးတော့တာ ဆန်းသလား
ငါဟာလူတွေကြားက ပြန်လာပြီးတိုင်းလူညှီစော်ကိုနှစ်ခြိုက်စွာရှုရှိုက်
ငါပြန်အန်လိုက်တဲ့ အိပ်မက်ဆိုးတွေ ကမ်းပုတ်တဲ့လှိုင်းကို
အတ္တဝမ်းကွဲ သံနဲ့ အကြိမ်ပေါင်းများစွာ နားဆင်နေရတယ်
သံယောဇဉ်အထွေးလိုက်ခွေလိမ်ထားတဲ့ အသိုက်အမြုံကလေးဟာ အိမ်ဖြစ်ခဲ့ရင်
ငါ့ခေတ်ငါ့အခါမှာ တမျှင်ချင်းစီရှင်းထွက်သွားတဲ့ ကြိုးတွေက
ငါတော်လို့လား …………….. ငါညံ့လို့လား …………….
အမေကမီးဖိုချောင်ထဲမှာ သူထမ်းထားတဲ့ နေလုံးကိုလွှတ်ချပြီး
အိမ်ရှေ့ဧည့်ခန်းထဲမှာ သကြားမပါတဲ့ မေ့ဆေးခါးကြီးတခွက်ကိုသောက်နေတယ်
အဖေက ကျည်ဆံကုန်နေတဲ့ ငါ့ကို လက်ဆွဲပြီး ဂျူးတွေနဲ့ တန်းစီခိုင်းထားတယ်
ဟစ်တလာရဲ့ လက်ဖြောင့်အဆိပ်ငွေ့တွေက ပြန်နေကြ ငါ့လမ်းကလေးပေါ်က
ရေမှုံနဲ့ဖုန်မှုံတွေရောထားတဲ့ ရနံ့ငွေ့တွေဖြစ်တယ်
အချင်းချင်းပြန်စားကြတဲ့ ပွဲမှာ လတ်လတ်ဆတ်ဆတ်ရီသံတွေမှောင်လာတယ်
အားလုံးပြီးသွားပါပြီ အမှန်တော့ အားလုံးအစကိုပြန်ရောက်သွားတာ
၁။ နငခညေျိြူံတိေု်ူလဖခာတမြန်ုေိူ့်ေျိ
၂။ နငတသမ့ေျိုူိခလာဖထုြူြ့တူုဒုယာခထာူုြ
၃။ ုြ့ြိုူငြကငနတြင်ဖိုူခြလယာဖုူြ်ုူတနြုမ၍သစငိြသ်ေုူ
အဖြေရှာတဲ့လူတွေသေကုန်ပြီ
အမေးတွေနဲ့ ကြိုးတင်းနေတဲ့ ရပ်ဝန်းမှာ
ကလေးတွေကို ခေါ်မလာနဲ့ အားလုံး မီးရှို့ချလိုက်
ငါတို့အမှားပေါ်က အဖြူစက်ကလေးကို လောင်မြိုက်ချလိုက်
ကျမ်းကျိန်တယ်ဆိုတာ ဖောက်ဖျက်မဲ့လူတွေအတွက်ပဲလိုအပ်တာပါ
မနေ့တနေ့ကကျွန်ဘဝနဲ့ ဒီနေ့မနက်ဖြန်ကျွန်ဘဝ
ငါ့ကလေး ငါပြန်ခိုးနေရတဲ့ဘဝမှာ
အစိမ်းက ငါ့ကို မျက်ရည်ကျစေတယ်
အစိမ်းက ငါ့ကို မွဲခြောက်စေတယ်
အစိမ်းက ငါ့ကို သေစေတယ်
ဆပ်ပြာပူဖောင်းကလေးရေ ပေါ့ပါးမယ်ဆိုရင်
ဇီဇဝါဝင်္ကပါထဲ ငါ့ကိုလမ်းကြုံခေါ်သွားစမ်းပါကွာ ။
nelay
No comments:
Post a Comment