အဆိပ်သင့် ညနေခင်းမှာ
အသည်းကွဲ ဒိုင်ယာရီတွေ လမ်းလျှောက်ထွက်ကြ ။
ငါ့လည်ပင်းပေါက်ထဲ ခေါင်းလျှိုလိုက်တဲ့
အလွမ်းတွေ ၊ အလွမ်းတွေ ။
စကားမဲ့နေတယ် ။ အလွမ်းတွေ စကားမဲ့နေတယ် ။
စကားဝါပန်းတွေ ပွင့်နေပေမယ့်
အလွမ်းတွေ စကားမဲ့နေတယ် ။
မျက်စိကိုတအားမှိတ်လိုက်တော့
ခြေသံတွေထဲ သစ်အိုပင်က သေရွာမှပြန်ထ
လွမ်းတယ်ဆိုတာ စကားပြောမတတ်တဲ့
အတိတ်မေ့ခြင်း ဆည်းဆာတွေ ငါသောက်သုံး
တစ်ဘဝလုံး စမ်းချောင်းထဲ စကားလုံးတွေမျောခဲ့ ... ။
(၁) လွမ်းတယ် ။
(၂) လွမ်းတယ် ။
(၃) လွမ်းတယ် ။
လွမ်းတယ် ဆိုတဲ့ စကားကို ပြောလိုက်ဖို့
ငါ့ အလွမ်းကို ငါ ပြန်လွမ်းနေရ ။
လွတ် / လွဲ / လွမ်း ။
လွတ်ထွက်သွားတဲ့ လမ်းတွေမှာ
အလွဲတွေနဲ့ နေသားကျနေတဲ့ကောင်တစ်ယောက်
မင်းကို လွမ်းနေတယ် ။
(၃) လွမ်းတယ် ။
(၂) လွဲတယ် ။
(၁) လွတ်တယ် ။
ဒီမှာရပ်
ငါ့နှလုံးသားကို စက္ကန့်အစဉ်အတိုင်းဖြတ်ထုတ်
လွမ်းတယ်ဆိုတာကို ရုပ်သေးလုပ်ပစ်မယ်
အင်္ဂါနေ့ထူးမှာ မီးခိုး,ကခြေသည်ကလေးရဲ့ခြေဖဝါး
ငါ့အလွမ်းနာကျဒဏ်ရာနဲ့
၁။ လွတ်တယ်
၂။ လွဲတယ်
၃။ လွမ်းတယ် ....
စိတ္တဇကိုပျိုးပြီး စည်းကျော်လွမ်းခြင်းတွေ
ခေါင်းငုံ့မော့ငေး ... ဖုန်သဲတွေ ငါ့ကိုဝါးမြိုဆွေးနေကြတယ်...။
ဟုတ်တယ် ။
လာခြင်းမကောင်းတဲ့ နတ်ပျိုမ ။
နင်က လာခြင်းမကောင်းတဲ့ နတ်ပျိုမ ။
အလွမ်းတွေသာ ဆုလာဘ်ပေးသနားခဲ့တာ ။
မလွန်လွန်းဘူးလားကွယ် ။
တစ်ရစ်ထက် တစ်ရစ် တက်လာတဲ့ အလွမ်းတွေ
(၁) (၂) (၃) ............ ။
ပြီးရင် ... ဘာလာမလဲ ။
ဘာတွေလာပြီးမလဲ ။
ဘာတွေလာဖြီးမလဲ ။
အလွမ်း (၁)
အလွမ်း (၂)
အလွမ်း (၃)
အလွမ်းနဲ့ စ ၊ အလွမ်းနဲ့ ဆုံး ။
ဒီနွေ ပူတယ်ဆိုတာ ၊ အရင်နွေတွေလိုပါပဲ ။
ထူးမခြားနား ။
သရုပ်ပေါ်အောင် နင့်ကိုခေါ်ရရင် နတ်တွေငိုလိမ့်မယ် ...
"အ"ချင်ယောင်ဆောင်သွားတဲ့ နွေဦးနန်းတော်မှာ
ပူလောင်ခြင်းအခန်းကျဉ်းထဲ အလွမ်းတွေအသိုက်အုံဖွဲ့
အကျိုးအပဲ့တွေနဲ့ မိုးကောင်းကင်ကို
ငါ့အလွမ်းတွေလွှတ်တင်ရင် မိုးခေါင်သွားလိမ့်မယ်
နောက်ဆုံးလာမယ့် လမ်းတစ်ခုမှာ
အလွမ်းဆိပ်မိထားတဲ့ကိုယ်တစ်ခြမ်းကို ....
ငါက
ဘာကိုလွမ်းနေရဦးမလဲ ... ။
ကောင်းကင် အကျိုးအပဲ့ထက်မှ ကျလာသော
နတ်တွေ ငိုချလိုက်တဲ့ မျက်ရည်နက်တွေ ။
အကာလ ( “အ” ကာလ ) ညဉ့်ဦးယံမှာ
စည်းကျော်သွားသော မိုးခေါင်လွမ်းခြင်းများ ။
လွတ် / လွဲ / လွမ်း ။
မီးခိုး,ကခြေသည်ကလေး ရေ .. ။
ငါ့ နတ်ပျိုမကို ပြောပေးစမ်းပါ ။
စက္ကန့်နဲ့အမျှ လွမ်းနေတဲ့ ဆည်းဆာတွေ
စကားလုံးထဲ မျောခဲ့ ။
စကားလုံးတွေ မောခဲ့ ။
စကားပြော မတတ်လို့ လွမ်းတာပါ ။
စကားမပြောတတ်လို့ လွမ်းတာပါ ။
ဖွဲ့စရာ စကားလုံး မရှိတော့လို့ လွမ်းတာပါ ။
ဖွက်စရာ စကားလုံး မရှိတော့လို့ လွမ်းတာပါ ။
မျက်စိကို တအား မှိတ်လိုက်တော့ .... ။
ရှင်လျက်နှင့် ရှင်ပြန်ထမြောက်သော သစ်ပင်အို ၏
ဦးတည်ရာမဲ့ ခြေသံ ။ ။
nelay ၊ ဆူးခက်မင်း
29.3.2010
No comments:
Post a Comment