Pages

Thursday, November 11, 2010

နတ်ပျိုမ အတွက်ကဗျာပျို့အန်ခြင်း


 


နတ်ပျိုမ အတွက်ကဗျာပျို့အန်ခြင်း

နင့်ကောင်းကင်မှာ
ကြယ်ကြွေတယ်ဆို ...
အတုကြီးလားငါမသိပေမဲ့ ...
မွန်မြတ်ဆုံး ဆုတစ်ခုကိုတောင်း
ဆောင်းမရောက်ခင် နင်အောင်မြင်ပျိုမြစ်ပါစေကြောင်း ...။

ငါ့ရင်ဘတ်ပေါ်ဖြတ်ကြွေသွားတဲ့ ကြယ်
နင်တစ်ယောက် အောင်မြင်ပါစေကွယ် ...။

မြက်ခင်းပေါ်က နှလုံးသွေးတဖုံ
တလျှပ်လျှပ်ခုန်နေသေးတယ်
အခုတော့
ကြယ်တွေခဏခဏကြွေလဲ ငါမဖြုံတော့ဘူး ...။

ခရေပင်တွေအများကြီးစိုက်ပျိုးပေမဲ့
ခရေတွေပွင့်လို့ကုန်
ရောင်းလို့ကုန်
ကြွေလို့ကုန်
ရနံ့တွေစားသုံးလို့ကုန်သွားတယ် ... ။

မျက်ရေသေဆုံးခြင်းနဲ့ ကြယ်သေကို
စနေ ငါ ...
ကောင်းကင်ပေါ် ပြန်ကပ်ပေးလိုက်တယ် ... ။

လပြည့်နေ့မှာ ...
နင်ဘယ်လိုနေလဲ ငါမတွေးတော့ဘူး ...။

အုတ်ဂူထဲကဆောင်းနဲ့
အပြင်ကဆောင်း ဘာကွာလဲ
ငါ အတိုင်းအထွာမတတ်ခဲ့ ....။

မြက်ခင်းကိုတိုင်တည်ပါတယ်
မနက်ခင်းကို အလွမ်းမပျိုးတော့ဘူး
ငါ့ကို စကားသတ်ခွင့်ပြုပါ ...။

ကန်ဘောင်တခြမ်းကို ငါဖြတ်သိမ်းထားလဲ
လပျက်ညဟာ နင့်ခေါင်းပေါ်မှာ
သေလျှက်လင်း ...
အဆိပ်တွေခင်းကျင်းထားတဲ့ ရင်ခွင်နွေဦးမှာ
နင်မေ့သွားတဲ့ ငါ့မွေးဖွားသေဆုံးခြင်းရှိတယ် ...။

နင်နဲ့ငါ့ရဲ့ကြိုး
ကြိုးပီသစွာ ပြတ်တောက်ထိုးစိုက် ....
ဘဝက အပျက်မရင်ခွင်လောက်မမိုက်တော့ဘူး ...။

မြက်ခင်းပေါ်က အခြောက်မလေးရေ ...
သတ္တိနဲ့မာယာကို အလှဲအလှယ်လုပ်လိုက်တာလား ...

ဒါဆို
ငါ့ကိုစစ်သူကြီးလို့ခေါ်ပြီး နောက်လိုက်မပါတဲ့
ဒေါင်းယောင်ဆောင် ကျီးမဲတွေကြား
ခန္ဓာကိုအဆိပ်ကြွေးပြီး
ငါ့ဝိဉာဉ်အား အလင်းသေခွင့်ပြုပါ ...။


nelay











No comments: