Pages

Sunday, August 23, 2009

လေ ပုံပြင်



ဒါဟာ လေတွေ မြောက်နေတဲ့ တောင်ကုန်း
အပြုံးတွေ ပြောင်းပြောင်းသွားလို့
သူငယ်ချင်းတွေ ရှိတဲ့ နေရာမှာ
ငိုသံတွေ လှောင်လှောင်ထားတဲ့ ကျောင်းကို
အလံဖြူတွေ လွှင့်လွှင့်ပြီး
မနက်တိုင်း မတ်တပ်ရပ်နေရတဲ့ သစ်ပင်တွေပါ ။


ရှု့ခင်းကို မသိစိတ်ထဲမှာ မှတ်သားပြီး ...
လက်မှတ်ထိုးထိုးထားတဲ့ စာအုပ်များနဲ့ ….
ငါတို့ဟာ အဝေးကို သွားသွားနေကြတဲ့ ငှက်တွေပါ … ။


ကမ်းနဖူး က လေပြောင်းပြန်တွေ တိုက်လာရင် …
မင်း အမေချက်ကြွေးတဲ့ အားလူးထမင်းကို …
သဲမြေပေါ်မှာ ချခင်းလို့
ဝမ်းတွေပူအောင် လှောင်လိုက်ကြမယ် … ။


စိတ်ဟာ ပုံရိပ်တချို့ကို ချန်လှပ်ထားလို့
မျက်လုံးထဲမှာ သစ်ရွက်တွေပဲ ကြွေကြွေနေရတယ် …


အဝေး တစ်နေရာဆီက
မိုးတွေ များ ရွာ ရွာလာခဲ့ရင် ….
ငါတို့ လက်ထဲက ထီးတွေပိတ်လို့ ….
စွန်လွှတ်ခဲ့တဲ့ ကွင်းဆီ
ပြေးလိုက် ….
လေလိုက်
လိုက်လေ
ပြေးလေ …
လေပြေ တွေ မောတဲ့အထိ ပြေးကြမယ် … ။


ကဆင့်ကလျား ဟာ ကိုယ်ပေါ်က ပြုတ်ကျ
ခြေလှမ်းတွေ မြှုပ်သွားခဲ့ရင် ….
ပုံပြင်ကို ခေါ်လို့ …
ငါတို့ အိပ်ယာ ဝင်တိုင်း သီဆိုကြမယ် … ။


ဒါဟာ ရေတွေ ပေါက်နေတဲ့ ဖန်လုံး
မျက်လုံးထဲက အရောင်တွေ ပြောင်းပြောင်းသွားတိုင်း
ချစ်သူတွေ ရှိတဲ့ နေရာမှာ
အလွမ်းတွေ လှောင်လှောင်ထားတဲ့ ကျောင်းကို
အလံဖြူတွေ လွှင့်လွှင့်ပြီး
ညနေတိုင်း မတ်တပ်ရပ်နေရတဲ့ မြက်ပင်တွေပါ ။



nelay