ခုံပေါ်မှာ မှောက်နေတဲ့နာရီတလုံးက
သူ့အသက်ကိုသူပင်ပင်ပန်းပန်းရှုထုတ်
အချိန်ကာလကိုထမ်းထားရတဲ့ ခုံက
ခြေလေးဖက်ကိုတုန်ရီအောင်တင်းတင်းရပ်
မျက်နှာကျက်ဆိုတာဘယ်တုန်းကမှအကာအရံမရှိ
မင်းတို့တိတ်တိတ်နေစမ်းပါကြယ်တို့ရယ်
ငါ့ဘဲလေး အိပ်မောကျနေတယ် ....
အိမ်ကြီးရဲ့ကြမ်းပြင်ဟာစိတ်ရှုပ်လာတယ်
လေးချောင်းထောက်ဖိစီးမှုတွေမွန်းကြပ်
လေဟာနယ်ထဲမှာမြေကမ္ဘာကျယ်သလောက်
အတ္တဟာဝင်ဆန့်နိုင်လွန်းတဲ့ပေါ့ပေါ့ပါးပါး
မြတ်နိုးမှုတို့ရယ် .. စမ်းရေကိုခပ်သောက်ပေမဲ့
ချစ်သူကို အရင်တိုက်မိတာ အမောပြေစေဖို့ပါ ..
အခုတော့လဲ ကိုယ်ခံအားမကောင်းတဲ့ငါတို့မြို့လေး
ပိုးဝင်မှာစိုးလို့ မျက်နှာဖုံးတွေစိတ်ပါလက်ပါစွတ်နေရတယ်
လက်ငါးချောင်းတော့ ခုံပေါ်မှာပြတ်လျှက်သေ
နာရီတလုံးပိသွားတဲ့ ခေတ်လွန်လက်ချောင်းတွေ ..
ငါတခါပြောဖူးပါတယ် ...
အရောင်စိုးဖို့ကြိုးစားနေတဲ့ နတ်ဆိုးတွေ
ဟောဟိုအနောက်တောင်မှာ ခြေသံလုံအောင်မလျှောက်တတ်ဘူးလို့
နံရံမှာကိုယ့်ဓါတ်ပုံကိုယ်ချိတ်ယုံနဲ့ကြည်ညိုမယ်ဆို
နံရံဟိုဖက်မှာတော့စံသတ်မှတ်ချက်မရှိလောက်ဘူး ...
မှောင်ရီပျိုးဖျဖျမှာ ...
မြွေမျိုခံလိုက်ရတဲ့ဖားတကောင်အဖို့
သူအသက်ရှင်ခဲ့တာ မိုးခေါ်ယုံသက်သက်လား ...
စမ်းရေထဲမှာ အဆိပ်ပါမှတော့
ငါပွေ့ဖက်ပြီးမငိုတော့ပါဘူး
ငါလက်ခုပ်ထဲရေကိုဆယ် ...
ငါသောက်လိုက်ပါတော့မယ် .... ။
nelay