Pages

Saturday, April 30, 2011

ရိုရိုသေသေ ပြတင်းပေါက်လိုက်တယ်



ငါ့အနားက
တချို့ပြတင်းပေါက်တွေ
ပိတ်ထားရတာပျော်တယ်

တနေ့က
ငါမိုးပေါ်ပစ်တင်လိုက်တဲ့လှေ
နှလုံးသားကမ်းခြေမှာ
မင်းလိပ်ပြာတွေဝဲနေတယ်

ဒီလိုဗုဒ္ဓဟူးနေ့မှာ
ခွာချလိုက်တဲ့မင်းမျက်နှာပေါ်က
နေဝင်သွားတဲ့ငှက်တွေအနှေးကွက်နဲ့
ငါ့ဝိဉာဉ်လှောင်ဖို့ခန္ဓာမဲ့နေတယ်

ဆံနွယ်တွေ ခါရမ်းလိုက်တိုင်း
ခန္ဓာတွေတစစီပျက်ကျ
ပုဝါပါးပါးထဲက မီးအိမ်ကလေးက
ငါ့ကိုငေးနေတယ်

အဲဒီ့အကြောင်း
မနေ့ကအရူးကိုပြောပြတော့
ပြတင်းတချို့က
မိသားစုဆိုတဲ့
ဧည့်သည်တွေအတွက်
ဘဝကို ဧည့်ခံပွဲလုပ်ပစ်လိုက်ရတဲ့
ညီမလေးတွေကိုဖွဲ့သီထားလို့
အေးအေးဆေးဆေးထွက်ကျလာတဲ့
မျက်လုံးနဲ့ငါ့ကိုကြည့်တယ်

အတိတ်ကိုမေ့ထားရမယ်တဲ့
အတိတ်မေ့တဲ့ရောဂါနဲ့ ဘဝမေ့တဲ့ရောဂါ
ဗိုက်ဆာတာတစ်ခုပဲသိရမယ်လို့
ဒေါသသံပါပါပြောရတာကိုက အရသာလား
ခြေရာတွေကို ပတ်တီးစီးပြီးမှ လမ်းလျှောက်ခဲ့တာ
ငါမဟုတ်ဘူးတဲ့

ပြတင်းတချို့က
ဉာဏ်ရည်ထွန်းတောက်တဲ့
ကြယ်ခက်ကလေးတွေ
အကြောက်တရားနဲ့
ခြောက်ပြားမတန်အောင်ပလုံသွားလို့

ဒီလိုပဲယာယီပျော်ရွှင်ခြင်းနဲ့
ယာယီမျှော်လင့်ချက်
လူတွေကို အတုလုပ်ရတာသိပ်လွယ်လွန်းနေတယ်

ပျဉ်းစရာကြီး
အာဘောင်အာရင်းသံသံနဲ့
အရက်ဆိုင်ကအတွေးအခေါ်မျိုးက
လူတွင်ကျယ်လုပ်ရအောင် အာပုတ်စော်နံတယ်

ပြတင်းတချို့က
သူရဲကောင်းသတ္တိမျိုးနဲ့
ဝေဟင်းထက်မှာပျံဖို့
ခြံစောင့်ခွေးနောက် နွားခံနေရလို့

အိပ်ယာပေါ်မှာ
ဆိပ်ဖလူးပန်းတွေ
စွန်းကုန်ပြီ

ဒီလိုနဲ့ပဲ
ဖေဖေရယ်
မေမေရယ်
ကိုကြီးရယ်
မကြီးရယ်
ကိုယ့်ထမင်းကိုယ်ရှာစားပြီး
မိသား မစုနိုင်တဲ့ဘဝ

ဒါမို့
ငါ့အနားက
တချို့ပြတင်းပေါက်တွေ
ပိတ်ထားရတာပျော်တယ်



nelay





No comments: