ကျွန်တော်ဟာ ပါးပါးလွှာလွှာ
ပျက်ကြွေထားတဲ့ ဝတ်မှုံဖြစ်တယ်။
ညဟာအရင်ကထက်အရောင်မှိန်နေခဲ့တာ
လေအထက်က ခြေရာက သတိပြုမိတယ်။
ဝလုံးမရေးတော့ပေမဲ့
ဂဏာန်းခြောက်လုံးတိတိကိုနှိပ်ကြည့်တယ်
ဂဏာန်းတွေရေချိုးနေတာ ဖြစ်ပါစေ ...
၁။ စိတ်နာရီ
၂။ မညီညွှတ်တဲ့မိနစ်
၃။ ၃၄စက္ကန့်
မိုးဖွဲတို့လှစ်ခိုတဲ့ သစ်ရိပ်မှာ
အရိပ်မရှိတဲ့လူတယောက်
စိတ်တွေမမှိတ်အားဘူး သူ့အာရုံမှာ
ဘာမှလုပ်မရတဲ့ စိုးစိတ်တွေစိုရွဲကုန်လွန် ...
ဝတ်မှုံမရှိတဲ့ မျက်မမြင်တကောင်ရဲ့ ငေါင်စင်းစင်းအတွေးအခေါ်
ပြောင်းလဲမှုတစုံတရာ ဘာကိုမှမမြင်အားတော့ဘူး
နေလုံးဟာဝင်ပြီးခဲ့တာ ဘယ်နှစ်ကမ္ဘာတိုင်ပြီလဲ
ရွက်လွှင့်သမားဟာ ရွက်အစုတ်ကိုဖာနေတယ်
နားဟာ လေသံသဲ့သဲ့လေးကို စွင့်နေတယ်
မသိနားမလည်သလိုချလိုက်တဲ့ သက်ပြင်းတိုင်းဟာ
၈နာရီရဲ့ဘယ်ဘက်အစွန်းကလေးမှာ နေဝင်တယ်
မျှော်လင့်ထားပေမဲ့ထမင်းဆီဆ န်းရွှေလင်ဗန်းဆိုတာ
အမေ့ပါးစပ်ထဲက အတိတ်ဖြစ်ရုပ်ကြွင်း
တကယ်ကြားလိုက်ရတာက စက္ကန့်တန်ရဲ့တဝက်
လေသံတိုးတိုးလေးထဲက သစ်ရွက်တွေ
ငါ့နားပေါ်ကြွေတော့ ငါ့ဝိဉာဉ်ကလှောင်အိမ်ထဲအသက်ငင်နေ ...
လရောင်ကိုငေးနေသူရဲ့အသက်တို တိုလေးလောက်တောင်မရှိ
သွေးငတ်သူရဲ့ဒဏ်ရာအတိနဲ့ ပါးစပ်ဟမိရာက
အဆိပ်ရေတွေပြိုဆင်းသွားတဲ့ညတွေဖြစ်ကောင်းဖြစ်ခဲ့တယ်
ငါမသေဆုံးခဲ့ပါဘူး ... ချိုမြိန်တဲ့အရသာနဲ့ ...
စေတန်ကို ကျောမှာလွယ်ပြီး
လှောင်ရီသံတွေကြားက
ကျနေတဲ့ခြေလှမ်းအနွမ်းတွေကောက်ရင်း ...
အခန်းဆက်မရှိတဲ့ ညနက်ထဲ
သွေးမထွက်တဲ့ဒဏ်ရာနဲ့ ကျေကျေနပ်နပ်
ငါ ... ပြန် ... ခဲ့ ... တာ ...
အ
ကြိမ်
ပေါင်း
မ
နဲ ... ။
nelay
No comments:
Post a Comment