ညတိုင်းလိုလို သူ့လက်ကို သူဆေးကြောတယ် အလုပ်ကပြန်လာတိုင်း မျက်နှာသစ်တယ်နောက် သူ့လက်ကို သူဆေးတယ် မှန်ရှေ့ခဏသွားရပ်ပြီး လက်ဆယ်ချောင်းလုံးကို မှန်ထဲမှာ သေချာထောင်ကြည့်တယ် ပတ်ချာလည်လှည့်ပြတယ် မှန်ထဲမှာသိပ်လှတယ် သိပ်ခန့်တယ်ထင်လောက်မှ လက်ဆယ်ချောင်းလုံးကို ခေါင်းပေါ်တင်ပြီး တီဗီရှေ့ခေါ်လာတယ် မျက်လုံးများရဲ့ရှေ့တည့်တည်
့မှာ လက်တွေကိုထားလိုက်ပြီး အခန်းဆက် ကိုရီးယားကားကို ညတိုင်းလက်တွေကိုပြတယ်။ နူးညံ့တဲ့လက်ချောင်းလေးတွေက ရိုမန့်တစ်အခန်းဆို ရိုမန့်တစ်ကိုဖြစ်လို့၊ အလိုမကျတဲ့အခန်းဆို လက်သီးတဖက်လက်ဝါးတဖက် အချင်းချင်းကို အသံမြည်အောင်ထိခတ်လို့၊ သူ့လက်ချောင်းတွေအချင်းချင်းအလိုမကျ ... ဒီလိုနဲ့ဇာတ်လမ်းအဆုံးမှာ သူ့လက်ချောင်းတွေ အိပ်ငိုက်လာတယ်။ လက်ချောင်းလေးတွေအိပ်ဖို့ပြင်နေကြတယ်။ အော် ... မအိပ်ခင်လုပ်တာတခုရှိတယ် ဒါကနေ့သစ်တွေတိုင်းအတွက် ရင်ဆိုင်နိုင်ဖို့ လေ့ကျင့်ခန်းတွေ၊ ခွန်အားတွေ၊ မျက်နှာဖုန်းတွေကို အဲဒီ့အလုပ်ကဖြစ်စေတယ်။
သူ ဒါးသွေးတဲ့ကျောက်ခုံကို ယူလာတယ်။ နောက် တချိန်က ကျော်ကြားခဲ့တဲ့ ယခုလက်ရှိကျော်ကြားနေဆဲ နိုင်ငံခြားစာရေးဆရာကြီးမျာ း တက်ကျမ်းများ အချစ်ဇာတ်လမ်းများ စတဲ့ တန်ဖိုးကြီးစာအုပ်တွေ၊ ဘာသာပေါင်းစုံရဲ့စာအုပ်တွေကို အရေဖျော်ထားတဲ့ အဆီကို ဒါးသွေးတဲ့ ကျောက်ပေါ် တစက်ခြင်းချတယ်...။ သူလုပ်နေတဲ့ပုံက တိုက်ပွဲဝင်ခါနီး စစ်သူကြီးရဲ့ ဒါးသွေးခါနီးပုံလို မျက်နှာကလဲခက်ထန်လှတယ်။ ဒီလိုအပြုအမူတွေက ညတိုင်းလူမသိသူမသိ သူ့လက်ချောင်းကလေးတွေသာသိတဲ့ အပြုအမူတွေဖြစ်တယ်။
သူက ဘယ်လက်ကို ညာလက်နဲ့ကိုင်လိုက်တယ် (သူကဘယ်သန်မဟုတ်ဘူး ဘယ်သန်ချင်ယောင်ဆောင်ထားတာ) နောက် သူကအပေါ်ကို မြှောက်တင်လိုက်ပြီး ညာလက်နဲ့ ဘယ်လက်ကို ဒါးသွေးကျောက်ပေါ်ဖိချရင်း စာအုပ်အဆီတွေနဲ့ရောပြီး အားရပါးရ စိတ်ပါလက်ပါကို သွေးနေပါတော့တယ် ... ။ တကိုယ်လုံးချွေးတွေသန်တွေထွက်တဲ့အထိ သူလိုချင်တဲ့ လက်ချောင်းကလေးတွေရတဲ့အထိ၊ သူ့လက်နှစ်ဖက်ကို ဟိုဖက်လှည့်ဒီဖက်လှည့် နာကြင်မှုတစုံတရာမပြပဲ စာအုပ်အဆီတွေကို တစက်ခြင်းချ စိတ်လိုလက်ရကို သွေးနေပါတော့တယ်။ ပြတင်းအပြင်က လရောင်က စူးဆန်းတဲ့ အသံတို့နဲ့ သူ့ ဒါးသွေးကျောက်နားကို ချင်းကပ်လာတယ် လရောင်တွေဘာနံ့ရလိမ့်မလဲ ... ။
(*)
သူ့ကိုတွေ့တဲ့လူတွေတိုင်းက မေးကြတယ် မင်းလက်ချောင်းကလေးတွေက သိပ်လှတာပဲ သိပ်တန်ဖိုးရှိတာပဲ သွယ်သွယ် ရွရွလေး အနုပညာဆန်လိုက်တဲ့လက်ကလေး ဘာလို့အဲလောက်တောင်လှနေတာလဲ လို့လူတွေကမေးတော့ ... သူကရင်ကိုကော့ပြီး ခေါင်းကိုလိုတာထက်ပိုမော့ပြီး မာန်ပါပါပြောချလိုက်တယ် ...
''ကျွန်တော် ညတိုင်းလက်သွေးတယ်ဗျ''
(*)
မနက်ရောက်တော့ သူကမျက်နှာမသစ်ဘူး အလုပ်သွားမဲ့အင်္ကျီကိုကောက်ဝ တ်တယ် ရေချိုးခန်းထဲကမှန်ရှေ့ကိုသွားပြီး ရှေ့ဖန်ခွက်ထဲမှာထည့်ထားတဲ့ ဖြူရော်ရော်နှုတ်ခမ်းတစုံကိုတပ်လိုက်တယ် ပြီးတော့ အသာအယာဟပြီးပြုံးဖို့ကြိုးစားတယ် မရဘူး နောက်တကြိမ်ကြိုးစားတယ် နဲနဲပြုံးရောင်သန်းလာတယ် သူနောက်ဆုံးအကြိမ်
ညကသွေးထားတဲ့လက်တွေရဲ့အကူအညီနဲ့ နှုတ်ခမ်းအနားသား နှစ်ဖက်ကိုဆွဲတင်လိုက်တယ် မှန်ထဲမှာသူပြုံးနေပါပြီး ပြုံးနည်းကိုသူသတိရသွားပါပြီး ... ။ သူအလုပ်သွားဖို့ ဖိနပ်စင်ပေါ်က ခြေသလုံးမွှေးခပ်ရှည်ရှည်နဲ့ ခြေထောက်ကိုကောက်ဝတ်ပြီး အလုပ်သွားမဲ့ သင်္ချိုင်းကို အပြေးနှင်ခဲ့တော့တယ် .... ။
သူလုပ်နေတဲ့အလုပ်က လူတွေက ပါးစပ်မပါကြ သူအပါအဝင်တရုံးလုံး ပါးစပ်မပါကြဘူး ဒါပေမဲ့ သူတို့အလုပ်က လက်ပါမှဖြစ်တဲ့အလုပ်မျိုး တခါတလေ ဦးနှောက်ကို ကော်ပီစက်ပေါ်တင်ပြီး ဆွဲယူအသုံးချသေးတယ်။ နှလုံးသားလား နှလုံးသားကတော့ ဘာတွေ့တွေ့ကြိုက်တတ်လွန်းလိ ု့ အလုပ်အဝင်ဝမှာထုတ်ထားခဲ့ရတယ်။ ''တိုင်းကဒ်''လိုမျိုး အလုပ်အဝင်ဝမှာ ခြင်းကြီးတလုံးချထားပေးတယ် အလုပ်မဝင်ခင် စားပွဲပေါ်က နံပါတ်ပြားတွေနဲ့ နှလုံးသားကိုထုတ်ပြီး ကပ်ရတယ် ပြီးတော့ ခြင်းကြီးထဲပစ်ထည့်ခဲ့ပေါ့ ကပ်ထားတဲ့နံပါတ်တွေကတော့ သူ့ပါးစပ်မှာအထင်းသားပေါ်နေတယ်။ ဒီနေ့ သူကျတဲ့ နံပါတ်က ''၈'' အင်္ဂလိပ်လို ''အိတ်'' မြန်မာလို ''ရှစ်'' သူကျေကျေနပ် သူ့အလုပ်စားပွဲကိုလျှောက်လာတယ်။
(*)
တခု ခြွင်းချက်ရှိတာက အထက်အရာရှိ အလုပ်ရှင်မပါ တခြားလက်အောက်ငယ်သားတွေကို အုပ်ချုပ်တဲ့ အရာရှိတချို့သာ နှလုံးသားယူဆောင်ခွင့်ရှိတယ ်တယ် သူတို့က အလုပ်ကိုဦးဆောင်အုပ်ချုပ်နေရတာဆိုတော့ (၁) ရင်ခုန်နိုင်ဖို့အလှအပခံစားဖို့(အနီးအနားမှ ဝန်ထမ်းသူလေးတွေကို ရင်ခုန်နိုင်ဖို့) (၂) အကြင်အနာတရားရှိဖို့ ဒီနေရာမှာ ပထမတချက်ထက်ပိုအရေးကြီးတာက ဒုတိယအချက်ရှိစေချင်လို့သူတို့ကိုအထူးအခွင့်အရေးပေးထားတာဖြစ်တယ် ဒါပေမဲ့ ပထမအချက်ကသူ့အလိုလိုမလုပ်ချင်ပဲပါသွားခြင်းသာဖြစ်ပါတယ် ဒါကိုဘယ်သူမှလက်ခါပြလို့မရပါဘူး။ ဒါသူတို့ရုံးရဲ့ ထူးခြားချက်တခုပေါ့။
သူတို့အလုပ်ကပါးစပ်မလိုဘူးဆ ိုပေမဲ့ ဘာသာစကား သုံးမျိုးလောက်တော့တတ်ထားရတယ် သူတို့က ကွန်ပြူတာဆိုတဲ့ ရုပ်သေးရုပ်တွေကို ခိုင်းစားဖို့ ဒီဘာသာစကားတွေကို တတ်ထားရတာပေါ့။ အဲဒီ့နေရာမှာ ပါးစပ်မလိုတဲ့အကြောင်းအရင်းကစတာပါပဲ ခင်ဗျားတို့လဲကြားဖူးမှာပေါ့ ဘာ ''တော့'' ဆိုလဲ ပါးစပ်မပါပဲလဲ အတော်အလုပ်ဖြစ်တယ်ဆိုပဲ နောက် တခြားအရာအတွေက ကွန်ပြူတာဆိုတဲ့ သတဝါထဲမှာ ပိုက်ကွန်လိုမျိုးရှိတယ်ဆိုပဲ အဲဒီ့အထဲမှာ သူ့လက်ချောင်းကလေးတွေရှိနေရုံနဲ့စကားပြောလို့ရတယ်၊ ပါးစပ်မပါပဲ ပြုံးပြလို့ရတယ် ငိုပြလို့ရတယ် စိတ်ဆိုးပြလို့ရတယ် ဘယ်လောက်အံ့သြဖို့ကောင်းလဲ ဒါပါးစပ်မပါပဲ လက်ချောင်းကလေးတွေနဲ့ပဲအလုပ်ဖြစ်နေတဲ့ အလုပ်စစ်တွေပဲပေါ့။
(*)
သူတို့တွေတချိန်းလုံး အဲဒီ့နေရာကနေစကားပြောကြတယ် ကြာလာတော့ လက်တွေကသူ့ထက်ငါ ထက်ချင်လာတယ် နောက်လက်တွေက အကျင့်တခုပါလာတယ်။ ဒါကဘာလဲဆိုတော့ လက်တွေက အလိုက်သိလွန်းနေတယ် သူမပြုံးချင်ပေမဲ့ လက်တွေကပြုံးနှင့်ပြီးပြီး သူမငိုချင်ပေမဲ့ လက်တွေကငိုနှင့်ပြီးပြီး သူစကားမပြောချင်ပေမဲ့ လက်တွေကပြောနှင့်ပြီးပြီး နောက်ဆုံး သူမလိမ်ချင်ပေမဲ့ လက်တွေက လိမ်နေနှင့်ပြီးပြီး။ ဒါမို့သူတို့ အလုပ်မှာ လက်တွေသိပ်တန်ဖိုးကြီးတယ် ပါးစပ်တွေတန်ဖိုးမရှိဘူး နှလုံးသားတွေခြင်းထဲမှာ ဦးနှောက်တွေ ကော်ပီစက်ပေါ်မှာ သိပ်ကိုနေရာကြနေကြတယ်။ အဲဒီ့သူတို့အလုပ်မှာ လက်လိမ်နေတဲ့လူတွေ များများလာတယ်။ အဲ့တချို့က လိမ်ယုံနဲ့အားမရတော့ဘူး သူတို့အလုပ်က မိန်းမတွေဆိုပိုဆိုး လက်ဝါးနဲ့လက်ဖဝါးကို ရိုက်ရိုက်ပြီး အတင်းအဖျင်းတွေ အာဘောင်အာရင်းသန်သန်နဲ့ အပြုံးအမဲ့တွေ လက်နဲ့နှိပ်နှိပ်ပြီး ပြောချင်တိုင်းပြောနေတော့တာ ။ လေကုန်တောင်သက်သာသေးတယ် ဘယ်လောက်ကောင်းလိုက်လဲ။ တခါတလေ ဖဲကစားတာလဲ ကျွမ်းကျင်ကြတယ် အို ... စုံလို့ပါပဲ အဲဒီ့လက်ချောင်းလေးတွေ လုပ်တတ်တာ စုံလို့ပါပဲ။ တချို့ဆို အဲ့ဒီ့ကွန်ပြူတာဆိုတဲ့ သတဝါရဲ့အောက်မှာ ဒါးတွေ ထောင်ထားတယ် တချို့ကသေနတ်တွေ အပြည့် မကျေနပ်တဲ့လူ သိပ်ချစ်တဲ့သူကို နောက်ကျောကနေ ဒါးနဲ့ထိုးဖို့ သေနတ်နဲ့ပစ်ဖို့ အဲဒီ့လက်ချောင်းကလေးတွေကပဲ လူသတ်တတ်တယ် စိတ်တွေကို ခလုတ်ကလေးတချက် ဖွဖွလေးနှိပ်ပြီးသတ်တယ် ဘဝတွေကိုသတ်တယ်။ လက်ချောင်းလှလှလေးတွေက ဒါးထိုးတဲ့ လက်တွေလဲဖြစ်တယ်။
(*)
ဒီလိုနဲ့ အလုပ်ဆင်းချိန်ဆို အဲ့ဒီလက်တွေနဲ့ ကွန်ပြူတာဆိုတဲ့သတဝါထဲမှာ နှုတ်ဆက်ကြ အလွမ်းသယ်ကြ ပွေ့ဖက်ကြ စကားတွေမကုန်နှိုင်အောင်ဖောင ်ဖွဲ့ကြ တချို့က လက်မှိုင်ချပြီးအိမ်ပြန်ကြ အဲလိုတဝကြီးလုပ်ပြီးရင်တော့ .... ခြင်းရှေ့ကမှန်မှာ ပါးစပ်မှာပေါ်နေတဲ့ နံပါတ်ကိုကြည့်ပြီး ခြင်းထဲက ကိုယ့်နှလုံးသားနံပါတ်ကို ကောက်ယူ ရင်ဘတ်ထဲ ထိုးကြိတ်ထည့် ''၈'' ဂဏာန်းတွေ ရင်ထဲမှာ ခိုးလိုးခုလုဖြစ်ပြီး အိမ်ပြန်လမ်းတလျှောက်လုံး လက်ချောင်းတွေဘယ်ထားရမှန်မသိ လက်တွေကအပိုကြီးလုံးလုံးကိုဖြစ် အိတ်ထဲဖြုတ်ထည့်ရမလား လက်ချောင်းတွေကိုခေါက်သိမ်းရမလား အခုမှ မပြုံးနိုင်မရီနိုင်နဲ့ ရင်ခံခံပြီးပြန်လာခဲ့တာလဲ ပြဒကဒိန်တွေ အုပ်အထူးကြီးကျန်နေခဲ့ပါပြီး .... ။
(*)
ဒါနဲ့ပဲ အချိန်တန် လုပ်စာရ လက်လုပ်လက်စားဘဝတွေ ... ။
မဖြစ်နိုင်ဘူးဆိုတာနဲ့ပဲ လက်လျှော့လိုက်ရတော့မှာလား ... ။ လက်ချောင်းတွေမှာအသက်ရှိတယ် လက်ချောင်းတွေမှာ ဒီနေ့တွေရှိတယ် သူကတော့ သူ့လက်ချောင်းလေးတွေနဲ့ လက်လျှော့မှာမဟုတ်ဘူး လက်ချောင်းလေးတွေ ကျိုးပြတ်လွဲခတ်တဲ့အထိ သူ လက်မလျှော့နိုင်သေးတဲ့ မဖြစ်နိုင်တာတွေကို ဆက်ကြိုးစားနေအုံးမှာပါပဲ .... ။ သူ့လက်ချောင်းတွေကို ဘယ်နတ်ဘုရားကမှတားရမယ်မထင်ဘူး ..။
လက်ချောင်းကလေးများကတော့ နေဝင်တာကိုဘယ်တော့မှ သိချင်လိမ့်မယ်မထင်ဘူး ။
nelay
2 comments:
မျက်နှာဖုံးကြားမှကြိုးတပ်ထားတဲ့လက်ချောင်းလေးတွေ သိပ်တန်ဖိုးရှိတယ်...
Post a Comment