ဒါနဲ့ငါပြောမယ်။ ပန်းသီးမဟုတ်တာတော့ သေချာတယ်။ စာရေးရမယ်လေ။ သူပြန်မတွေးချင်ဘူး။ အရာအားလုံးက ငါ့ကိုလိမ်နေတယ်လို့ ယုံကြည်ဖို့ပဲ။ နောက်ပြီး ဘာမှမပြောင်းလဲဘူး။ ဟုတ်ပါတယ် သူအလုပ်ပြောင်းလာတာ။ အချိန်ကိုကုစားဖို့လား အချိန်က ငါ့ကို ကုစားဖို့လား။ သူမယုံဘူး။ ၆နှစ်ကျော်သွားပြီ။ ပိတောက်ပန်းတွေ အချိန်မှန်မှန်ပွင့်ကြတာမဟုတ်ဘူး။ ငုံနေတဲ့နှစ်တွေလဲရှိမှာပဲ။ သူကော်ဖီတစ်ခွက်ထားတယ်။ ငါသေချာကြည့်နေပါတယ်။ စက္ကန့်တံကလေး ချပ်ချပ်ချပ် ရွေ့သွားတိုင်း။ ကော်ဖီခွက်ထဲမှာ ဗဟိုပြိုအားနဲ့ စက်ဝိုင်းငယ်ကလေး လှုပ်ခတ်သွားတယ်။ သူအသံတွေမကြားချင်ဘူး။ ပြီးတော့ ငါအိပ်မက်မမက်ချင်ဘူး။ ဘာလို့ဆို အိပ်မက်တွေကုန်သွားမှာ နှမျောလို့။ စိတ်တွေဖြုန်းတီးနေတာမကောင်းဘူး လို့ ခွဲခြားသိတတ်ရင်ပဲ တော်လောက်ပါပြီ။ ငါကမယုံဘူး။ သူကမဟုတ်ဘူး။ နေပါအုံး ဘာလို့ နားလည်ချင်နေရတာလဲ။
အခန်းတိုင်းက ဘာမှမပြောင်းလဲဘူး။ နာရီရှိချင်ရှိမယ်။ ထိုင်ခုန်ရှိချင်ရှိမယ်။ ပြတင်းပေါက်ရှိချင်ရှိမယ်။ ပေတံရှိချင်ရှိမယ်။ ပန်းချီကားရှိချင်ရှိမယ်။ သီချင်းသံရှိချင်ရှိမယ်။ ပန်းအိုးအခြောက်ကလေးရှိချင်ရှိမယ်။ ကွန်ပြူတာရှိချင်ရှိမယ်။ အနုပညာရှိချင်ရှိမယ်။ သေချာတာက ဝင်ပေါက်အရှင်တစ်ခုရှိနေတယ်။ သူ့ကိုယ်သူပဲနားလည်အောင်အရင်လုပ်ပါအုံး။ ငါ့အကြောင်း ပုရပိုက်ကိုးခုထုတ်ထားတယ်။ ဖတ်ကြည့်ချင်တယ်ဆို ကြမ်းပြင်မှာ ချထားပါတယ်။ဘာတခုမှမပြောင်းလဲဘူး။
ပြောင်းလဲနေတာတွေလဲ မပြောင်းလဲဘူး။ ပြောင်းလဲနေတာတခုပဲရှိတယ် သူ့လက်ဖျံသွေးကြောထဲက စက္ကန့်တံနဲ့ ငါ့ကော်ဖီခွက်ထဲက စက်ဝိုင်းငယ်ဟာ အတူတူပဲ ပြောင်းလဲနေတယ်။
မနေနိုင်လို့အဲဒီ့စိတ်ကိုအလိုလိုက်မိပြီမဟုတ်လား။ မျက်မှန်ပင့်မနေပါနဲ့ သူ့မျက်လုံးထဲမှာ ပင့်စရာဘာမှမရှိဘူး။ ကြွက်လား။ဘဲလား။ အနုပညာရှင်လား။ အတူူတူပဲ အားလုံးအတူတူပဲ။ ငါက မြက်ခင်းတွေသိပ်ကြိုက်တယ်လေ။
ပုရပိုက်မဖွင့်ခင် ဝင်လာတဲ့ ဝင်ပေါက်အရှင်တစ်ခုမှာ မြက်ခင်းအစစ်ကလေးကို ဘဲဥပုံပိုင်းချထားတယ်။ အီတလီ ကတောင်မှာထားတာ။ သူခြေသုတ်ခဲ့ဖို့တော့လိုတယ်။ ဘာမှမပြောင်းလဲဘူး။ လက်တံအတို လက်တံအရှည် လက်တံပါးပါးကလေး။ ဟော မီးလာပြီ။ မီးလာလို့ ရော ဖယောင်းတိုင်က အကုန်မမြန်ဘူး။ ငါ့အခန်းထဲမှာဆို လေမတိုက်ဘူးလေ။ စက္ကန့်တံတွေက ပိုမြန်မလာပါဘူး။ သူ့အခန်းထဲမှာ ဟန်လုပ်ပြီး အကောင်းပြောမဲ့လူမှမရှိတာ။ ပိတောက်ပန်းတွေဝါထိန်နေအောင် ပွင့်နေတာကို ငါငုံ့ကြည့်ဖူးတယ်။ သူက အပေါ်ဆုံးအထပ်မှာရှိတာလေ။ သိပ်မဆန်းပါဘူး ပြီးတော့ ဘာမှမပြောင်းလဲဘူး။
ဓါတ်လှေကားထဲမှာ ငါလက်ချောင်းတွေခွေခေါက်ဖူးတယ်။ သူ့အခန်းလေးထဲကို ဝင်လာစက သတင်းမှာ ဘာလာနေလဲ ငါဘယ်သိမှာလဲ။ လူကိုလိမ်ယူနည်းဆိုတာ လူကိုပါတခါထဲ လိမ်ပြီးယူသွားတာ။ အသက်ဝိဉာဉ် ခန္ဓာတစ်ခုလုံးကို လိမ်ယူသွားတာ။ အမှတ်တမဲ့ကြည့်ရင် သူ့အခန်းလေးက မှောင်နေတယ်ထင်ရတယ်။ အကောင်းတွေသိပ်လွန်းနေတဲ့ လင်းအားကြီးအရပ်က ငါက ခြေချလာတာကိုး။ နောက်တော့လဲကျင့်သားရသွားမှာပါ။ သူသိတယ် ဒီနေရာဟာ ဘာတစ်ခုမှ မပြောင်းလဲဘူး။အရမ်းလင်းလွန်းနေတာလဲ အလိမ်အညာတခုဆိုတာကို ငါအခန်းနံရံပေါ်မှာ ချိတ်ထားတဲ့ ပန်းချီကားကိုကြည့်ရင် သိနိုင်ပါတယ်။
အင်း … မအားရင်နောက်တော့လာကြည့်ပေါ့။ သူအလုပ်လုပ်လိုက်အုံးမယ်။ ဘာမှမပြောင်းလဲတဲ့ ပုံစံနဲ့။ ငါထိုင်ချလိုက်တယ်။ ဒီအရောင်။ ဒီအခန်း၊ ဒီကော်ဖီခွက်။ ဒီစက္ကန့်သံ။ ဒီပန်းချီကား။ ဒီလိုတစ်ပုံစံထဲ ကွန်ပြူတာ။ ဒီလိုစာလုံးတွေ မြှုပ်ထားတဲ့ခွက်။ ဒီလို စိတ်သွားတိုင်းမလိုက်နိုင်တဲ့ ကြွက်နဲ့ သူထိုင်နေရင်းတခုခု လိုနေသလိုခံစားရတယ်။ ငါတွေ့မိသေးလား။ ဝင်လာတုန်းက သတိမထားမိပါဘူး။ သူ့မြက်ခင်းခြေသုတ်ခုန်အောက်မှာရော ။ စားပွဲပေါ်က ပုရပိုက်ထဲမှာရော။ ငါ့ပါးစပ်ထဲမှာရော။ သူ့နားရွက်ထဲမှာရော။ ငါတို့နှစ်ယောက်အလုပ်ရှုပ်နေကြတယ်။ ဒါနဲ့ ငါခြေရာတွေ ဆေးခဲ့ပြီးပြီလား။ သူ့ခြေရာနဲ့တူလိုက်တာ။ ငါဝင်လာတုန်းက အလင်းထဲမှာ ကျကျန်ခဲ့တာ သူ့ခြေရာတွေလား။ မဟုတ်သေးဘူး သူ ငါ့နောက်မှာဘာလုပ်နေတာလဲ။ ငါဘာမှမပြောင်းလဲတဲ့ အခန်းထဲမှာလေ ။ သူ့ကိုကျနော်မတွေ့ချင်ဘူး။ ထွက်သွား ……….. ထွက်သွား ………….. ငါ့ခြေဖဝါးအောက်မှာ မမြင်ချင်ဘူး။ ဟုတ်တယ်။ သူတို့ခန္ဓာက လင်းလွန်းရင် အမှောင်ဆုံးပဲ။ ငါထွက်လာခဲ့တာ ၆နှစ်ကျော်ပြီ သူတို့မမြင်အောင် ငါအခန်းထဲမှာနေနေတာပါ။ အခု သူဝင်လာတဲ့ ဝင်ပေါက်အရှင်က ငါ့လိုက်လာတယ်နော်။
ဟိုပန်းချီကားကြောင့်လား။ ရော့ယူသွားဗျာ …. ။ ဒီတစ်ခန်းလုံးမှာအလင်းဆုံးဆိုလို့ ဒီပန်းချီကားတချပ်ပဲရှိတယ်။
သူလိုချင်ရင်ယူသွားတော့။
ပုရပိုက်ကိုးခုကိုဖွင့်လိုက်ရင် အထဲမှာ သူ့အကြောင်းဘာတစ်ခုမှတွေ့ရမှာမဟုတ်ဘူး ဗလာပဲ။
ပန်းချီကားထဲမှာ စက္ကန့်သံနဲ့ ငါ့နှလုံးသားတစ်ခုပဲပါတယ်။
မပြောင်းလဲဘူး ဘာတစ်ခုမှမပြောင်းလဲဘူး။ မှောင်လွန်းတော့သွေးစက်တွေမတွေ့ရဘူး။ သူထိုင်ချလိုက်တယ်။
ဘာမှမပြောင်းလဲဘူး။
nelay
No comments:
Post a Comment