Pages

Tuesday, June 24, 2008

စာအုပ်အသစ်



ငါဘယ်လို ကူးခတ်လိုက်ရ
သွေးပြန်ကျောထဲက အိပ်မက်များ
မင်းတစ်ကိုယ်လုံးမှာ ငါစီးဆင်းလို့
အဆိပ်အတောက် အိပ်မက်တွေ ဒိုက်ဖြစ်ရတယ်


အပြစ်ရှိသူ လူတစ်ယောက်ရဲ့ လမင်းကြိုးတင်ပွဲမှာ
ကြယ်အပေါင်းက အမှောင်ကို ဗဟိုပြုလို့ကြွေကျ
အခန်းဟောင်းထဲက စူးရှရှအော်သံတွေ
တိတ်ဆိတ်ခြင်းကို ဖြိုခွဲလို့
မင်းနောက်လိုက်လာကြတယ်


အေးချမ်းတဲ့ မြို့စွန်ဘေးက ဆံခြည်ထုံးတွေ
ပြေလျှော့သွားတဲ့ မာယာအိုကို အတ္တမီးတစ်စနဲ့
တငွေ့ငွေ့ကျွမ်းလောင်
မင်းသိမ်းပိုက်လိုက်တဲ့ နှလုံးသားကောက်ရိုးပုံလေး
လောင်သွားပြီ


မြို့အိုကလေးရဲ့ အဓိကထုတ်ကုန်မှာ
အမျိုးသား အမျိုးသမီး
နှလုံးရည် ၁၂ ကျော်သွားတဲ့ လူသတ်သမား
ကဗျာ
သွေးသားဖောက်ပြန်ခြင်းနဲ့ ရွာဦးကျောင်းက
အုန်းမောင်းသံဟာ နောက်ပြန်လည်သွားတဲ့အခါ
လင်းကြက်တွေလဲ ညနက်နက်မှာ ပြောင်းပြန်တွန် ကြတယ်


ခေတ်အဆက်ဆက်က အယူလွဲနဲ့
ရွှေသမင်တွေ ခြေင်္သေ့ကို ပြန်အူကြတဲ့အခါ
သူငယ်ချင်း မင်္ဂလာပွဲမှာ
မင်းတုန်းမင်းရဲ့ ပတ္တာလက်ဖွဲ့ပေးခဲ့တယ်


ဧရာဝတီကို ခေါ်ပါ ဧရာဝတီလိုကြားပါ
ငါမရောက်ဖူးတဲ့အရပ်မှာ မင်းဖုံးခဲ့တဲ့ မစင် သဲပြိုကျ
ဧရာဝတီကို ခေါ်ပါ ဧရာဝတီလိုကြားပါ


ကောင်းခြင်းမကောင်းခြင်း ဝေါဟာရကို အထူးပြုဖို့
နှစ်ကာလတစ်ခု လိုလာမယ်ဆိုရင်
အောက်ပါအချက်အလက်များမှာ
သက်သေအပြည့်အဝနဲ့ အတိတ်တွေ
လေထုထဲမှာ ပုတ်သိုးသိုး


အရွယ်လွန်ချောင်းဟန့်သံနဲ့ ခင်းဗျားအကြံကို ခွေးတောင်မလန့်ဘူး
အကန်းမျိုးဆက်ရဲ့ အလယ် သူရဲကောင်းလုပ်ချင်တယ်ဆိုလဲ
အသက်အာမခံနဲ့ ခင်းဗျား နာမ် ကို ဆေးခဲ့ကြောခဲ့
နှလုံးခုန်သံကြားလို့ ဒါးတွေဝင်စိုက်လာရင် ပြုံးတတ်ဖို့ မှန်တစ်ချပ်ယူခဲ့
စွတ်ကျယ်ဝတ်ထားတဲ့ စကားလုံးများကို သဲခေတ်မှာ မျက်ရည်ကျပြလို့ အရာမထင်ဘူး
ခင်ဗျားကံကောင်းတယ်မှတ်ပါ။
သံလွင်မြစ်နားက ကွန်ဖြူးရှပ်မဟုတ်ဘူး
သခင်သေရင် ကျွန်လိုက်သေ တဲ့ ခေတ်မဟုတ်တော့
ခင်ဗျားကံကောင်းတယ်မှတ်ပါ။


ထိုအကြောင်းအရာများမှာ အဟောင်းဖြစ်ကြောင်း
စာအုပ်အသစ်မှာ ထုတ်မှတ်ဖို့
တယောအိုကို မီးတစ်စနဲ့ သေခြင်းရတုကိုဖွင့် …. ။



nelay





အခွံလွတ်ဈေး



ကျေးဇူးတရား

သွေးသားဆန္ဒ

ရောင်းဝယ်

ဖောက်ကားကြ ။



nelay





အာရုံငါးပါးအပြင်ဘက်က
ကဗျာဆရာများမှာသာရှိတဲ့ ဆဋ္ဌမအာရုံကိုအားပြုပြီးရေးဖွဲ့ထားပါတယ်
(နာမ်စာအုပ် သစ္စာနီအမှာစာမှ)

ကိုလာ



ပြင်းရှရှနဲ့
အမောပြေတယ်
မောင်



nelay





အာရုံငါးပါးအပြင်ဘက်က
ကဗျာဆရာများမှာသာရှိတဲ့ ဆဋ္ဌမအာရုံကိုအားပြုပြီးရေးဖွဲ့ထားပါတယ်
(နာမ်စာအုပ် သစ္စာနီအမှာစာမှ)

ဝါး



ကလေးငိုတယ်
စစ်ဖြစ်တယ်



nelay





အာရုံငါးပါးအပြင်ဘက်က
ကဗျာဆရာများမှာသာရှိတဲ့ ဆဋ္ဌမအာရုံကိုအားပြုပြီးရေးဖွဲ့ထားပါတယ်
(နာမ်စာအုပ် သစ္စာနီအမှာစာမှ)

ဈာပနပို့သူများ



ပုလင်းထဲမှာ မရှိတော့ဘူး


ငါ့ကို နည်းနည်း ဟောဒီ့လောက်ကလေး
နည်းနည်းပေးပါ။


ပုလင်းထဲမှာ မရှိတော့ဘူး
အေး …
ငါ့ကိုယ်ထဲမှာလဲ အသဲမရှိတော့ဘူး
ပုလင်းထဲမှာ မရှိမှတော့ ဗိုက်ထဲရောက်သွားလို့ပေါ့ကွာ


ဆေးရုံသွားရအောင်
မသွားချင်ဘူး
ငါ့ကိုနည်းနည်း ဟောဒီ့လောက်ကလေး
နည်းနည်းပေးပါ။


ဆေးရုံသွားရင် ဒီလောက်ကလေး နှစ်ခါတိုက်မယ်လေ
စက္ကန့်သံတွေမကြားချင်ဘူး ငါ့လက်တွေတုန်နေလို့ပါ
ဆေးရုံသွားရအောင်
သနားလို့အိမ်မှာထားတာနော်
ဆေးရုံသွားရအောင် ကျန်းမာလာရင်ဒီ့ထက်ပိုသောက်နိုင်တာပေါ့


ဆေးရုံသွားတော့ရော င့ါအသဲက ဟော့ဒီ့လောက်ကလေးပြန်ပြည့်မလာဘူး
ငါမကျန်းမာချင်ဘူး ပိုက်ဆံကုန်ပါတယ်ကွာ ….
ငါ့ကို နည်းနည်းဟောဒီ့လောက်ကလေး နည်းနည်းပေးရင်
ဆေးရုံသွားတာလောက် မကုန်ပါဘူးကွာ …


ဖယောင်းတိုင်းတွေ မီးမတောက်တော့
သူငယ်ချင်းမင်းမျက်နှာက မီးပျက်နေတယ်
ငါတို့ငယ်ငယ်တုန်းကလို အိမ်ဆောက်တိုင်းဆော့ကြမယ်လေ
အိမ်မှာမနေပါနဲ့ကွာ
ဒီအရွယ်က ဈာပနပို့ရမဲ့အရွယ်မဟုတ်ဘူး


ငါ့ကိုနည်းနည်းပေးကြပါ …
ရေဝေဖြစ်ဖြစ် ထိန်ပင်ဖြစ်ဖြစ်
ငါ့ကိုပိုက်နဲ့သွယ်ပြီးတိုက်မယ်ဆိုလို့
ဆေးခန်းလိုက်လာတာလေ
ဆရာဝန်ကလက်ခါပြတယ် တိုက်လိုက်ပါတော့ကွာ
စိတ်ချမ်းသာ အောင်သာထား
အဲဒီ့စကား အခွန်းတိုင်းကို
တစ်လုံးချင်းစီ အနှေးပြကွက်နဲ့ ခဏ … ရပ် … ထား ….


စိတ်………………….. ချမ်း ……………….. သာ ……………….. အောင် ………… ထား ……….
ဟူးးးးးးးးးးးးးးး


ငါ့ကိုနည်းနည်း ဟောဒီ့လောက်ကလေး
ဘဝထဲမှာ အခုချိန်ထိလိုက်ရှာခဲ့တဲ့ စိတ်ချမ်းသာမှုနည်းနည်းပေးတိုက်ပါ
အသဲမရှိတဲ့ ခန္ဓာကြီးက ပွလာပြီ လူအမြင်မှာ ဗိုက်ကြီးလာတာပေါ့လေ
ရှစ်ပတ်တပြားလား လေးရာတန်ဇေလား


တစ်စိတ်ပဲ ကျန်တဲ့ အသဲကို ဝိုင်းပက်ကြ
ဝိုင်းပက်ကြ … ဝိုင်းပက်ကြ


အန်တီကတော့ စိတ်ညစ်တာကို ပါးစပ်ကပဲ ရွတ်တတ်တယ်
ရေသုံးဆရောပြီး အိပ်သွားရင်တောင် ဗိုက်ကြီးကပိန်လိုက်ဖောင်းလိုက်


တရုတ်တွေလို ကိုရီးယားတွေလိုဝတ်စုံပြည့်နဲ့လိုက်မပို့နိုင်ပါဘူး
အရွယ်ကောင်းတုန်းက ပုံလေး ပုံကြီးချဲ့ခိုင်းထားတယ်
အထည်ကြီးပျက်တွေမဟုတ်လား
ဒီခေတ်မှာ အထည်ကြီးပျက်တွေများလာတယ်
ကြာလာတော့ အပျက်ထည်ကြီးတွေဖြစ်လို့
နေအုံး
ကြက်ဥသုံးလုံးလောက်သွားကြော်လိုက်အုံးမယ်
ဟေ့ …. ကြက်သွန်မထည့်ဘူး
ငါကမင်းတို့ထက်အသက်အများကြီး ကြီးတယ်ကွ
ငါ့ကိုနည်းနည်း ဟော့ဒီ့လောက်ကလေး
နည်းနည်းပေးပါ။



nelay





ကျုပ် အရိပ်ခန်း



(သူ)ကပြေးလာပြီး (ငါ့)အနားတီးတိုးပြောသွားတယ်။ ဘာသာစကား မိုးလောက်ကြီးနဲ့။ (လူ)ကိုလိမ်ယူနည်း(လူ)။ (ဘဝ)ကိုသံပတ်ပေးနည်း(ဘဝ)။ (ကောင်း)ချင်ယောင်ဆောင်နည်း(ကောင်း)။ ပလေကပ်ဝတ်နည်းနဲ့ တရားအစမ်းထိုင်နည်း(ကပ်တရား)။


ဒါနဲ့ငါပြောမယ်။ ပန်းသီးမဟုတ်တာတော့ သေချာတယ်။ စာရေးရမယ်လေ။ သူပြန်မတွေးချင်ဘူး။ အရာအားလုံးက ငါ့ကိုလိမ်နေတယ်လို့ ယုံကြည်ဖို့ပဲ။ နောက်ပြီး ဘာမှမပြောင်းလဲဘူး။ ဟုတ်ပါတယ် သူအလုပ်ပြောင်းလာတာ။ အချိန်ကိုကုစားဖို့လား အချိန်က ငါ့ကို ကုစားဖို့လား။ သူမယုံဘူး။ ၆နှစ်ကျော်သွားပြီ။ ပိတောက်ပန်းတွေ အချိန်မှန်မှန်ပွင့်ကြတာမဟုတ်ဘူး။ ငုံနေတဲ့နှစ်တွေလဲရှိမှာပဲ။ သူကော်ဖီတစ်ခွက်ထားတယ်။ ငါသေချာကြည့်နေပါတယ်။ စက္ကန့်တံကလေး ချပ်ချပ်ချပ် ရွေ့သွားတိုင်း။ ကော်ဖီခွက်ထဲမှာ ဗဟိုပြိုအားနဲ့ စက်ဝိုင်းငယ်ကလေး လှုပ်ခတ်သွားတယ်။ သူအသံတွေမကြားချင်ဘူး။ ပြီးတော့ ငါအိပ်မက်မမက်ချင်ဘူး။ ဘာလို့ဆို အိပ်မက်တွေကုန်သွားမှာ နှမျောလို့။ စိတ်တွေဖြုန်းတီးနေတာမကောင်းဘူး လို့ ခွဲခြားသိတတ်ရင်ပဲ တော်လောက်ပါပြီ။ ငါကမယုံဘူး။ သူကမဟုတ်ဘူး။ နေပါအုံး ဘာလို့ နားလည်ချင်နေရတာလဲ။


အခန်းတိုင်းက ဘာမှမပြောင်းလဲဘူး။ နာရီရှိချင်ရှိမယ်။ ထိုင်ခုန်ရှိချင်ရှိမယ်။ ပြတင်းပေါက်ရှိချင်ရှိမယ်။ ပေတံရှိချင်ရှိမယ်။ ပန်းချီကားရှိချင်ရှိမယ်။ သီချင်းသံရှိချင်ရှိမယ်။ ပန်းအိုးအခြောက်ကလေးရှိချင်ရှိမယ်။ ကွန်ပြူတာရှိချင်ရှိမယ်။ အနုပညာရှိချင်ရှိမယ်။ သေချာတာက ဝင်ပေါက်အရှင်တစ်ခုရှိနေတယ်။ သူ့ကိုယ်သူပဲနားလည်အောင်အရင်လုပ်ပါအုံး။ ငါ့အကြောင်း ပုရပိုက်ကိုးခုထုတ်ထားတယ်။ ဖတ်ကြည့်ချင်တယ်ဆို ကြမ်းပြင်မှာ ချထားပါတယ်။ဘာတခုမှမပြောင်းလဲဘူး။
ပြောင်းလဲနေတာတွေလဲ မပြောင်းလဲဘူး။ ပြောင်းလဲနေတာတခုပဲရှိတယ် သူ့လက်ဖျံသွေးကြောထဲက စက္ကန့်တံနဲ့ ငါ့ကော်ဖီခွက်ထဲက စက်ဝိုင်းငယ်ဟာ အတူတူပဲ ပြောင်းလဲနေတယ်။
မနေနိုင်လို့အဲဒီ့စိတ်ကိုအလိုလိုက်မိပြီမဟုတ်လား။ မျက်မှန်ပင့်မနေပါနဲ့ သူ့မျက်လုံးထဲမှာ ပင့်စရာဘာမှမရှိဘူး။ ကြွက်လား။ဘဲလား။ အနုပညာရှင်လား။ အတူူတူပဲ အားလုံးအတူတူပဲ။ ငါက မြက်ခင်းတွေသိပ်ကြိုက်တယ်လေ။


ပုရပိုက်မဖွင့်ခင် ဝင်လာတဲ့ ဝင်ပေါက်အရှင်တစ်ခုမှာ မြက်ခင်းအစစ်ကလေးကို ဘဲဥပုံပိုင်းချထားတယ်။ အီတလီ ကတောင်မှာထားတာ။ သူခြေသုတ်ခဲ့ဖို့တော့လိုတယ်။ ဘာမှမပြောင်းလဲဘူး။ လက်တံအတို လက်တံအရှည် လက်တံပါးပါးကလေး။ ဟော မီးလာပြီ။ မီးလာလို့ ရော ဖယောင်းတိုင်က အကုန်မမြန်ဘူး။ ငါ့အခန်းထဲမှာဆို လေမတိုက်ဘူးလေ။ စက္ကန့်တံတွေက ပိုမြန်မလာပါဘူး။ သူ့အခန်းထဲမှာ ဟန်လုပ်ပြီး အကောင်းပြောမဲ့လူမှမရှိတာ။ ပိတောက်ပန်းတွေဝါထိန်နေအောင် ပွင့်နေတာကို ငါငုံ့ကြည့်ဖူးတယ်။ သူက အပေါ်ဆုံးအထပ်မှာရှိတာလေ။ သိပ်မဆန်းပါဘူး ပြီးတော့ ဘာမှမပြောင်းလဲဘူး။


ဓါတ်လှေကားထဲမှာ ငါလက်ချောင်းတွေခွေခေါက်ဖူးတယ်။ သူ့အခန်းလေးထဲကို ဝင်လာစက သတင်းမှာ ဘာလာနေလဲ ငါဘယ်သိမှာလဲ။ လူကိုလိမ်ယူနည်းဆိုတာ လူကိုပါတခါထဲ လိမ်ပြီးယူသွားတာ။ အသက်ဝိဉာဉ် ခန္ဓာတစ်ခုလုံးကို လိမ်ယူသွားတာ။ အမှတ်တမဲ့ကြည့်ရင် သူ့အခန်းလေးက မှောင်နေတယ်ထင်ရတယ်။ အကောင်းတွေသိပ်လွန်းနေတဲ့ လင်းအားကြီးအရပ်က ငါက ခြေချလာတာကိုး။ နောက်တော့လဲကျင့်သားရသွားမှာပါ။ သူသိတယ် ဒီနေရာဟာ ဘာတစ်ခုမှ မပြောင်းလဲဘူး။အရမ်းလင်းလွန်းနေတာလဲ အလိမ်အညာတခုဆိုတာကို ငါအခန်းနံရံပေါ်မှာ ချိတ်ထားတဲ့ ပန်းချီကားကိုကြည့်ရင် သိနိုင်ပါတယ်။


အင်း … မအားရင်နောက်တော့လာကြည့်ပေါ့။ သူအလုပ်လုပ်လိုက်အုံးမယ်။ ဘာမှမပြောင်းလဲတဲ့ ပုံစံနဲ့။ ငါထိုင်ချလိုက်တယ်။ ဒီအရောင်။ ဒီအခန်း၊ ဒီကော်ဖီခွက်။ ဒီစက္ကန့်သံ။ ဒီပန်းချီကား။ ဒီလိုတစ်ပုံစံထဲ ကွန်ပြူတာ။ ဒီလိုစာလုံးတွေ မြှုပ်ထားတဲ့ခွက်။ ဒီလို စိတ်သွားတိုင်းမလိုက်နိုင်တဲ့ ကြွက်နဲ့ သူထိုင်နေရင်းတခုခု လိုနေသလိုခံစားရတယ်။ ငါတွေ့မိသေးလား။ ဝင်လာတုန်းက သတိမထားမိပါဘူး။ သူ့မြက်ခင်းခြေသုတ်ခုန်အောက်မှာရော ။ စားပွဲပေါ်က ပုရပိုက်ထဲမှာရော။ ငါ့ပါးစပ်ထဲမှာရော။ သူ့နားရွက်ထဲမှာရော။ ငါတို့နှစ်ယောက်အလုပ်ရှုပ်နေကြတယ်။ ဒါနဲ့ ငါခြေရာတွေ ဆေးခဲ့ပြီးပြီလား။ သူ့ခြေရာနဲ့တူလိုက်တာ။ ငါဝင်လာတုန်းက အလင်းထဲမှာ ကျကျန်ခဲ့တာ သူ့ခြေရာတွေလား။ မဟုတ်သေးဘူး သူ ငါ့နောက်မှာဘာလုပ်နေတာလဲ။ ငါဘာမှမပြောင်းလဲတဲ့ အခန်းထဲမှာလေ ။ သူ့ကိုကျနော်မတွေ့ချင်ဘူး။ ထွက်သွား ……….. ထွက်သွား ………….. ငါ့ခြေဖဝါးအောက်မှာ မမြင်ချင်ဘူး။ ဟုတ်တယ်။ သူတို့ခန္ဓာက လင်းလွန်းရင် အမှောင်ဆုံးပဲ။ ငါထွက်လာခဲ့တာ ၆နှစ်ကျော်ပြီ သူတို့မမြင်အောင် ငါအခန်းထဲမှာနေနေတာပါ။ အခု သူဝင်လာတဲ့ ဝင်ပေါက်အရှင်က ငါ့လိုက်လာတယ်နော်။


ဟိုပန်းချီကားကြောင့်လား။ ရော့ယူသွားဗျာ …. ။ ဒီတစ်ခန်းလုံးမှာအလင်းဆုံးဆိုလို့ ဒီပန်းချီကားတချပ်ပဲရှိတယ်။
သူလိုချင်ရင်ယူသွားတော့။


ပုရပိုက်ကိုးခုကိုဖွင့်လိုက်ရင် အထဲမှာ သူ့အကြောင်းဘာတစ်ခုမှတွေ့ရမှာမဟုတ်ဘူး ဗလာပဲ။
ပန်းချီကားထဲမှာ စက္ကန့်သံနဲ့ ငါ့နှလုံးသားတစ်ခုပဲပါတယ်။


မပြောင်းလဲဘူး ဘာတစ်ခုမှမပြောင်းလဲဘူး။ မှောင်လွန်းတော့သွေးစက်တွေမတွေ့ရဘူး။ သူထိုင်ချလိုက်တယ်။
ဘာမှမပြောင်းလဲဘူး။



nelay








အန္တရာယ်အပြောအဆိုနဲ့ လိပ်ပြာစားပွဲ



နံရံတွေကို ဖောက်ပြီး သံရိုက်ကြတဲ့အခါ
သစ်ပင်တွေက
လန့်အော်တယ်
အမေ့ရထားကလေး ဘယ်ဘူတာဆိုက်ပြီလဲ
အန္တရာယ်ရေ
ငါ့ကိုကယ်ပါ …
ငါ့ကိုကယ်ဖို့ မင်းကိုပြန်ရှာတဲ့အခါ
တောမီးလောင်တယ်
စမ်းခြောက်တယ်


လူတွေကြောက်သွားတဲ့ ယဉ်ကျေးမှုမှာ
ငပိရည်တစ်ခွက်
ဇွန်းခရင်းမှောက်ရက်နဲ့
ညစာကိုချက်။ နေ့စာကိုချက်။
မနက်စာကိုချက်။
အစာလမ်းကြောင်းမှာ ပုံမှန်မဟုတ်တဲ့
အိပ်မက်တွေ
အစာခြေဖို့ခက်ခဲ့


ငါ က အောင် မြင်မှု ကို
အူလှိုက်သည်း လှိုက်ရယ်ခဲ့ဖူးတယ်


ဘာဆိုဘာ … ဘာ … ဘာမှမဟုတ်ဘူး ဗလာ
အဲဒီ့နယ်မှာ
လင်းဖို့ မျဉ်းမလို
အတင်းငိုယူထားတဲ့ စာလုံးတွေက
အနုပညာကို
မျက်စိ စပ်တယ်
ဒါ သဘာဝပဲ သီဝရီ


လိပ်ပြာကိုအခန်းရိပ်နဲ့ သုညတစ်လုံးမံပြီးရင်
အရိပ်တွေ မိုးချုန်းတိုင်း ပုန်းမရ ခိုမရ


ချောင်နေတဲ့ မျက်ကွင်းနဲ့ ငုံထားတဲ့အလင်းမှာ
လေရှုရတာမသန့်ဘူး
မီးပေါက်ထားတဲ့နှစ်ကာလတစ်ခုမှာ
ရနံ့လှတဲ့ ပန်းခွံတွေလဲ သုံးမရ


ခင်ဗျားကြီးရေ …
ခင်ဗျားကြီး ကို
ခင်လို့ ဗျားလိုက်ကြီး သုံးနှုန်း လိုက်တယ်


ငါအတန်တန်ဆုတောင်းလျှက် နဲ့
အလွှာကိုးပါးကို
လှေကား မေလ ဖြုတ်ရက်တယ်


မျက်နှာကျက်လို ဘာလုံး မျိုးမှာ
ထာဝရကို မိုးမရ
အတောင်ခတ်သံပြင်းပြင်းနဲ့
မနက်ခင်းကိုတွန်ကျူးယုံနဲ့
နေထွက်လာတာ နှစ်ဆယ့်တစ်မဟုတ်တော့


ဘယ်သူ့လက်အောက်မှ မလုံလင်းသူ
ကိုယ့်ဝိဉာဉ်ကိုယ့်ပခြုပ်နဲ့
ကိုယ့်နတ်ဘုရားကိုယ်
အသွေးအသားထဲ ကဗျာထိုးလို့
အန္တရာယ်ဒဏ်တခုခု လိပ်ပြာလွှင့်နေတယ်


လိပ်ပြာစားပွဲမှာ တွဲလောင်းကြိုးနဲ့
နှလုံးသားက ဟီရိသြတ္တပကို
ထောင်း ထောင်း ထအောင်


… ချ …


။… ကြွေး … ။



nelay





Monday, June 9, 2008

ကပွဲ



ငါ့ဗုဒ္ဓ
ငါ က ဘုရား
ငါ က တရား
ငါ က မျက်လုံး
ငါ့ ပျက်လုံးတွေနဲ့
ငါ့ က ပွဲမှာ
ငါ က မင်းသား
ငါ က ဘုရင်
ငါ က မုတ္တမနဲ့
ငါ က အကန်း
ငါ က ပခမ်း
ငါ့ နှုတ်ခမ်းနဲ့
ငါ က ပန်းတွေ ပွင့်ပွင့်ခိုင်းပြီး
ငါ က အနံ့တွေခြွေလို့
အသေ ပန်းတွေ ဝေ
ငါ က မုဆိုး
ငါ က သားကောင်
ငါ က အဆိပ်
ငါ့ တောရိပ်မှာ အနီရောင်တွေ ခြောက်လို့
ငါ က တစ္ဆေ
ငါ က မြွေ
ငါ က ရေနဲ့
ငါ က လေ တွေ လိမ်တဲ့ အရပ်မှာ
ငါ က လူ
ငါ က ပလူနဲ့
ငါ က အခြားသူတွေကို တူစေတဲ့
ငါ က မိတ္တူ
ငါ က စက္ကူ
ငါ က စာအုပ်
ငါ က စာရွက်နဲ့
ငါ က ကဗျာ
ငါ့ ကပွဲ မှာ
ငါ က လက်ခုပ်တီးလို့
ငါ က ဇာတ်သိမ်း
ငါ က ဇာတ်လမ်း
ငါ က မင်းကိုယ်ထဲက နာမ်
ငါ က ဆိပ်ဖလူးပန်းတွေပွင့်တဲ့ အရပ်မှာနေ
ငါ့ အလိမ် ငါ့ အညာနဲ့
ငါ က ဘုရားဖူးထွက်တဲ့ မြွေပါပဲ
ငါ က ခေတ်
ငါ့ ခေတ် ငါ ပေါ်
ငါ့ ခေတ်ပေါ်
ငါ့ ခေတ် ငါ ကို ငါ ထင် ငါ ဟပ်
ငါ့ ခေတ်ကိုထင်ဟပ် လို့
လူတွေခေတ်လိုက်ရင်း
ငါ့ ကပွဲမှာ အရူးဇာတ်ကိုခင်းကြလိမ့်မယ်
ငါ့ အကာ ငါ့ အရံ
ငါ ဖျက်ဆီးလို့
ငါ ကလူတွင်ကျယ်ကြီးလုပ်ချင်နေရတယ်
ငါ က ကျေးဇူးတော်ရှင်
ငါ က သွားမတိုက်
ငါ က ပလုပ်မကျင်း
ငါ့ ခြေရင်းမှာ ငါ့အလင်း ငါတည်
ငါ့ ပွဲ ငါသိမ်း
ငါ့ မီးကို ငါငြိမ်းခဲ့တယ် ….. ။



nelay