ငါကတော့
လူမသိတဲ့ကြမ်းပြင်မှာ
ကုတ်ဖဲ့တက်လာတဲ့
နတ်သားတပါးလို့
ခံယူထားတာပဲ
ငါကို မြင်ကြတော့
လူမရှိတဲ့ဥယျာဉ်မှာ
ကုတ်ဖဲ့စားနေတဲ့
လူမဝါးတဲ့ အသီးအဖြစ်
သူတို့ခံယူကြပြန်တယ်
ငါကိုက လှနေခဲ့တာ
စကားလုံးတွေနဲ့တွဲပြီး
လျှောက်နေရင်း
သုံးရာသီဓါတ်တိုင်ပေါ်က
ကျီးကိုမျက်စောင်းထိုးမိရာက
ငါ့ကိုလိုက်ဆိတ်လိုက်တာလွန်ရော
ငါကိုက မှန်တွေရောင်းနေမိတာ
ဒါမှမဟုတ်
လူတိုင်းကိုမှန်ကြည့်စေချင်တာ
သူတို့က ငါ့ကိုပြဒါးအထင်နဲ့
လာလာညှိကြတော့
ငါက မသိမသာပြုံးမိတာပါ
နှင်းတွေကိုရွှဲရော . . .
ငါကတော့
သမုဒယသစ္စာကို
လည်မှာဆွဲပြီး ရေထဲခုန်ချခဲ့တာပဲ
မုသားစကားတွေ အမြှုပ်ထပြီး
စီးပွားဖြစ်ဆိုတဲ့ အကြောင်းအရာတွေ
မိုးမှောင်ခဲ့တာလဲ ငါမမြင်
ငါ့သခင်က တက်တချက်ခေါက်တယ်
မင်းမှာခြေတွေလက်တွေပြောက်နေသတဲ့
ငါကတော့
ကြောင်တွေလိုလိပ်တွေလို
ထီလက်မှတ်လိုနှင်းဆီပန်းလို
ကြယ်ကလေးတွေလိုသစ်ပင်လို
ထင်တာပဲ . . .
ငါ့ကိုလူတွေကမျက်နှာဖုံးလှလှလေး
ချုပ်မပေးဖြစ်ခဲ့ဘူး
ဒါပေမဲ့ ငါလူတွေကို
မျက်နှာဖုံးလှလှလေး
ချုပ်ပေးချင်သားလား
ငါကိုက အလှကြိုက်နေခဲ့တာ
အော် ... နှလုံးသားတခု
အမေကတိုက်ခဲ့တယ်
ရင်ထဲက ကလီစာတွေ
အကောင် မကိုက်အောင်တဲ့
လုံးပါးပါးလာတဲ့
ဒီနှလုံးသားလဲ
အငွေ့ပျံလွယ်တဲ့ရာသီထဲ . . .
အမေ နောက်တခုလောက်
ထပ်တိုက်ပါအုံးလား . . .
(အမေကလက်ခါပြတယ်)
ငါ့မှာဘဲလေးတကောင်ရှိတယ်
ငါ့ဘဲလေးကအဟောင်းကလေး
သူ့ဟာသူကူးနေ၊ခတ်နေတာနဲ့
ငါ့ကိုမကြည့်အားဘူး
ငါက အထီးမဟုတ်လား
ငါ့မိုးတိမ်မှာ အပ်ခြည်နဲ့မိုးစက်တွေ
သီတွဲထားတယ် တိုလို့တွဲလောင်းနဲ့
ဦးခေါင်းရှည်တဲ့လူတော့
ဝင်တိုက်မိမှာပဲ
ဒါမှမဟုတ်
လည်ပင်းနဲ့ငြိလိမ့်မယ်
ငါ့ကို သံသယထီးနဲ့ဆောင်းပြီ
ကာကွယ်နိုင်ပါတယ်
ငါကတော့ ပကတိ
တို့လို့တွဲလောင်းပဲ
ငါကမဟောင်းတဲ့ ညကို
လမင်းကြယ်သီး ချုပ်နေတာလေ
ငါလားအမြဲပြုံးနေတတ်တယ်
စိတ်ပါပါမပါပါ
ငါပြုံးနေတတ်ပါတယ်
ငါကိုက စပ်ဖြီးဖြီးကောင်ကို
ငါ့ကို ကတုံးလို့ခေါ်ကြတယ်
ငါ့ခေါင်းကဆံပင်ကို
သူတို့မြင်ပုံမပေါ်ဘူး
ငါကိုက ခပ်တုံးတုံးကိုး
ငါကတော့ လေယာဉ်ပျံကိုမုန်းတယ်
ဘာလို့ဆို ငါသိပ်ပျံချင်ခဲ့တာလေ
ဒီကောင်တွေကငါ့ထက်ဦးသွားလို့
ငါလေယာဉ်သံကိုမကြားချင်ဘူး
နောက်ပြီး
လေတွေတင်လာတဲ့ယာဉ်ကြီးမို့ . . .
ငါ့မှာတိတ်ဆိတ်တဲ့ညတွေရှိခဲ့ဖူးတယ်
ဆူညံတဲ့အလှတွေလဲရှိခဲ့ဖူးတယ်
လူမမှန်တဲ့နေ့တွေလဲရှိခဲ့ဖူးတယ်
ဒါမို့ငါဟာလူဖြစ်ဖို့များတယ်
ငါ့အနီရောင်နဲ့အစိမ်းရောင်
ကြားတရောင်ပြောက်နေတဲ့အခါ
မြို့လယ်ခေါင်လမ်းမှာ
အတိုက်အခိုက်တွေများခဲ့တယ်
ငါ့မှာ မိုးအမြဲအုံ့နေတဲ့ ရာသီဥတုရယ်
နှုတ်ခမ်းဝါဝါနဲ့ဘဲကလေးရယ်
ရေမချိုးရသေးတဲ့မုသားစကားတွေရယ်
စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ်
ငါသယ်ပြီးတက်လာခဲ့တယ်
ငါ့အတွက်ပေးတဲ့လက်ဆောင်မှာ
ရုပ်ရှင်တကားပါတယ်
အသည်းကွဲဇာတ်လမ်းဆိုပါတော့
ဒါပေမဲ့ငါမကြည့်ဖြစ်ခဲ့ဘူး
ငါတမြတ်တနှိုးသိမ်းထားခဲ့လို့လေ
ငါကညတိုင်းကြယ်လေးတွေကိုဦး ချတယ်
ပြီးတော့မနက်တိုင်းမျှော်လင့်ခြင်းကိုစားသုံးတယ်
ညရောက်တော့မျှော်လင့်ခြင်းက
ငါ့ကိုစားသုံးတယ်
ငါ့ကိုမြက်ပင်တွေကပြောတယ်
ရေမှန်မှန်လောင်းပါတဲ့
မိုးခေါင်တဲ့ငါ့ကောင်းကင်က
မိုးစက်တွေကိုငါကတ်ကြေးနဲ့
ဖြတ်ချပေးခဲ့တယ်
မြက်ပင်တွေပေါ်ကို
ငါဟာဘာလိုလိုနဲ့
ကျူပင်တွေယိမ်းတဲ့ကမ်းခြေထဲ
တရွေ့ရွေ့တိုးဝင်လာရင်း
ချောင်းငယ်ထဲက
ဒိုက်လုံးလုံးဖြစ်ခဲ့ပြန်တယ်
ငါ့မှာအိပ်စက်ခြင်းဂီတ
စီးဆင်းရာ တိမ်ရနံ့တွေမွှေးလို့
လွမ်းစွတ်ခြင်းကို
လှောင်အိမ်ထဲထည့်
အိပ်ရာဝင်တေးအဖြစ်နားထောင်ခဲ့တယ်
ငါက''သပ်ပုန်''မမှန်တဲ့လူ
အချိုးချ အကြည့်ထဲကလွတ်မြောက်
တကယ်တော့
ငါက ကမ်းနဖူးအောက်က မိုးတိမ်
ငါ့ကိုဘယ်သူမှမသိကြဘူး
လူဆိုတာမွေးကတည်းက
အသိအကျွမ်းတွေမှမဟုတ်ပဲ
သေဆုံးတော့ရောသိစရာမလိုဘူး
ငါပျော်ရွှင်ခြင်းအပေါ်
သံသယရှိခဲ့တယ်
မျက်လုံးတွေမမြင်ရဘူး
တကယ်တော့
ငါ့မျက်လုံးတွေကို
သူတို့မမြင်ကြဘူး
ငါ့ကိုယ်ပေါ်မှာ ၂၅ထစ်ကလွဲလို့
အခုလောလောဆယ်
မျက်နှာကျက်ရှိသေးတယ်
အာခေါင်ထဲကနေ ရင်ထဲ
လက်နဲ့နှိုက်လိုက်ရင်
၂၅ ဂဏာန်းနောက်ပိုင်းတွေတော့
အစီအရီထွက်လာမယ်မထင်ဘူး
ထောင်းခနဲ့ . . .
မနေ့တနေ့က
အောက်သိုးသိုး မုသားတွေ
ရေမချိုးပဲ ထွက်လာလိမ့်မယ်
ခင်ဗျားတို့ရော ဘာနံ့ရလဲ . . . ။
nelay