မြသန်းတင့် ပြောတာကတော့ … ဆာ့တ်ဟာ ‘ လူသည် မိမိအတွက် ဖြစ်လာရသော သတ္တဝါ’ တဲ့ ။
ငါ့ကိုဖတ်ပြတဲ့ အသံထဲက စကားလုံးတွေဟာ ငါ့ကိုစကားလုံးတွေဖြစ်စေခဲ့တယ်လေ … ။
ယန်းပေါ့လ်ဆာ့တ် ဝတ္ထုထဲက ကောင်လေးအကြောင်းကို သူကဖတ်ပြတာ ငါကစိတ်တွေနဲ့နားထောင်လိုက်တယ် …
နာမည်ကြီးအောင်လုပ်နည်း ဆိုတဲ့ ဝတ္တုထဲက ကောင်လေးက …
လူတွေကိုကြည့်ရင် အပေါ်စီးကကြည့်ရတယ် ။ …. ။ ကျွန်တော်ဟာ မီးကိုမှိတ်ပြီး ၇-ထပ်တိုက် ပြတင်းဝမှာရပ်တယ် ။ လူတွေဟာ ကိုယ့်ရှေ့မျက်နှာချင်းဆိုင်လောက်ကိုပဲ အာရုံပြုကြတယ် ။ နောက်ကျောဘက်ကို သတိပြုတဲ့ အခါလည်း တစ်ခါတလေတော့ရှိတယ်ပေါ့လေ။ ဒါပေမဲ့ ဘယ်ကိုပဲအာရုံပြုပြု၊ အလွန်ဆုံးကြည့်ရင် ငါးပေ ရှစ်လက်မလောက်ဆီကိုပဲ လှမ်းကြည့်တတ်ကြတယ် ။ …. ကိုယ့်ကို အပေါ်စီးကနေ ကြည့်တဲ့အကြည့်ဟာ တကယ်တော့ လူ့အတွင်းစိတ်ရဲ့ မဟာရန်သူကြီးပဲ ။ ဒါပေမဲ့ လူတွေဟာ ဒီမဟာရန်သူကြီးကို ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာ မသိကြဘူး။
‘‘သူပြောတာကတော့ တကယ်လို့ လူ့မျက်နှာမှာက ပါးစပ်နေရာနဲ့ မစင်စွန့်တဲ့ အပေါက်နေရာချင်းပြောင်းပြန် များရှိနေခဲ့ရင် လူတွေအလှပြင်နိုင်ကြအုံးမလား ၊ ပြုံးနိုင် ရယ်နိုင်ကြအုံးမလား၊ စားနိုင်သောက်နိုင်ကြအုံးမလားတဲ့ ။’’
မြသန်းတင့်က ဒီလို အကျဉ်းချုပ်လိုက်တယ် ….
ယခု ဝတ္ထုမှာ ဇာတ်ကောင်သည် နာမည်ကြီးချင်သည်။ သို့ဖြင့် နာမည်ကြီးရန် နည်းလမ်းများ အမျိုးမျိူးရှာသည်။ စာရေးဆရာလုပ်ရန် ကြိုးစားသည်။ မအောင်မြင်။ အဘိဓမ္မာဆရာလုပ်ရန် ကြိုးစားသည်လည်း အချည်းနှီး။ သို့ဖြင့် လူတွေကို လိုက်၍ ပစ်သတ်ရလျှင် နာမည်ကြီးမည်၊ သတင်းစာထဲ ပါမည်ဟု တွေးမိသည်။ သို့ဖြင့် ၎င်းအတိုင်း လုပ်ကြည့်ရာ နောက်ဆုံးတွင် အဖမ်းခံရသည်။
ထိုဝတ္ထုသည် ဆာ့တ်၏ဘ၀ ပဓာနဝါဒကို အတိုချုပ်၍ ဖော်ပြသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည်ဟု ဆိုသင့်သည်။
‘‘ငါကတော့ ကျေကျေနပ်နပ်ကြီးကို ပြုံးနေလိုက်တယ်’’
နာမည်ကြီးအောင်လုပ်နည်း ဆိုတဲ့ ဝတ္တုထဲက ကောင်လေးက …
လူဟာ စိတ်ဓါတ်ရေးအရ အလွန်မြင့်မား ကြီးကျယ်တယ်လို့ ကိုယ့်ဘာသာ ကိုယ်ထင်လာအောင် ရုပ်ဝတ္ထုရဲ့ သင်္ကေတတွေနဲ့ အားတင်းယူရတယ်။ ကျားကန်ယူရတယ်။ ဒီလိုမှမလုပ်နိုင်ရင် လူဟာ ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားမှာပေါ့။ စိတ်ဓါတ်ကျသွားမှာပေါ့ ။
ကောင်းပြီ၊ မင်းမှာ လူတွေထက် သာလွန်မြင့်မားနေတဲ့ အရာ ဘာရှိသလဲလို့ ခင်ဗျားတို့က မေးကောင်းမေးမယ်။ ကျွန်တော့်မှာ အခြားလူတွေထက် မြင့်မားသာလွန်တဲ့ အရာရယ်လို့ ဘာမှမရှိဘူး။ တစ်ခုပဲရှိတယ်။ အဲဒါက ကျွန်တော်ဟာ ၇-ထပ်တိုက်က အခန်းတစ်ခန်းမှာ နေရတယ်ဆိုတဲ့ အချက်ပဲ။ …. ဒီနေရာတွေဟာ ရုပ်ဝတ္ထုရဲ့ သာလွန်မြင့်မားတဲ့ အချက်ကို ထင်းရှားပြနေတဲ့ သင်္ကေတတွေပဲ ။
တကယ်တော့ လူတွေက ကျွန်တော့်ရန်သူတွေပဲ။ ဒါပေမဲ့ သူတို့က မသိကြဘူး။ လူတွေဟာ တစ်ယောက်ကိုတစ်ယောက် ကရုဏာထားကြတယ်။ တိုးဝှေ့သွားလာကြတယ်။ ကျွန်တော့်ကို ကူညီကြတယ်။ ကျွန်တော့်ကို လည်း သူတို့လို လူတစ်ယောက်ပဲ ထင်နေကြတာကိုး။ ဒါပေမဲ့ ကျွန်တော့်အကြောင်းကို တစ်စွန်းတစ်စများသိရင် ကျွန်တော့်ကို ဝိုင်းရိုက်ကြမလား မသိဘူး။ ….. လူတွေကို ကျွန်တော် မုန်းနေတာဟာ အဓိပ္ပါယ်မရှိလို့ မထင်လိုက်ပါနဲ့ ။ ကျွန်တော့်မှာ လေးနက်တဲ့ အကြောင်းတွေရှိပါတယ် ။
မြသန်းတင့်က ဒီလို ထပ်ရှင်းလိုက်တယ် ….
၎င်းဝတ္ထု၏ မူရင်းအမည်မှာ ‘အိရိုစထရေးတပ်’ ဟူ၍ ဖြစ်သည်။ အိရိုစထရေးတပ်သည် ခေါမဒဏ္ဍာရီထဲက ဇာတ်ကောင် ဖြစ်သည်။ အိရိုစထရေးတပ်သည် နာမည်ကြီးချင်သူတစ်ယောက် ဖြစ်သည်။ နည်းအမျိုးမျိုးဖြင့် နာမည်ကြီးရန်ကြိုးစား သော်လည်း မအောင်မြင်။ သို့ဖြင့် နောက်ဆုံးမှာ ကမ္ဘာ့အံ့ဖွယ်တစ်ပါး ဖြစ်သော အီဖီးဆပ် ဘုရားဝတ်ကျောင်းကြီးကို မီးတင်ရှို့သည်။ ထိုတွင် နာမည်ကြီးသွားသည်။
‘‘ငါကတော့ အရှက်တရားဆိုတာကို လျှိုဝှက်နက်နဲပြီး ရှက်တတ်ရမယ်လို့လူတွေမသင်ခဲ့ရင် လူတွေလဲ ရိုးအီငြီးငွေ့လာပြီ သိပ်ဂရုစိုက်လာကြတော့မှာမဟုတ်ဘူး’’
နာမည်ကြီးအောင်လုပ်နည်း ဆိုတဲ့ ဝတ္တုထဲက ကောင်လေးက …
သူတို့အထဲမှာ မာဆေးက နည်းနည်း ပညာတတ်တယ်။ ဒီတော့ သူက ဝင်ပြောတယ်။
‘ဒီလောက်ပြောရင် ခင်ဗျားရဲ့ စရိုက်ကို ကျုပ်ခန့်မှန်းလို့ရပြီ။ ခင်ဗျားကိုးကွယ်တဲ့ သူရဲကောင်းက အီရိုစထရေးတပ်စ်ပဲဗျ။ သူက သိပ်နာမည်ကြီးချင်တော့ နာမည်ကြီးအောင် ဘယ်လိုလုပ်ရမလဲလို့ နည်းလမ်းရှာသတဲ့။ ဒီ့ပြင် နည်းလမ်းတွေက သိပ်နာမည်မကြီးဘူး။ ဒီတော့ ကမ္ဘာ့အံ့ဖွယ် ၇ ပါးမှာ တစ်ပါးအပါအဝင်ဖြစ်တဲ့ အီဖီးဆပ်ဘုရားဝတ်ကျောင်းကို မီးတင်ရှို့သတဲ့။ ဒီလိုနဲ့ သူ့ကိုယ်သူ နာမည်ကြီးအောင် လုပ်သတဲ့’’
‘အဲဒီ့ ဘုရားဝတ်ကျောင်းကို ဆောက်လှူတဲ့ ပုဂ္ဂိုလ်ကကော ဘယ်သူ တဲ့လဲ’’
‘ဟင့်အင်း သူ့နာမည်တော့ ကျူပ်မမှတ်မိဘူး။ ဘယ်သူမှလည်း သိမှာမဟုတ်ဘူး။’’
‘အို ကျောင်းဆောက်လှူတဲ့ ပုဂ္ဂိုလ်ကိုတော့ မသိဘူး။ ကျောင်းကို မီးရှို့တဲ့လူတော့ သိတယ် ဟုတ်လား။ အင်း အီရိုစထရေးတပ်စ်ရဲ့ စိတ်ကူးလည်း သိပ်တော့ မဆိုးဘူးဗျို့။ သူဖြစ်ချင်သလို ဖြစ်သားပဲ’’
…. အီရိုစထရေးတပ်စ်ရဲ့ အကြောင်းကို ကြားတော့ ကျွန်တော် အားတက်လာတယ်။ ကြည့်လေ၊ အီရိုစထရေးတပ်စ် သေသွားတာ နှစ်ပေါင်းနှစ်ထောင်ကျော်ပြီ။ ဒါပေမဲ့ သူ့ဇာတ်လမ်းနဲ့ သူ့ရဲ့ အမည်ကတော့ စိန်နက်တစ်လုံးလို တောက်နေတုန်းပဲ။ ဘယ်ဆိုးလို့တုန်း။
‘‘ငါကတော့ လူဆိုတာမြင်နေကြ မဟုတ်တဲ့ အရာတွေကိုမြင်ရရင် သူတို့က သိပ်လက်ခံချင်ကြတာမဟုတ်ဘူး။
ဘာလို့ဆို သူတို့အတွက် အဲဒါကိုလက်ခံနိုင်တဲ့ ဉာဏ်အဆင့်က တော်တော်ကလေးကို နှိမ့်ကျနေကြလို့ပဲမဟုတ်လား။’’
နာမည်ကြီးအောင်လုပ်နည်း ဆိုတဲ့ ဝတ္တုထဲက ကောင်လေးက စာရေးဆရာ ၁၀၂ယောက်ဆီကို စာရေးပြီး မိတ္တူ ၁၀၂ စောင်ပို့လိုက်တယ် အဲဒီ့အထဲက တချို့စာသားတွေက …
ဤပြဿနာသည် အကြိုက်ချင်းကွဲပြားသည့် ကိစ္စတစ်ရပ်မျှသာဆိုလျှင် ဆရာ့ထံ ကျွန်တော် ဤမျှလောက် စာရှည်ရှည်ရေးမည် မဟုတ်ပါ။ ယခုမူ အကြိုက်ချင်း ကွဲပြားသည့် ကိစ္စတစ်ရပ် မျှသာမကပါ။ ယခုတော့ လူတွေကို ချစ်သည် ပြောသူတို့က ကြီးမြတ်သူတွေဖြစ်နေပြီး မုန်းသည်ဟု ပြောသူတွေက ယုတ်ညံ့သူတွေ ဖြစ်နေသဖြင့် ဤစာကို ရေးရခြင်း ဖြစ်ပါသည်။
ပုစွန်ကြော်ကို ကျွန်တော်ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ၊ ဘယ်သူက ဘာမျှ မပြောပါ။ သို့ရာတွင် လူတွေကို မုန်းသည်ဟု ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ကျွန်တော့်မှာ ယုတ်ညံ့သိမ်ဖျင်းသူ အဖြစ်သို့ အလိုလို ရောက်သွားကာ ဆေးဖော်ကြောဖက် မလုပ်ကြတော့ပါ။(ပုစွန်ကြော်ကို ကျွန်တော် မကြိုက်ရင် ဘာမှ အပြစ် မရှိသလို၊ လူတွေကို မုန်းရင်လည်း ကျွန်တော့်မှာ ဘာအပြစ်မှ မရှိဘူး မဟုတ်လားဆရာ။ လွတ်လွတ်လပ်လပ် မမုန်းရတော့ ဘူးတဲ့လား။) ဒါကို ကျွန်တော် မကျေနပ်ပါ။ လူ့ဘဝကို ချစ်ရမယ်ဆိုတဲ့ တရားကို ဒီလိုပဲ လက်ဝါးကြီး အုပ်ထားနိုင်သလား ဆရာ။ သူတို့က လူတွေကို ချစ်ဆိုတိုင်း ချစ်ရမှာလားဆရာ၊ ကျွန်တော်ဆိုလိုသည့် သဘောကို ဆရာ နားလည်လိမ့်မည်ထင်ပါသည်။ တချို့ နေရာတွေမှာ ‘လူ့သဘာ၀ ဝါဒီမဟုတ်သူများ မဝင်ရ’’ လို့ ဆိုင်းဘုတ်တောင် တပ်ထားပါတယ်ဆရာ။ ကျွန်တော် ကတော့ ဇွတ်ဝင်တာပဲဆရာ။ ကျွန်တော်တစ်သက်လုံး ဒီလိုလုပ်ခဲ့တာပါပဲဆရာ။ ကျွန်တော့် အသက် ၃၃-နှစ်ရှိ ပါပြီ။ သူတို့က ဒီလိုပြောရုံနဲ ကျွန်တော့် တစ်သက်လုံး ယုံကြည်လာတာကို စွန့်ရတော့မှာလား ဆရာ။ လူတွေကို ချစ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်မရှိတဲ့ အလုပ်ကို ကျွန်တော် လုပ်ရမလား ။ သူတို့အစွဲတွေကို ကျွန်တော်ချွတ်မလား ။ တစ်ခုခုကိုတော့ ကျွန်တော် လုပ်ရတော့မယ်ဆရာ။
နောက်တစ်ခုက သူတို့က လူဟာ ကိုယ်ဖြစ်ချင်တာတွေကို မတွေးဘဲ ဖြစ်သင့်တာတွေကို တွေးရမယ်လို့ပြောသေးတယ် ဆရာ။ ကျွန်တော် မေးပါ့မယ်ဆရာ။ အတွေးနဲ့ ကျွန်တော်၊ ကျွန်တော်နဲ့ အတွေးဟာ ဘယ်လိုလုပ် ခွဲခြားလို့ရမလဲဆရာ။ တကယ်တော့ အတွေးဟာလည်း အသွေးအသားလို ကျွန်တော့် ခန္ဓာကိုယ်ထဲက ပစ္စည်းပဲမဟုတ်လား။ ဒါကို ဘယ်လိုလုပ် ခန္ဓာကိုယ်ကြီးနဲ့ ခွဲထုတ်လို့ ရမလဲ။ ကျွန်တော် သုံးစွဲနေတဲ့ ပစ္စည်း ကိရိယာတွေလိုပေါ့။
ဥပမာ၊ ကျွန်တော် ပြောနေတဲ့ စကားလုံးတွေ ဆိုပါတော့ ဆရာ။ ကျွန်တော်က ကျွန်တော့်ကိုယ်ပိုင် သီးခြားစကားကို ပြောချင်တယ်။ ဒါပေမဲ့ ကျွန်တော့်ပါးစပ်က ထွက်လာတော့ သူများသုံးပြီးသား စကားတွေပဲ ထွက်လာတယ်။ ဒီစကားလုံး တွေဟာ ကျွန်တော့် ခေါင်းထဲမှာ အလိုလို ပေါ်လာပြီး ဒါတွေကိုပဲ သုံးလိုက်ရတာပဲ မဟုတ်လား။ ခုတောင် မလွဲသာလို့သာ ဆရာ့ဆီကို ဒီစကားလုံးတွေနဲ့ ရေးလိုက်ရတာ။တကယ်ကတော့ ကျွန်တော့် သီးခြား စကားလုံးနဲ့ ကျွန်တော်ရေးချင်တာ။ ဒါပေမဲ့ ဒီလိုရေးတာဟာ နောက်ဆုံးအကြိမ်ပါပဲလေ။။ ဆရာလည်း လူတွေကိုချစ်ပါ။ မချစ်ရင် ဆရာ့ကို ဝိုင်းပယ်ကြလိမ့်မယ်။ ကျွန်တော်ကတော့ ဒီလိုအဖြစ်မခံနိုင်ဘူး။ ဒါကြောင့်မကြာမီပဲ ခြောက်လုံးပူးနဲ့ လိုက်ပစ်မယ်။ ကဲတော်လောက်ပြီဆရာ ။ ဆရာဟာကျွန်တော်နောက်ဆုံး နှုတ်ဆက်သူပဲ။ လူတစ်ယောက်ရဲ့ ဦးနှောက်ကို သေနတ်နဲ့ ပစ်ဖေါက်ပစ်လိုက်ရတာဟာ ဘယ်လောက်ပျော်စရာကောင်းသလဲ ဆိုတော့ ဆရာတော့ ဘယ်တော့မှ သိမှာ မဟုတ်တော့ဘူး။ ကျွန်တော်ပစ်တဲ့လူတွေထဲမှာ ဆရာ မပါခဲ့ဘူးဆိုရင် ပေါလ်ဟီးလ်ဘတ် ဆိုတဲ့ လူဟာ စိတ်ရူးပေါက်ပြီး အဂ္ဂါကွီနေးရိပ်သာ လမ်းမကြီး ပေါ်မှာ လူခြောက်ယောက်ကို ပစ်သတ်လိုက်တယ်ဆိုတဲ့ သတင်းကို မနက်ဖြန်သတင်းစာထဲမှာ ဆရာတွေ့ရပါလိမ့်မယ်။ သတင်းစာ ဆိုတာ ဘယ်လို ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာ ဆရာပိုသိပါလိမ့်မယ်။ သူတို့က ‘စိတ်ရူးပေါက်ပြီး’ လိုက်ပစ်တယ်လို့ ရေးပေမဲ့ ကျွန်တော် စိတ်ရူးမထပါဘူး။ တည်တည်ငြိမ်ငြိမ်လုပ်မှာပါ။ ကျွန်တော်ရဲ့ ထူးခြားဆန်းကြယ်တဲ့ စိတ်ကူးစိတ်သန်း တွေကို ဖေါ်ပြခွင့်ရလို့ ကျေးဇူးတင်ပါတယ် ဆရာ။
ပေါလ်ဟီးလ်ဘတ်
… ကျွန်တော်သည် လူများကို စက်ဆုပ် မုန်းတီးလှသည့်အတွက် လူခြောက်ယောက်ကို သတ်မည်ဟု စိတ်ကူးထားပါသည်။ အဘယ့်ကြောင့် လူခြောက်ယောက်တည်း သာ သတ်မှတ်ထားသနည်းဟု ဆရာက မေးကောင်းမေးပါလိမ့်မည်။ ရှင်းပါသည်။ ကျွန်တော့်ခြောက်လုံးပူး၌ ကျည်ဆန်ခြောက်တောင့်သာ ရှိသောကြောင့် ဖြစ်ပါသည်။
‘‘ငါက လူတွေပြောပြောနေတဲ့ Creative ဆိုတာ မူရင်းရှိပြီးသားကို ကိုယ်ပိုင်အသိတစ်ခုနဲ့ ရောနှောပြီး အသစ်ထွက်လာတဲ့ ပုံစံအသစ်ကို Creative လို့ ခေါ်နေကြမှန်း မသိကြပဲ Creative ဆိုတာနဲ့ ကိုယ်ပိုင်ဖန်တီးရှင်ကြီးလိုလို ဝိုင်းပြီး လေးစားထားလိုက်ကြတယ် ဆိုတာကို နည်းနည်းကလေး ကျဉ်းနေတဲ့ စွတ်ကျယ်ကို ချဲ့ ဝတ်လိုက်သလောက်ပေါ့ ။ တကယ့် မူလ အရင်အမြစ်မရှိပဲ ကောင်းမွန်သေချာတဲ့ အနုပညာ ကိစ္စဆိုတာ ဖြစ်လာစရာအကြောင်းမရှိဘူး ။’’
No comments:
Post a Comment