နှလုံးသားဟာ ပြင်းထန်လောင်မြိုက်ခြင်းနဲ့ ကျွန်း တစ်ခုကိုရောက်တယ် ……
မငြိမ်းချမ်းခြင်းကို ဝတ်ဆင်လို့ မငြိမ်းချမ်းချင်တဲ့လက်ချောင်းများနဲ့
ငြိမ်းချမ်းခြင်းစကားလုံးများကို ကိုင်ဆောင်ထားတယ် ……
လမ်းဟာထင်သလောက် မာကျော မနေဘူး ……
သဲ … အဲဒီ့ …. သဲ ….
သောင် ….. အဲ့ဒီ့ ….. သောင် ….
အမှောင်ဟာ လှလှပပ လှောင်ရယ်ဖို့ ….. ငါ့ကျွန်းကို ရောက်လာတယ် …. ။
တိတ်ဆိတ်ခြင်းကို တိတ်တဆိတ်ပဲ တူးဆွပြီး ….. ပုလင်းထဲထည့်လို့ မျောလိုက်ပါတယ် ….
ငါ့ပုံစံက ခါးကြီးကုန်းကုန်းပြီး တကိုယ်လုံးစူးနစ်ဝင်ရောက်အောင် စူးစိုက်ကြည့်နေရတဲ့ အသေ ပုံစံ ….
ဒါဟာ စံပြ ပုံစံ …..
အိမ်အကြောင်းမပြောတော့ဘူး …..
သစ်ရွက်တွေရဲ့ အရောင်အကြောင်းကိုမပြောတော့ဘူး …..
ဆရာဝန်တွေအကြောင်း မပြောတော့ဘူး …..
စပွန်စာတွေအကြောင်းမပြောတော့ဘူး …..
အကြောက်တရားအကြောင်းမပြောတော့ဘူး ……
သစ္စာတရားအကြောင်းမပြောတော့ဘူး ….
နောက်ဆုံး …. ငါ …
ကျေးဇူးတရားအကြောင်းပါမပြောတော့ဘူး …..
နှလုံးသားဟာ ပြင်းထန်လောက်မြိုက်ခြင်းနဲ့ ကျွန်း တစ်ခုကိုရောက်တယ် ……
လက်ညှိုးတွေကို ဖြတ်ထုတ်လိုက်တော့ …… လက်သန်းတွေထွတ်လာတယ် ….
‘‘ဟို … တချို့လူတွေက သူတို့ဟာ အချစ်နဲ့မထိုက်တန်ဘူးလို့ ထင်ကြတယ်
သူတို့ဟာ အတိတ်က ကွာဟချက်တွေကို နီးစပ်အောင်ကြိုးစားဖို့
ဟင်းလင်းပြင်ထဲ တိတ်တဆိတ်ထွက်သွားကြတယ် …..’’’
ဒီစကားကို သူမကြားလိုက်ခင်ထွက်သွားတယ် …..
ဒီစကားကို သူနားမလည်လိုက်ခင်ထွက်သွားတယ် ….
ဒီစကားကို နှလုံးသားထဲက သိမြင်ဖို့ မကြိုးစားပဲ ထွက်သွားတယ် ….
ကျေနပ်စရာကောင်းလှပါတယ် …… ပြီးပြည့်စုံပါတယ် …..
(လက်ခုပ်သံတွေ)
(လက်ခုပ်သံတွေ)
(လက်ခုပ်သံတွေ)
ဘယ်လို သေမင်းမျိုးက လက်ခုပ်သံတွေကို ဖန်တီးခဲ့တာလဲ ….
ကျေနပ်စရာကောင်းလှပါတယ် …… ပြီးပြည့်စုံပါတယ် …..
‘‘ကျနော်က စိတ်ဓါတ်တွေ ဆွဲချုံ့ခံထားရတဲ့ မိတ္တူ တစ်ရွက်ပါ ...
ခင်ဗျားတို့ ကူးယူမယ်ဆို ကျေးဇူးပြုပြီး ထပ်ပြီး ချုံ့ မနေပါနဲ့တော့ ....
နောက်လူတွေ ပြန်ကြည့်ရင် ကျနော့် မိတ္တူလေးကို
ပုံကြီး ချဲ့ပြီး ကြည့်နေကြမှာ စိုးတယ် .... ’’
သောင်ပြင်ပေါ်ကို စာအုပ်တစ်အုပ်မျောလာတယ် ….
အဲဒီ့စာအုပ်ကလေးက ….
….. မိတ္တူ စာအုပ် ….
မမြင်ဖူးလို့ ဆယ်ယူ ဖွင့်ဖတ်ခဲ့တာမဟုတ်ဘူး ……
မင်းကတော့သိမှာမဟုတ်ဘူး …..
နှင်းဆီတွေ ….. နှင်းဆီတွေ … ရဲရဲတောက်နေတဲ့ နှင်းဆီတွေ …..
ငါမုန်းတီးဖို့ကြိုးစားနေတဲ့ နှင်းဆီတွေ …… ကန်းနေတယ် ….
အကြောက်တရားကို အနည်းငယ်လိုအပ်နေလို့ ……
သစ်ပင်တွေလှဲပြီး မီးရှို့လိုက်တယ် မိုးတိမ် ……
မင့်တိမ်တွေ မှောင်ဖို့ မင့်တိမ်တွေ လှောင်ဖို့ …..
မင်းရဲ့မျက်ရည်အပျက်တွေ ရွာချပါအုံးလား ….
ကမ်းနဖူးဟာ သိပ်မြင့်လွန်းလို့ လေတွေ တလှပ်လှပ်တိုက်နေတယ်….
မေ့တတ်ခြင်း ကို
တိတ်ဆိတ်ခြင်းရဲ့ ပင်မသွေးကြောကြီးထဲ
ငါ ထိုးသွင်းပေးလိုက်ပါတယ် ။
တကယ်ပဲ မေ့တတ်ခြင်းဟာ
အရာရောက်ခဲ့တယ် …. ထိရောက်ခဲ့တယ် …..
ငါ.. ကြွေးခဲ့တဲ့ အဆိပ်က …..
ဘယ်တော့မှ မနိုးထနိုင်တဲ့ မှတ်ဉာဏ်တွေကို
ထိထိရောက်ရောက်ဖျက်စီးပေးခဲ့တယ် ….
ကျွန်းပေါ်ကို ထိစပ်လာတဲ့ အခွံတွေရှိတယ် …
အဲဒီ့အခွံတွေဟာ ….. သက်ရှိတွေပဲ ….
သူတို့က သူတို့ ကိုယ်ပိုင်အခွံကလေးထဲက မထွက်ချင်ကြဘူး ….
သူတို့ ကိုယ်ပိုင်အခွံကလေးကလွဲလို့ အရာအားလုံးကို မေ့ပစ်ထားကြတယ် ….။
ငါဘယ်ကိုမှ မရောက်ဖူးပါဘူး ။
ငါသွားချင်တဲ့ တိမ်တွေနဲ့ ငါသွားချင်တဲ့ မြက်ခင်းတွေနဲ့
ငါသွားချင်တဲ့ လူတွေနဲ့
ငါ ရောက်ခဲ့တာမှမဟုတ်တာ …. ။
ဒါမို့ ငါဘယ်ကိုရောက်ရောက် …..
ငါဘယ်ကိုမှ မရောက်ဖူးပါဘူး … ။
ဒီကျွန်းပေါ်မှာ …. မီးလောင်ပြင်ရဲ့ ကွဲအက်နေတဲ့ ဒဏ်ရာတွေရှိတယ်
ဒဏ်ရာတွေ ကြားထဲက …. အနီရောင်တောက်တောက်နှင်းဆီတွေ ပွင့်နေတယ် ….
အိုမင်းရင့်ရော်ခြင်းနဲ့ … စိတ်ပိုင်းဆိုင်ရာအတွေးအခေါ်တွေက …အချိန်ကာလကိုထိန်းချုပ်ထားတယ်
ငါ့ငှက်ကလေးကတော့ အိုမင်းစွာ ငိုကြွေးနေတာပါပဲ …..
ဒါကလဲ ခဏပါ …. ပြောင်းလဲခြင်းဆိုတာ
ဒဏ်ရာထဲကထွက်လာတဲ့ လောက်ကောင်တွေလောက် တိကျသေချာတာမဟုတ်ဘူး ….
အဲ့ဒီ့ လူ့ကျင့်ဝတ်တွေက ဘာလို့ ငါ့ကျွန်းပေါ်မှာ ဖြတ်စီးချင်နေရတာလဲ ….
သူတို့ရဲ့ …. အသစ်အဖြစ်ပြောင်းလဲနေတဲ့ ခြေရာတွေက …..
ကျန်ခဲ့တဲ့ နေရာတွေကို လူ့သေကွင်းကြီးအဖြစ် ဘယ်တော့မှ ပြန်မနင်းချင်ကြတော့ဘူး ။
စိတ်ဟာ နိုင်ငံရေးပါတီထဲက ထွက်လာတဲ့ ခပ်ပေါပေါ အမှတ်တံဆိပ်တွေပဲ …..
ထီးကောင်းကောင်း တစ်ချောင်းတစ်လေတောင် မပိုင်ဆိုင်ထားတဲ့ မိုးတိမ်တွေအဖို့ ….
ပင်လယ်တွေထီးဆောင်းတာမြင်တိုင်း မိုးတွေကြီးချုန်းချုန်းပစ်နေကြတယ် ….
အတွေးအခေါ်ဟာ ငါ့အတွက် အသတ်ခံလိုက်ရတဲ့ ဓါတ်ပုံများပါပဲ …..
အချိန်ကို ထိန်းသိမ်းထားတဲ့ ဝင်ပေါက်တွေကို အကြိမ်ကြိမ်ပိတ်ဖို့ကြိုးစားနေတာလား ….
အဲ့ဒီ့ချုပ်ရိုးတွေက မစင်ကြယ်ဘူး …… အဲဒီ့ချုပ်ရိုးတွေက လွှမ်းမိုးမှုတွေပါတယ် ….
အဲ့ဒီ့ချုပ်ရိုးတွေက မမြဲဘူး … အဲဒီ့ချုပ်ရိုးတွေက အစိမ်းချုပ်တွေ …. ။
ဒါဟာ နာကျင်ရမဲ့ အဆင့်တစ်ခုထက် ကျော်လွန်သွားခဲ့ပြီ ….
မျက်ရည်အိပ်ထဲမှာ အရေကြည်တွေခမ်းခဲ့ပြီ …..
ဇစ်အသစ်မလဲတပ်ထားတဲ့ ကျောပိုးအိတ်ဟာ သွေးညှီနံ့ကိုရစေခဲ့ပြီ …..
ငါ စီးတဲ့ ဖိနပ်အောက်မှာ အဲဒီ့နာမည်ကိုထားပြီး အကြိမ်ကြိမ်စီးခဲ့တယ် …
ကျွန်းတစ်ခုလုံး အပြည့် ငါလျှောက်ခဲ့တယ် ….. ကျောက်ဆောင်တွေဆီရောက်ခဲ့တယ် ….
အသံဝင်နေတာမဟုတ်ဘူး ……
ငါက ကိုယ့်ကိုယ်ကိုယ်ဖြောက်ဖို့ ကြိုးစားရင်း …….
ငါနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေ ပြောက်ကုန်တာ ….
အဲလိုဖြစ်ဖူးလားလို့ ….. လူတွေကလျှောက်မေးရင်း …..
ငါ့ကို သူတို့ဖျောက်ပစ်လိုက်ကြတယ် …..
အဲဒီ့ကျွန်းဟာ …. အမှတ် ၂၈ လမ်းမကြီးရဲ့ဘေးမှာ ….
Media ဟာ ဗုံးကွဲဖို့ မိနစ်အနည်းငယ်အလို …..
နှလုံးသားဟာ ပြင်းထန်လောက်မြိုက်ခြင်းနဲ့ ကျွန်း တစ်ခုကိုရောက်တယ် ……
ဧပရယ်လကို သောင်ပြင်ရဲ့ တစ်နေရာ သဲအောက်မှာ
ငါသေသေချာချာ လျှိုလျှိုဝှက်ဝှက် မြှုပ်နှံထားပါလျှက်နဲ့ ……
အဲဒီ့ ပင်လယ်ရေက ဘာလို့များ တက်လာခဲ့တာလဲ …… ။
nelay
No comments:
Post a Comment