Pages

Thursday, August 18, 2011

အလင်းဝတ်လွှာ



အဲ့ဒီ့နေရာမှာ တစ်ခါတလေတော့လဲ
ငါ့ကိုယ်ငါ ပြန်ထူထောင်ချင်စိတ်တွေ ယှက်သွန်းပျိုးနေမိတယ်

အတိုင်းအတာတွေနဲ့ လူဖြစ်ဖူးလာထဲက
လူကို လူလို မမြင်ဖူးကြတဲ့တောအုပ်ထဲမှာ
အရူးတွေက တစ်ယောက်ကိုတစ်ယောက်
တိုင်းတာ ရွေးခြယ်နေလိုက်ကြတာ
သူ့အကြိုက် ကိုယ့်အကြိုက်တွေနဲ့
မရေမရာ မသေချာတဲ့ အချိန်ကာလကြီးကို
သေချာချင်နေလိုက်ပုံများ

ဝတ်လွှာရေ ... နင်မြင်ဖူးနေကြ
Overacting တွေထက် ပိုဟာသပဲ

အလင်းအိမ်ငယ်ရဲ့ ဟိုးဝေးဝေးမှာ
တပျော်တပါးနဲ့ ငါ့ကိုစားသုံးပြီးမှ
ပွင့်လန်းနေတဲ့ ဥယျာဉ်တစ်ခုကို
ငါက မုဒိတာပြုနေရတယ်

ဘယ်လောက်များမြင့်မြတ်လိုက်တဲ့
စိတ်ကူးအိပ်မက်တွေလဲ

အဲ့ဒီ့ ချော့ကလက်ရောင် မီးအိပ်မက်ကို
နေရထိုင်ရတာ ငြီးငွေ့လာပြီမဟုတ်လား

လူပြောသူပြောများတဲ့ စိတ်အရေပျော်ဒြပ်ထုတွေက
ငါတို့ထက်စွမ်းအားကြီးလွန်းလို့
ဘဝအသေကြီးထဲမှာ ဘယ်အပြင်ကမ္ဘာမှ မရောက်ဖူးဘဲ
သေးငယ်တဲ့အမှုန်အမွှားတွေ မြေကြီးအဖြစ်နဲ့
သူရဲကောင်းဆန်ပြနေလိုက်ပုံများ ... ဟာသပဲ ...

သံယောဇဉ်တွေအတောင့်လိုက်ဝင်သွားလို့
ဒုက္ခကြီးလွယ်ထားရတာကိုက
ဝတ်လွှာရေ .......
ဂုဏ်ယူစရာပေါ့

နင့်အိမ်မှာ ကြည့်မှန်တခက်တော့
ရှိကောင်းရှိလိမ့်မယ်

ကိုယ့်အရိပ်ကိုယ်မြင်ရဖို့
အလင်းဝတ်လွှာတွေ အင်တာနက်မှာ
ပန်းကန်ပြားပျံစီးပြီး ပြောက်ဆုံးသွားသလား

ဒါမှမဟုတ်
လက်နှိပ်ဓါတ်မီးနဲ့ သာပြန်ပြန်ထိုး
စပွန်ဆာ မျိုးရိုးဆိုတာကလဲ
လူသားတွေပဲမဟုတ်လား

ငါတော့ငွေမရတဲ့ ကိုယ်ပိုင်အလုပ်တခုနဲ့
ဥယျာဉ်တစ်ခုကိုတခုတရ ပျိုးမိပါတယ်ကွာ ...
ရေကလဲအကောင်းကြီး
မြေကလဲအကောင်းကြီး
ဥယျာဉ်မှုးကို ပြန်ကိုက်တဲ့ပန်းတွေ ပွင့်လာတာတော့
ကိုယ့်ကိုယ်ကို ကျောပေးရုံကလွဲလို့
ပေါင်နှစ်ချောင်းလဲ မနာနိုင်တော့ဘူးပေါ့

ကိုယ်ရှိန်ကိုသပ်ပြီး ဆေးလိပ်တွေပဲရှိုက်ဖွာနေဖို့
ရာသီဥတုကောင်းနေဖို့နဲ့
တခြားလူတွေလို သူတို့အားကျတဲ့
ပညာရှိကြီးတွေ ရှိနေဖို့
ငါမှမလိုတာပဲ ဝတ်လွှာ ...

သေချာတာတစ်ခုကတော့
သေခြင်းဆိုတာ ငါတို့မျက်မြင်ကြုံနေရတဲ့
သေချာခြင်းပဲမဟုတ်လား

ကြယ်ကြွေညဦးရဲ့ အလယ်ခေါင်တည့်တည့်မှာ
ရေမွှေးပုလင်းမှောက်ကျခြင်းနဲ့
သစ်သားတံတားလေးကို မကျော်နိုင်တဲ့ ဆိုဒ်ကား
ဘယ်အခေါ်အဝေါ်ကရော မှားနေလို့လဲ
လင်းအိမ်လွှာ .....

ငါ့စာပေနဲ့
တ.ယူ.သန် ညတာရှည်တွေကရော
ကျန်းမာရေးပြန်ကောင်းလာဖို့
ပြတင်းပေါက်ဖွင့်ပြီးစိတ်ကူးယဉ်ကြည့်မိတယ်

ဘာပဲဖြစ်ဖြစ်ပေါ့ ဝတ်အိမ်လွှာ ...
ဒီညရုံတင်မဲ့ ''နောက်ဆုံးဘူတာ'' ကို
နံရံမှာ ချိတ်ဆွဲထားရုံနဲ့ မပြီးသေးဘူးဆိုတာ
လူတကာကိုလျှောက်မပြောဖို့နဲ့
မင်းကို အရူးလို့ပြောလာရင်ကျေကျေနပ်နပ်လက်ခံဖို့

အနီရောင်စက္ကူတွေကို
ငါ့မြေမှာတူးရှာရင်
အတုတွေပဲထွက်လာလိမ့်မယ်လို့ယုံကြည်ထားဖို့
မျက်နှာသုတ်ပုဝါတွေကိုနေလှန်းပြီး
ငါ့အလင်းဝတ်လွှာဆီ
ချောချောမောမောပြန်လာခဲ့တယ် ။



nelay





No comments: