Pages

Friday, July 31, 2009

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး


andrej troha



အနောက် ရေတွေက အဝေးကိုစီးကြ
အရှေ့ လေတွေက အနီးကိုတိုက်ကြ
အစီအစဉ် မဆွဲခင် လက်ဖျံသွေးကြောပေါ်က ငှက်ဟာ
အညိုရောင် ဆံနွယ်တွေအောက်က
တောအုပ်ထဲမှာ သွေးဆာနေရတယ်


ကြောက်လန့်ခြင်းရဲ့ မဟူရာ ဓါးသွားပေါ်က
ငှက်မကလေးရေ ………
ခွဲခွာခြင်းရဲ့ ဝတ်ရုံတော်မှာ အနီရောင်ကျိန်စာ တစ်ပိုင်းက
လွှင့်ကျလာတဲ့ မျက်ရည်တိုင်းကို ဖန်ပုလင်းထဲ ပြုစုပျိုးထားတယ်


ယားယံခြင်းရဲ့ အတတ်ပညာဟာ
အလွမ်းလို့ခေါ်တဲ့ အိမ်ရှေ့ခန်းက
မသေဆုံးတဲ့ မင်းရဲ့ အသံအပိုင်းအစတွေပါပဲ


ပန်း အက်ကြောင်းကို တူးဖေါ်မိတဲ့
အဆိပ်သင့် ဝိဉာဉ်အတွက်တော့
အင်္ဂါမစုံတဲ့ ဒုက္ခိတသက်တန့် ရှု့ခင်းကြီးပဲပေါ့ …


အိမ်ဆိုတဲ့ ရပ်ဝန်းမှာ ပြိုကျမိတဲ့
ငါ့လက်မောင်းထဲက မြစ်တစ်စင်းဟာ
ငါးတွေကိုသယ်လာတဲ့ အသူရာ ကျောရိုးကြီးဖြစ်တယ်


မျက်တောင်ခတ်တိုင်း ကစားဖူးတဲ့
သူရူးအလင်္ကာ တဖျပ်ဖျပ်ကို
အမှောင်စာကြည့်စားပွဲပေါ်မှာ ဖယောင်းစက်ချရက်တယ်နော်


အဖြေက အမေးကို ပြန်သတ်လိုက်တဲ့ ဒါး
အတိတ်ကိုကျဲပက်လိုက်တဲ့ မျှားတွေက
အကြောင်းမကြားပဲ ငါ့ကိုလာစိုက်ဖူးတယ်


ကဲ
ပန်းကို ကိုးကွယ်သူ လူရွှင်တော်က
သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း
သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်


မြက်ပျိုတို့ရေ …
ငါ့ကိုမကြည့်ကြပါနဲ့ တရားလောင်ထားတဲ့အနာမှာ
ဖြေစရာ မရှိတဲ့ ကံတရားကိုကြိုးဆွဲချ
ငါ ခု ရပ်နေတဲ့ ကမ္ဘာအိုကြီး ပြိုလဲကျသွားတယ်


သက်ရှိထင်ရှားရှိစဉ်က ရင်ခုန်သံအစစ်တွေပါ
အခုအမှ အတုဖြစ်သွားတဲ့
မဟာမြိုင်က မြရာပင်အိုကြီးအောက်မှာ
ဆေးရုံမတင်လိုက်တဲ့ ဝိဉာဉ်ကောင်
မိုးမသောက်ခင် လှဲကျင်းခံလိုက်ရတယ်


သိပ်ကြောက်နေလား ငှက်ကလေးရေ …….
ပျော်ရွှင်ခြင်းဆိုတာ နတ်ဘုရားလည်တိုင်က
သွေးရောင်သန်းနေတဲ့ ပိုးမွှားကလေးပါပဲ


အညတရ ပိုးကောင်နီ ရဲ့
လက်တွေ့မဆန်းလွန်းတဲ့ အိပ်မက်ကို
ပညာတတ်လူကြီးလူကောင်းတွေရဲ့
ရွှေရောင်ပကာသနလက်ဆောင်တွေကြား
ငါလက်ဖွဲ့ခဲ့ပါရစေ ……


ငါ့အမည်နာမကို မီးရှို့လိုက်တော့ ဘဲကလေးရေ
ဘဝဆက်တိုင်း မီးရှို့လိုက်တော့
သံသရာဆက်တိုင်း မီးရှို့လိုက်တော့


သစ်ရိပ်ပင်ကို နောက်ပစ်လှဲချလိုက်ယုံ
ငါတို့တွေ ဒါးဆွဲနှုတ်လို့
သွေးတွေ ခမ်းလိုက်ကြမယ်


ဘာမဟုတ်တဲ့ အနီရောင်လိပ်ပြာတစ်ကောင်ရဲ့
ဝလုံး ဥတွေကြား
ကြယ်ကြွေသတို့သမီးရဲ့ လက်ညိုးကလေးနဲ့
ကမ္ဘာခြား … ခြား ….ခြား….ခဲ့ပါပြီ …. ။



nelay







ivan stan





Monday, July 27, 2009

မီတာမော်ဖိုးစ် (metamorphose)



အမဲ အဖြူ အများ အနဲ
ဖြူမဲ မဲဖြူ နဲများ များနဲ
ဈေးမများ ပုဒ်မပါးပါး
မြက်တောဝေယံ ရေဝပ်ကျင်း
အပြေးများ တုန်တုန်ခါ
ဖမ်းမရ ပိတုန်း စက္ကန့်များ
ခုန်ချ
ခုန်ချ
ခုန်ချ
ထိုင်မရ ညနေဆည်းဆာ
ကမ်းနဖူး မိုးလှ မာယာဖွဖွ
များများနဲနဲ ဖြူဖြူမဲမဲ
ဟင်းလင်းပြင် အရေခြုံလမ်း
ငါးပွင့်မြောက် ဂျိုကာကြမ်းကြမ်း
ပွင့်ဖူး
ပွင့်ဖူး
ပွင့်ဖူး
ပင့်ကူ အိမ် ပင့်ကူ
ပုရွတ်ဆိတ် ကောင်းကင်တမန်
စာမလာသတင်းမကြား
လက်သည်းခွံ အတွင်းသား ကျီးရိပ်ဝါဝါ
ဆုံးမစကား ဒိတ်လွန်သွား သွားလွန်း ဒိတ်
လက်အုပ်ချီ အဆိပ်ခပ်ကြွားကြွား
သုည
သုည
သုည
အနံ့များ များများနံ အနံ့များများ
အိပ်မက် ဖြူဖြူမဲမဲ အိပ်မက်
စနေနေ့ ပုရွတ်ဆိတ်တက် ကော်ဖီအေးစက်စက်
ပြက္ခဒိန် မီတာမော်ဖိုးစ် ရွက်ကြွေရွက်
မျက်ဝန်း အထက် မျက်ခွံလျှော့ကျ
မိနစ်များစွာ
နာရီများစွာ
နှစ်များစွာ
စက္ကန့်များစွာ
ချိုမြိန်သော
ပြောင်းလဲခြင်းများစွာ



သွေးရိပ်နီ
(nelay)







ivan stan



Friday, July 24, 2009

အပြောအဆိုများ ဆိုင်းဘုတ်



ငါပဲ ငရမကန်းဖြစ်လိုက် အံ့ကျော်ဖြစ်လိုက် ယုန်ဆိုးဖြစ်လိုက်နဲ့
ထမင်းဆီဆမ်းရွှေလင်ဗန်းလည်းဒေါသတကြီးထထရီတယ်
ဟားဟားဟား လို့တော့မမြည်ဘူး


သူ့ဟာသူနေတဲ့လောကကြီး
အထင်သေးမှာစိုးလို့တဲ့
အားလုံးရှင်းပစ်လိုက်မယ်ဆိုပြန်တော့လည်း


နေဖို့ထိုင်ဖို့ ဂွ ကျပြန်ရော
လူပီသလာလေ အသက်ရှုဖို့ဝန်လေးလာလေပဲ
လေသဘာဝကို ရင်ထဲရှိုက်တတ်လာတော့
ဝိဉာဉ်က အနားမကပ်တော့ဘူးပေါ့


ဟာသပဲနော်
တစ်ကိုယ်တော်မှောက်မှားကြတာတဲ့
မန်မိုရီတွေတစ်ဆောင်းပြီးတစ်ဆောင်းသစ်ကုန်ပြီ


မနေ့ကဖုံးဆက်တဲ့အချိန်မှာ
နင့်အသံက လေလှိုင်းထဲ ပါမလာဘူး


အရိုင်းဆန်လိုက်ပုံများ
လူကြီးမင်းဆိုတဲ့ ငနာကြီးက ထထအော်တယ်


ဟားဟားဟား


သစ်ပင်ကို ဓါတ်ကြိုးသွယ်ပြီ
ငါတို့သံယောဇဉ်တွေ လှိုင်းလတ်မီတာ
ဘယ်လောက် ဘယ်လောက်နဲ့ ဝေးးး ခဲ့ ....


ငါဖုန်းမဆက်ရဲဘူး ...
အသံလှိုင်းကလေးပျော်နေရင် ...
ဖုန်းကြိုးတွေတုန်ရီငိုရှမှာစိုးလို့


မတူညီတဲ့ညီမျှခြင်းက အဆင့်တွေ တစ်ဆင့်ပြီး တစ်ဆင့်တက်
ဒီလိုနဲ့လှလှပပကြီးလမ်းခွဲကြလေသတည်းပေါ့


တစ်ကယ်တော့ အသုံးမကျဘူးဆိုတာ
ကန့်လန့်ဖြတ်ဆွဲချလိုက်တဲ့ ဖြတ်မျဉ်းနှစ်ကြောင်းလား


ဖယောင်းစက်တောင် အချမခံဘူး
အရေပြားတွေကအစ အမြစ်တွယ်ထားလို့


လမ်းဆုံလမ်းဂွမှာ အလင်းပြောက်အောင်
မုန်တိုင်းတွေနဲ့ ဝင်ဝင်ဆောင့်တယ်


ရင်ဘတ်ကိုဖြေဖြေပျိုးဆက်ပါ
ခံစားချက်ဆိုတာ ရခဲတဲ့ အနာ စုဗူးလေး


ဒီဝါကျတစ်ကြောင်းကိုပဲဒုက္ခနဲ့လွယ်ပြီး
အဓိပ္ပာယ်ရှိရှိမွေးဖွားကြမယ်


ဘာမှလည်းမတွေးနဲ့ဘာမှလည်းမစဉ်းစားနဲ့
တစ်ခါတစ်ခါ
ပစ်မှတ်ဆိုတာလားရာနဲ့
ဆန့်ကျင်ဘက်သွားတတ်တယ်


ငါ့ကိုယ့်ငါထွေးပိုက် ငါငေးနေလိုက်တယ်
ငါထွက်သွားတဲ့ ရည်ရွယ်ရာ
ငါ့မျက်နှာမူရာမှာ ငါ့ကျောတွေ သေး သေး ... သေး .. သေ .. ။
တဖြည်းဖြည်းနဲ့ ငါတို့နှစ်ယောက်လည်း ဝေး.....ဝေး ....ဝေး........ဝေ ။


အပျော်တစ်ခြမ်း စိတ်ညစ်မှုတစ်ဝက်က
ငါ့ကိုယ်ပေါ် တစ်က္ကန့်ခြားတစ်ကြိမ်ပြုတ်ကျ


လက်သီးကို ကျစ်နိုင်သထက်ကျစ်ကျစ်လေးစုပြီး
ရှေးဟောင်းနှောင်းဖြစ်အကြောင်း
သတိပေးဆိုင်ဘုတ် ထောင်မယ်**
လေသံမထွက်ပဲ မိုးဘယ်နှစ်ခါလင်းခဲ့ရ ... ။



အမည်မဲ့ , nelay