Pages

Tuesday, August 26, 2014

ကျောင်းမှာ မသင်ခဲ့ရတဲ့ ပုံပြင်



ပြုတ်နေတဲ့ ပါးစပ်ကို ပြန်တပ်ပြီး လန်းနေတဲ့ အမြီးကို ပြန်ကုတ်ရတယ်
ဒါဟာ သောကြာနံမကင်းတဲ့ လူသုံးဦးရဲ့ ညနေခင်းပွဲတော်တစ်ခုပဲ
ရှင်းတာတွေကိုနားထောင်ချင်လွန်းလို့ ဟောပြောပွဲတကာလိုက်တက်နေတဲ့သူက
ကဗျာဖတ်ဖို့ စ လုံးတွေ ပါမလာခဲ့ဘူး ဒါဆို လက်ညှိုးကို နားထင်ပေါ်တေ့ပြီးပစ်ထည့်
ဘာသာရေးအသုံးအနှုန်းတွေနဲ့ မလွတ်ကင်းသေးတဲ့ မိတ်ဆွေတွေကို မနှုတ်လောက်တစ်ပေါင်း
အခေါင်းထဲရောက်မှ ငါတို့တွေ့ကြမယ် မျက်ရည်နဲ့ မျက်ခွက်ကို ကော်နက်ရှင်ကောင်းတိုင်းတင်
စာလုံးပေါင်းတွေ ပြင်ပြင်ပြီးမှ ကလေးတွေကို သင်ရမယ်တဲ့ ရောဂါကြီးကြီး ထမ်းထားပြီးမှ
အိပ်မက်ကြီးကြီးတွေ ချချရေးနေရတယ် လက်ဖျောက်တီးလိုက်တိုင်း ဂေါင်းထောင်လာတဲ့ နတ်မင်း
ဟောဒီ့ တလင်းပြင်မှာ ဘယ် လဒ မှရေမငတ်ဘူး ကိုယ့်ကိုယ်ကိုယ် ဖန်ဆင်းရှင်အထင်နဲ့
ရေမသောက် ရှုးမပေါက်ဘူးတဲ့ ကဲ ဘယ်လောက်များ လဒ တွေ အ ကြသလဲ
ပုံရိပ်ရောင်တွေကိုများ မှုံဝါးဝါးမြင်နေရရင်ဖြင့် အမြင်တွေမကြည်လင်ပဲ ငါတို့ဝေးသွားကြပါပြီးသတဲ့
ချွတ်ထားတဲ့ မျက်မှန်ကိုမှ အားမနာ ဇာတ်တူသားတွေပဲ စားနေတဲ့ စာသားတွေသူ့ကိုယ်ပေါ်မှာ ရွှဲလို့နစ်လို့
ငါ့ကိုယ်ငါ ကဗျာရေးလို့ မရတော့ဘူးဆိုပြီး ဆက်အိပ်နေတာ ဘယ်ကလာတဲ့ ဝိဉာဉ်မှန်းမသိတသိက
မနက်အာရုဏ်ကြီး ရင်ဘတ်ကို ဖနောင့်နဲ့ ကန်ပြီးနှိုးတယ်လေ မြင်ဖူးနေတဲ့ ရာသီဥတုကြီးကိုပဲ
မြည်တွန်တောက်တီးပြီး ပြန်ထရတယ် ပညာရှင်ကြီးတွေရဲ့ နာမည်ကို မြန်မာအသံထွက်နဲ့
ကဗျာတွေထဲ ထည့်ထည့်ရေးနိုင်မှ လူထင်ကြီးမယ်ဆိုလဲ ငါက အိမ်သာ ဆက်တက်နေအုံးမှာပါပဲ
လူကြီးပီပီ ဖင်ပေါ့တယ် မီဒီယာ အသုံးအနှုန်းတွေထဲ အပေါ်ရည်စိမ်ထားတဲ့ အချပ်ပိုတိုင်းပါ
ပါပြီးရင်း ပါ ဗလာစာရွက်တွေ အကုန်သုံးလိုက်တာတောင် ရှေ့က စို့နေတဲ့ အတုံးက မဆင်းနိုင်ဘူး
ငှက်ပျောတုံးသာ ဆိုတယ် ရင့်လို့ထော်လို့ ငါတော့ ဒီကမ္ဘာပြီးရင်ဖြင့် လူဖြစ်ဖို့ကို အတော်စဉ်းစားရအုံးမယ်
အော် ကျေးဇူးပြုပြီး ငါ့ရှေ့မှာ လာလာ ဖန်ဆင်းပြမနေပါနဲ့တော့ မင့် နှလုံးသားထဲက ကြည်လင်အေးမြခြင်းကို
ဘုရားမှာလှူ ဆွမ်းတော်ကပ် ပန်းတွေဆက်ပြီး လူ့ဖြစ်ခြင်းရဲ့ အနှစ်ကိုသာ အမေကိုဆပ် အဖေကိုဆပ်
လူ့မုန်းတီးရေးဝါဒ အလွန်က ခဏခဏခတ်နေတဲ့ အမြီးကို ဘယ်ဂီတအတွက် စည်းချက်လိုက်နေသလဲ



nelay





Wednesday, August 20, 2014

ပိုးဟပ်ကိုခေါ်ပေးပါ



ပိုးဟပ်ကို ငါအော်ခေါ်လိုက်တယ်
ပိုးဟပ်က ငါ့အနားလာတယ်
ပိုးဟပ် ပါးစပ်ကို ငါဖြဲကြည့်လိုက်တော့
ဆက်သွယ်မှု ကရိယာနဲ့ ဝါယာကြိုးတွေထွက်လာတယ်
ငါနားမလည်တဲ့ ဆိုရှယ်နက်ဝေါ့ကိုမျိုချထားတဲ့ ပိုးဟပ်က
ငါရှင်းပြဖို့လိုတဲ့ ငါမရှင်းပြချင်တဲ့ မေးခွန်းတွေနဲ့
ငါ့အပေါ်တက်လာတယ်
ငါ့မှာ ယား ယား ယား ယားးးးးး
ယားးးး လိုက်တာ

အဲလိုမျိုး သူမ လည်တိုင်နုနုပေါ်က
ပြေးဆင်းလာတုန်း ငါချှော်လဲတယ်
ပိုးဟပ်က ငါ့ အလံ ကိုဆွဲယူပြီး
သူသိမ်းပိုက်လိုက်တဲ့ ငါ့ ဒူးမှာ စိုက်ထူဖို့ကြိုးစားတယ်
ငါ့မှာ အသံမကြားအောင် သူ့ကို
ချစ်လို့ မုန်းလို့ လွမ်းလို့
ငါးပါးသီလကို ခဏခဏချိုးဖူးတဲ့ ပိုးဟပ်လိုမျိုး

လူကြီးတွေလို ငါ့ကိုယ်ငါ ဆဲတတ်အောင် သင်ယူရင်း
ပုတ်သိုးနေတဲ့ ခြေအိတ်စုတ်တွေကို
ပိုးဟပ်မမြင်အောင် ငါပစ်ရတယ်
ပိုးဟပ်ဟာ အခုတော့ ခေါ်မကြားအော်မကြား
ဘယ်အသံတွေနောက် ဘယ်မာတိကာအောက်ဝင်ပုန်းလို့
ငါ့အသံကိုများယဉ်သွားရော့သလား
ပိုးဟပ်ဆိုတဲ့ သဘာဝက
အသံကြားရာ ပြေးပြေးလာတတ်တဲ့သဘောမှန်း

ငါကောင်းကောင်းကြီးသိလျှက်



nelay





ရနံ့သေတို့ကပ်တဲ့ကမ်း



သပြေအရွက်တွေကြားက မင်းကို
ဇီဇဝါဦးလွှမ်းတဲ့စကားနဲ့ ငါပြောတယ်

ရနံ့တွေဖောက်လုပ်ထားတဲ့လမ်းမှာ
အကန်းအာရုံအတွက်တော့ မင်းဟာအလင်းပေါ့

ငါ့ကိုယ်ငါ ရေတွက်ပြီး လျှောက်ခဲ့ပါတယ်
အရောက်နောက်ကျတဲ့ လူတွေနဲ့
နောက်ပြန်လျှောက်တဲ့ လူတွေ
လူတွေ မှီထားတဲ့ ကမ်းဟာ သိပ်မြင့်လွန်းလို့
ငါလေ ….. ပြုံးဖို့တောင် မေ့ခဲ့တယ် ……

လေးဖက်လေးတန် ကာရံပြီးမှ
ပခုံးပေါ်ကသပ်ချ တဲ့ ရေကို
ငါက ဘယ်လို အင်အားမျိုးနဲ့
မင်းကိုတိုက်ရမလဲ ……

ခါးညွှတ်လို့ အနေအထားဖျက်
တိမ်ငွေ့တွေဖိအားနဲ့မှ
မင်းကပျော်မယ်ဆိုလဲ ပျော်

အမုန်းကိုဖျော်
စိတ်နာခြင်းကို ခေါ်ပြီး
အစာအိမ်ထဲပဲ ခုန်ခုန်ချ

လွမ်းချင်းတွေ ခဏထားပြီး
မင်းဆီကို ပန်းခွေတွေပဲ ပို့

အရှေ့ဖက်ကလမ်းကို မရွေးနဲ့
မြောက်ဖက်ကလမ်းကို မရွေးနဲ့
ဆောက်တည်ရာမရတဲ့ လမ်းကိုသာလာခဲ့တယ်

တက် တစ်ချက်ခေါက်ပြီး
ကန်လိုက်တဲ့ ၀ တွေထဲ
ဘ တွေသာ ကပ်ပါသွားတယ်
နေဝင်ချိန်က သူ့ကို
ဆည်းဆာလို့ခေါ်ဖို့သာ လက်ပြနေတော့လေရဲ့



nelay