Pages

Wednesday, July 14, 2010

ငါ့အလွမ်းကတစ်ခါတစ်လေ ရုပ်ပျက်ဆင်းပျက်



သကြားလုံးတစ်ငုံစာလောက်
နင့်ကိုလွမ်းတာမဟုတ်ဘူး
အိပ်မက်တွေလည်း အခုဆို
ကာလာနဲ့မမက်ဖြစ်တာကြာပြီ
အရောင်ကျွတ်သွားတဲ့ ဥတုမှာ
နင်က..... တန်ဖိုးနည်း သိက္ခာကိုမှ
တံထွေးဆွတ်ပြီး ငါ့နဖူးပေါ်က ခွာချရက်တယ်
ထွီ..................................
ဒါက အခုခေတ်ရဲ့
ယဉ်ကျေးသော နှုတ်ဆက်သံ
နင်လက်မခံတဲ့ ဂုဏ်သရေရှိ ပန်းဝါတွေတော့မဟုတ်ဘူးပေါ့
အဲဒီပန်းဝါဝါတွေနောက် ငါမလိုက်ဘူး
နင်ကိုးကွယ်တဲ့အလင်းကမျက်စိမှုံတယ်
နင်ပြောတဲ့စကားလုံးတိုင်းက သုညကြွင်းစေတယ် ....
ငါ့အိတ်ကပ်ထဲက လိပ်ပြာအသေကလေး ထုတ်ပေးလိုက်ရင်
နင်နားလည်အောင်မပြောတတ်တဲ့
စက္ကူအစုတ်တွေက
ဘယ်တော့မှ
ဘယ်တော့မှ
ဘယ်တော့မှ
ဘယ်တော့မှ
ကျက်သရေရှိစွာနဲ့ ပိုက်ဆံဖြစ်မလာဘူး
အီဗော်လူးရှင်းသီအိုရီအရ
ပြောင်းပြန်လှန်တရားကနှလုံးသားယဉ်ကျေးမှုမှာ
ဒါရိုက်ထိမှန် ဓမ္မသတ်ကျမ်းအစောင်စောင်မှာ
ငါကျဆုံးခဲ့ပြီ
မာနအတွက်ဒုက္ခကိုဝယ်ခဲ့မိလို့
နတ်ဘုရားမျက်နှာပေါ်က မျက်ရည်ခံမှည့်ကလေးက ငါပေ့ါ
ငါ့ကို သောကြာနေ့မှာ မွေးခဲ့ရင်ကောင်းမှာ
ဟာ...... အလကား ကိုယ့်ကိုယ်ကို ယဉ်ကျေးမှုထင်ပြီး
ခေတ်တခုလုံးကို ပြာချပစ်ရအောင် အဲဒီ တရားကိုးပါးထဲက
ဘယ်တရားကရော အမှန်ဖြစ်လာမှာတဲ့လဲ
အမှားတွေဆိတ်သရေကို နွားစားသွားတဲ့ လပေါင်းများစွာကို
ငါက နေဝင်ချိန်အဖြစ်ပြောင်းပေးခဲ့တဲ့ ကောင်ပါ
ငါပျော်တယ် ငါရီတယ် ငါငိုတယ်
ရီပါ.... ငိုပါ....ပျော်ပါ
အားပါးတရ ငို ရီ ပျော် ပါ
ငါ့ လိပ်ပြာကိုလာလာပြီး
လက်ယပ်ခေါ်မနေပါနဲ့တော့
ငါပြောချင်တဲ့စကားငါ့နားကပြန်ပြန်ကြားနေပြီ
ခဏခဏသွေးတိုးမစမ်းချင်စမ်းပါနဲ့
အပေါ်သွေးအောက်သွေးက ဘယ်တုန်းကမှမညီဘူး
ဆေးရုံပေါ်က မနက်ခင်းဟာ ညှီဖန့်ဖန့်တွေ တောက်လောင်လို့
ငါ့အစွယ်တွေ ငါ့အမြှီးတွေ နင်မွေးပေးခဲ့တဲ့ ကလေးတွေ
နင့်သွေးပြန်ကြောထဲက ငါ့သွေးတွေ
ဒီလောက်ထိ မြစ်တွေစီးဆင်းသံက
ညဘုရားကို မြည်ဟီးလိုက်တဲ့ စစ်ဦးကျိုးသံလား
မျိုးမမှန်တော့ကိုင်းကူးကိုင်းဆက်လုပ်စရာမလို
ဒီပုတ် ဒီပဲ နဲ့ ဒီစကား ဒီနား ဘယ်သွားသွား
စိတ်နဲ့ကိုယ်တစ်ခါမှမကပ်ဘူး
တစ်ခါတစ်လေ အနာပေါ်တုတ်ကျတာ အရသာရှိပ
Globalization ဆိုတာ
ဘာကိုပြောပါလိမ့်
ငါမသိတော့ဘူး
ငါသိတာတွေက
ငါ့ကိုပြန်မသိတော့ဘူး
အဆင့်အတန်းဆိုတဲ့ စကားလုံးရဲ့ ခေတ်ပေါ်အယူအဆဟာ
ငါ့သမ္မကျမ်းစာမှာ ထည့်သွင်းဖေါ်ပြခြင်းမရှိတဲ့
နင်အကြိုက်ဆုံး ဖွံ့ဖြိုးတိုးတက်မှုကြီးပေါ့
ထင်ကြေးနဲ့လျှောက်တဲ့ခရီး နီးသလားဝေးသလား
ဟန်ချက်ဆိုတာ အရိပ်တွေနဲ့ ပူးကပ်မနေဘူး
ငါ ဘာမှမသိသလို နင်ကိုယ်နင်လည်းဘာမှမသိ
အာရုံတွေမစားနဲ့လေ
နေ့မစေ့လည်း ကလေးမွေးကြတာပဲ။
သစ်ရိပ်ခိုမှ လုံခြုံတဲ့
နင့်အဖို့တော့ ငါစကားလုံး အရိပ်က
မလွတ်မြောက်နိုင်တာ ဝဋ်တခုလို့ ချွဲပြပါအုံးလား
ထိုင်ရာကနေမထလိုက်နဲ့ကဝေပျို
နင့်ဝှက်ဖဲတွေထွက်ကျသွားရင်
နင်သိပ်အထင်ကြီးတဲ့ လူတွေ နင့်ကိုအထင်သေးကြလိမ့်မယ်
ငါ့လက်ထဲက ဂျိုကာက ကံတရားဖက်လှည့်ပြီး ငိုနေတယ်လေ
ဟင်း............
ဆွဲလိုက်တိုင်းအပွင့်ကမပေါ်တပေါ်
ငါ့ပီတိနင်ပြန်စားဦးမယ်
ထွီ..........................
နွားအိုရင်မြက်နုကြိုက်သတဲ့ လား
ကြောင်ခံတွင်း ပျက်တော့ သနပ်ခါးမလိမ်းဘူး
နေ့တစ်ထပ်ညတစ်ထပ်နဲ့တစ်နေ့နှစ်နပ်ပေါင်းစားရင်း
ငါတို့ဦးနှောက်တွေခေတ်မီဖွံ့ဖြိုးတိုးတက်လာပြီ
ငါတို့ရဲ့ နာကျဉ်းစရာများနဲ့ မြင့်တက်လာတဲ့
တံတိုင်းတွေကို မျိုးမအောင်တော့တဲ့ ဥတုအိုပေါ်မှာ
အတိတ်အဖြစ် အဆိပ်တွေကျဲပက်ပြီး ချိတ်ဆွဲထားလိုက်ပြီ
ရောင်းဈေးက အပျက်မရဲ့ ရင်နွေးငွေ့လို
ဖွယ်တယ်တယ် အပြုံးနဲ့
တစ်ခါသုံးတွေနဲ့ လေလံပစ်ထားတယ်
တစ်ခါသုံး တစ်ခါသုံးဆိုပြီး
ငါ့အဘိဓာန် လာလာမလှန်နဲ့
အက္ခရာ သရ လည်းတစ်ခါမှမကွဲပြား
ကံ၊ကတ္တားအနေအထားမမှန်တာကြာပေါ့
ကမ်းနဲ့ဝေးရင်လမ်းဖြတ်ကူးစရာမလိုတော့ဘူးဆိုမှတော့
အဆင်ပြေတဲ့တစ်နေ့ နောက်တစ်ခေါက် ပြန်လာမယ်
သွေးနည်းတဲ့ ရပ်ဝန်းမှာ ခေတ္တခဏ ကျောက်ချရပ်နားရင်း ။ ။



အမည်မဲ့ , nelay





Wednesday, July 7, 2010

ဗဟိုဆုံမှတ် အရှင်များ



ဒီအကြောင်းအရာက စကားလုံး မလောက်ငှမှုနဲ့ အကြောင်းအရာ
အတ္တတစ်စုံတစ်ရာကို မြေမြှုပ်တဲ့အခါ မျိုးစေ့မပါသွားဖို့လိုတယ်။
ငါ့ခန္ဓာကိုယ်မှာရှာတွေ့သမျှဟာ မတည်မြဲခြင်းရဲ့ အူတိုင်များဖြစ်တယ်။
နေဝင်တာကိုနောက်ဆုံးတွေ့ခွင့်ရတဲ့ မျက်မမြင်တစ်ယောက်ဖြောင့်ချက်လဲဖြစ်တယ်။
ငါတို့ရဲ့ကောင်းမှုနဲ့ မကောင်းမှုမှတ်တိုင်များကို သတ်သတ်ရပ်ရပ်ထင်ရှားဖို့လိုတယ်။
ငြိမ်းချမ်းရာကိုရောက်ဖို့အလင်းဖြတ်စီးကြောင်းကိုဖြတ်တဲ့အခါ
လှောင့်ချိုင့်ထဲပြန်ရောက်မသွားဖို့ ကမ္ဘာကိုအပေါက်ဖောက်ပေးရမယ်။
စကြဝဠာဆိုတာလှောင်ချိုင့်တစ်ခုဆိုရင် ဘာမှမရှိခြင်းကို ငါတို့တချိန်ရောက်စေရမယ်။
လိုသလောက်ကိုစားသုံးထားပါ။
များမကြာခင် ခင်ဗျားခရီးရှည်ထွက်ရလိမ့်မည်။
အဆိုးဆုံးအခြေအနေဟာ အကောင်းဆုံးပြင်ဆင်မှုမျိုးပဲ။
မျက်မြင်သက်သေမလိုဘူး နံရံတွေအားလုံးမှာမှန်တွေရှိတယ်။
ကိုယ့်ကိုယ်ရှာဖွေတဲ့အခါ လမ်းတစ်ဝက်မှာ တောခြောက်မခံရစေနဲ့။
အပြုံးတွေကိုလေးစားပါ။ဘယ်သတ္တဝါမှာမှမရှိတဲ့အရာဖြစ်တယ်။
ခဏတာနာကျင်မှုဟာ တောင်တန်းတွေအတွက်ခြေဖဝါးယားယံခြင်းပါပဲ။
သိထားရမယ်။ သိထားရမယ်။ သိထားရမယ်။
ဦးခေါင်းတွေက အလကားထားရင် ဦးနောက်တွေဖြစ်သွားလိမ့်မယ်။
ဖြစ်တည်မှုကိုလက်ခံပါ။ အပြောင်းအလဲကိုလှောင်ရီဖြစ်အောင်လှောင်ရီတတ်ရမယ်။
မှန်တွေကအလကားထားတာမဟုတ်ဘူး။
ထာဝရအမှန်တရားအတွက်ကဗျာ်တပုဒ်ကိုအချိန်တိုင်းစားသုံးနေရမယ်။
စာအုပ်တွေကိုလေးစားပါ။ သင်ခန်းစားကိုလေ့ကျင့်ပါ။
ဘခုံးဟာ တဖြေးဖြေး ၀ မလာဘူးဆိုရင် ငါလည်ကိုဖြတ်သွားကြ။
ဆုံမှတ်တိုင်းမှာ အစက်အပြောက်ထွန်းကားမှု ရာသီတွေရှိတယ်။
ငါ့ရဲ့အရှင်များဟာ မင်းဖြစ်ပြီး မင်းရဲ့အရှင်များဟာ
မင်းကိုယ်တိုင်ဖြစ်တယ်ဆိုတာ ဗဟိုချက်ကိုဖီဆန်သွေလွဲ
အရောင်တွေမဲမဲထလိုက်ပါ။



nelay





သြဂုတ်တစ္ဆေ ~မြသန်းတင့်~



အပြာရောင် ခွေးတစ်ကောင်၏ မျက်လုံးများ

သူမသည် မျက်နှာကို ဘေးတိုက်ဖြစ်အောင် လှည့်လိုက်သည်။
ကြေးနီရောင်မှ အနီရောင်သို့ ပြောင်းနေသည့် သူမ၏ အသားအရည်သည် ရုတ်တရက် ဝမ်းနည်းသည့် အသွင်ကို ဆောင်သွားသည်။


(နိုဘယ်ဆုရ ကိုလံဘီယာစာရေးဆရာ Gabriel Garcia Marquez ၏ Eyes of a blue dog ကိုပြန်ဆိုသည်။) မြသန်းတင့် [ကလျာမဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၁၉၉၆]


..........................
..............................



အမည်မသိသော


သူသည် စားပွဲခုံကို လက်သီးဖြင့် ထုလိုက်ကာ ...
'' ဒီနေ့ကစပြီး သေတဲ့အကြောင်းကို မပြောကြနဲ့၊ ဘဝဟာ ဆက်လက်သွားမြဲသွားနေရမယ်။
လူထုတွေရဲ့ စိတ်ထဲမှာ အားလုံးကောင်းတယ် ဆိုတဲ့ ခံစားချက်ကို ရအောင် လုပ်ပေးရမယ်။
ဒီအတွင်းမှာ ငါတို့အနေနဲ့လည်း စုံစမ်းမှုတွေကို ဆက်လက်လုပ်နေရမယ် ''


(နိုဘယ်ဆုရ အီဂျစ်အမျိုးသား စာရေးဆရာ Naguib Manfouz ၏ By a Person Unknown ကိုပြန်ဆိုသည်။) မြသန်းတင့် (ကလျာ၊ ဇန်နဝါရီ၊ ၁၉၉၈။)


.......................... .....


ပြန်လည်ဝေမျှပေးတဲ့ ကိုနေဦး ကို ကျေးဇူးအထူး .... ။



download link:
http://sharebee.com/22e88b7c





Thursday, July 1, 2010

ဟင်လင်းပြင် အရွေ့ပြောင်းခြင်း မူလ

တိမ်ပေါ်ပစ်တင်လိုက်တဲ့ မျှော်လင့်ချက်တွေ ပေါ့


အခန်းဆက် ရုန်းထွက်လာတဲ့ ပင်လယ်ကမ်းစပ်မှာ
ငါ့ကိုငါ မြင်လိုက် ဝါးလိုက် ဒီလိုနဲ့
နောက်တော့
အနီရေ ..
ကျနော့ လက်တစ်ဖက် ရေစုံမြုပ်နေတုန်းပဲ


ရေစက်တွေပဲပြန်ကျလာတာ
ဗလာကျင်းတဲ့ မလုံခြုံမှုနဲ့
တိမ်နံရံတွေက ဟားတိုက်ရယ်တယ်


ဘုရားလည်း မဖူးဘူး လိပ်ဥလည်း မတူးဘူး
ဒါလည်းဘဲ ညည ဆို
ကျွန်တော် လေသိပ်ငတ်တယ် ....


ဒီလထဲက တစ်ရက်ရက်
ငါ့နေ့စွဲအဟောင်းရော အသစ်ရော
ဖိနပ်ချွတ်ပြီး သစ်ရွက်နောက်က အသံတွေကိုစောင့်နေတယ်


နောက်ထပ် ... နောက် တစ်ခါ ထပ် ပြီး ...
အနှီရေ ... ဒီည နောက် တစ်ည ...
ညတွေ ညတွေ ပြီးရင် ..
စကားလုံး ပျောက်လို့ စကားလုံးနဲ့ ကောက်
ဒီခရီး ရောက်ပါ့မလား ..


ပြီဆုံးခြင်းကို မပြီးဆုံးသေးတဲ့အကြောင်း
ဗလာအပွင့်တွေထဲ လိပ်ပြာထွက်ခွင့်နဲ့
အသက်အရှည်ကြီး ... မက်ခွင့်ပေးထားတယ်


ရေသောက်မြစ်ပေါ်
နောက်တစ်ခေါက် ရောက်သည်အထိ ..
ကျွန်တော်တို့ လမ်းထူထူဖောက်ကြမယ် ...



-နေနှင်းစက်- nelay