နှလုံးသွေးခဲ အအေးဒဏ်ကို ကာကွယ်ဖို့
အသက်ဓါတ်ကို ခုန်မင်သေးတဲ့ သူက
သူ့ သက်တန်းတစ်လျှောက် ချုပ်နှောင်လာတဲ့
ဖြူစင်မှု အမှောင်ကို
မီးပုံထဲ ပစ်ထည့်လို့ သူ့ခန္ဓာအနွေးလုံခဲ့တယ်
လက်ကျန်ပန်းကန်ထဲက လက်ဖျံရိုးကို
စုန်းစားမှာကြောက်တဲ့ သိက္ခာ အညစ်အနွမ်းနဲ့
ပုဝါဖြူထုတ်လို့ အမှားကို အမှန်လုပ်ပြီး
တစ်ဘဝစာငြိမ်းအေးဖို့ ယုန်ဖြူကို သူကြွေးအုံးမယ်
ဝှက်ဖဲထဲက ပြုံးနေတဲ့ အညတရ ရင်ခုန်မှုမျိုးနဲ့
စိတ်ကုန်နေတဲ့ ဂီတကို ဝတ္တရားအရ သူထုတ်တီးလိုက်တယ်
စက္ကူ ငွေ စက္ကူ ငွေ စက္ကူ ငွေ စက္ကူ ငွေ စက္ကူ ငွေ
အပြုံးတွေ ဟိုတုန်းက အခန်းငါးမှာ မျှားခဲ့ဖူးတဲ့ သူ
စိတ်ကူးယဉ် အစီအစဉ်များနဲ့ သွေးကြောထဲကို
ကြယ်တပွင့် အဆိပ်ထိပြီး ကြွေကျသွားတယ်
လှလိုက်တာ ……………………….
လှောင်ချိုင့်ထဲက ပင့်ကူအိမ်မှာ ပန်းတွေပွင့်နေကြပြီ
သူက ငေးမော အမြစ်တွေပြောတဲ့ အထဲမှာ
သမုဒ္ဒရာပေါ်က ခွေးရူးတစ်ကောင် တောင်ဥက္ကလာအမှောင်ထဲ
သူတော်ကောင်း ယောင်ဆောင်နေတယ်
ငါ့ကိုယ်ငါသက်ပြင်းချပစ်လိုက်ရ ………………
ဝေခွဲမရတဲ့ ယုံကြည်မှုနတ်ဘုရားမှာ
လိပ်ပြာအန်ခဲ့မိတဲ့ ဒီနှလုံးသားကို
ကျိန်စာအတိပြီးတဲ့ သံပတ်လှောင်အိမ်ထဲပစ်ချ
လှလိုက်တာ ………………………………….
ဥပမာဆိုကြပါစို့
သူ့မျက်ဝန်း စဉ် တည့်တည့်က
ဒုတိယကမ္ဘာကြီးသာ ငါဖြစ်ခဲ့ရင်
မဖွယ်မရာညကြီးထဲက ပြောဖူးသမျှတွေ
ပြန်အန်ထုတ်တဲ့
မြေကြီးစား သတ္တဝါတွေလဲ မြေကြီးဖြစ်လို့
စာအိတ်ထဲက ချိန်ခွင်လျှာက အတွေးအခေါ်မရှိတဲ့
ကိုယ်ပိုင်နာမ်စားကို ထွေးထုတ်ပြီး
နာမဝိသေသနတွေနဲ့ ကြိုးမဲ့ ရုပ်သေးလုပ်နေတယ်
ငါသနားမိ …………………………………….
မဟုတ်ပါ ထိုအစီအစဉ်ညံ့ကြောင်း
လက်ခုပ်တီးပြီး အားပေးအုံးမှာမို့
ယုတ်စွအဆုံး ကန့်လန့်ကာချပြီး ဂုဏ်ပြုနိုင်ပါတယ်
ငါ့သချိုၤင်းအိုပေါ်က လမင်းတစ်ရာကို
မျက်မှန်မပါပဲ ကျိန်ဆိုလိုက်ပါရဲ့ ….
အစဉ်လွဲ စကားနက်တွေထဲ အလင်းနှစ်တွေဝေးလို့
သူမမြင်ရဘူး ….. ငါမမြင်ရဘူး ….
သူမမြင်ရဘူး ….. ငါမမြင်ရဘူး ….
သူမမြင်ရဘူး ….. ငါမမြင်ရဘူး ….။
nelay
No comments:
Post a Comment