Pages

Sunday, November 23, 2008

လူရှင် ကမ္ဘာကြား လူသေ






ကမ္ဘာကြီးပေါ်ကို ဖိတ်စာ မပါပဲ ငါတို့ရောက်လာပြီးမှ
ငါတို့ အချင်းချင်း စားသုံးနေရတဲ့ ဧည်ခံပွဲတစ်ခုမှာ
ဘယ်သူ့ ဧည်ခံပွဲလဲ မသိရှိရပါပဲနဲ့
ငါတို့ အချင်းချင်း အမုန်းပွားလိုက်ကြတယ်
သိပ်ကိုလှပတဲ့ အခန်းအနားပါပဲ ယုန်ငယ် …..


ဟောဟို ဝေးဝေးကိုကြည့်လိုက်တိုင်း
အရိုင်းအစိုင်းတွေ မွေးဖွားကြီးပြင်း
လူ့နိုင်ငံအိုကြီး ပျက်စီးပါစေကြောင်း
အရိုးနန်းဆောင်ထက်က ခန်းနားရှင်းလင်းခြင်းနဲ့
အမိုက်မှောင်ခန်းမှာ သားသတ်ပွဲတွေ ကျင်းကျင်းပပ …


အရေတွန့်နေတဲ့ လက်အိုထဲက
စစ်ပွဲတွေခင်းနေတဲ့ ဦးနှောက်အိုကြီးတစ်ခုကို
ကလေးတွေက မုတ်သုန်မိုးနဲ့ ချိုးချိုးနေခဲ့တဲ့ ရာဇဝင်တွေ …. အ ….


ဘယ်ဆီမှာလဲ ငွေရောင် အနားသတ်နဲ့
အသွားထက်ထက် မိန့်ခွန်းတော်တွေ


လစ်လျှူရှုခြင်း အတတ်ကို တတ်မြောက်ခဲ့ပြီနောက်
သားသမီးတွေ ပြောက်ခဲ့ပါပြီ အဖေ …..


ဘယ်တုန်းကမှ မ တ ခဲ့ဘူးတဲ့ ရတနာသုံးပါးမို့
လူတွေဖွားဖွားနေတဲ့ အရပ်မှာ ပြိတ္တာတွေကြီး မြင်မြင်နေရတယ်


ဘာစကားကိုစစ်ထုတ် မန်းမှုတ် ဈာန်လျှော
လူအိုကြီးတွေ လစ်လျှူရှုထားလို့
လူမိုက်သွားတဲ့ ကလေးငယ် ကလေးတွေ
ပြန်ပြန် သတ်လို့ သေသွားတဲ့ လူအိုကြီးတွေ


ပရိုမီးသီရပ် လက်ထဲက မီးဒုတ်ကိုဆွဲလုမိမှတော့
ရန်ကုန်မြို့ နေပြည်တော်ရုံမှာ အပြာကားပြသလိုဖြစ်နေမှာပေါ့


ငါ့ကမ္ဘာပေါ်မှာ ငါ့ကိုယ်ငါ လှမ်းခေါ်လို့
ပြန်မထူးနိုင်တော့ပါဘူး


လူကိုလူတွေပြန်ပြန်လုယက်
စိတ်ကို စိတ်တွေပြန်ပြန်လုယက်
လူကိုလူတွေပြန်ပြန်စားသုံး
စိတ်ကို စိတ်တွေပြန်ပြန်စားသုံး


မရှင်နိုင်


မကြားနိုင်


မသေနိုင်



nelay






 





Sunday, November 16, 2008

ပုံပြင်ပေါ်မှာ ဇီဇဝါ





ဒီလိုပုံစံနဲ့တော့
ငါ့အလွန်က
ဖိတ်စာတွေအား ကြည်လင်အေးမြ
အရောင်ချွတ်ထားတဲ့ နံနက်ခင်းအလှနဲ့
မလွတ်လပ်ချင်ဘူး


လက်သည်းခွံပေါ်က
ခရုကမာနဲ့ ပွတ်သတ်ရယ်မော
နှောင်ကမ္ဘာမအိုခင် အခါက
ခြေရင်းမှာ ဝတ်ဆင်းသွားမဲ့
အလုံပိတ် နံရံတွေ


ငါ့လမ်းကလေး အော်နေတုန်းကများ
ရင်ဘတ်ပေါ်တင်ထားတဲ့ လက်ကိုဖြုတ်ပြီး
အဆံမပါတဲ့ အံစာတုံးတွေ ပစ်ကြဲအုံးမယ်


ဘာတွေပဲဖြစ်ဖြစ်လို့ ဘယ်လောက်ဝေးဝေး
အရိပ်တွေ မမြင်နိုင်တဲ့ အရပ်ကနေ
လက်ကမ်းထားတဲ့ ရိုးပြတ်တောကို
မေလ အပေါ်က ကြယ်ခက်တွေဆွဲလို့
ငါ့စိတ်ကို အလျားလိုက် မီးညှိလိုက်ပြီ ဇီဇဝါ


တံခါးပေါက်တွေမှာ သော့တွေငတ်နေလို့များ
နားရွက်နှစ်ဖက်အရှေ့က
အာရုံကြောတွေ စွန့်အ နေကြသလား
ကျွဲပခုံးထနေတဲ့ ငါ့ဗဟို ကျောလယ်ထဲက
ဒေါင်းလိုက်စီးနေတဲ့မြစ်
အသက်ရှင်ခြင်း အထူးပြုတွေနဲ့ ဘာကိုများသွေးလို့
ဓါး လုပ်ချင်နေကြသလဲ


ကိုယ်ဝတ်ရုံကို ည တွေနဲ့ တသားထဲကျအောင်
စကားလုံးတွေကြီး ခါးခါးချနေရတဲ့ ငှက်မဟုတ်လား


လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ
ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား


ထာဝရဆိုတဲ့ ငါတို့ စာအုပ်ထဲက
ငါမဟုတ်တဲ့ အကြောင်းအရာတွေ
ငါ့အကြောင်းများ ထထပြောနေကြသလား
ဆေးထိုးအပ်ထဲမှာ ထားခဲ့ပါပြီ


နောင်လာမဲ့ ဇီဇဝါပန်းအိုပင်ကြီး နဘေးက
ဆေးသောက်ချိန်မေ့နေတဲ့ နာရီအသေကြီးလဲ
ကိုယ့်ကိုယ် အစိမ်းဝါးနေရတာနဲ့
သွားတွေ မပေါက်နိုင်တော့ဘူး


မုတ်သုန်နောက်က ပုံပြင်တစ်ပုဒ်
ထိုင်ခုန်ပေါ်က ထလာတဲ့ ကျောက်သေရုပ်တွေနဲ့
ဇီဇဝါ ပန်းခင်းကြီးကို စကားလုံးတွေသင်ကြား
ပုံရိပ်ယောင်တွေရဲ့ အလှမွေးငါးတွေ


အပေါ်နှုတ်ခမ်းမှာ ပေကျံနေတဲ့
အတိတ်လက်ကောက်ဝတ်က သွေးတစ်စ ကို
အံဆွဲထဲက လျှာတွေထုတ်ပြီး
အရသာခံလိုတဲ့ မိုးသောက်ယံရဲ့ နတ်ဆိုးတွေ



nelay












Thursday, November 13, 2008

ငါ ကော်ပီ ငါ ပေ့စ်



ကွန်ပြူတာ ထဲ မှာ 
ငါ က ကွန်ထရိုး စီ 
Ctrl+C (copy) ကို 
နှိပ် လိုက်တယ်

ကွန်ပြူတာ ရှေ့ က 
ငါ က ထလာတော့ 
ကွန်ထရိုး စီ Ctrl+C (copy) ကြီးက
ငါ့ လက်ထဲ 
အလိုလို ပါလာရော

ငါလဲ ဘယ်နေရာ မှာ 
ကွန်ထရိုး ဗီ Ctrl+V (paste) ချရမလဲ 
လိုက်ရှာ နေရော

ဒီလိုနဲ့ 
ကွန်ထရိုး စီ 
Ctrl+C (copy) ကြီးကိုင်ပြီး 
ငါလျှောက်သွား နေရင်း
ကွန်ပြူတာနား 
ငါပြန်ရောက်လာတယ်

ဒါနဲ့ ငါလဲ ကွန်ပြူတာ ထဲ 
ကွန်ထရိုး ဗီ 
Ctrl+V (paste) ကြီး 
ချ လိုက်တော့ တာပါပဲ



nelay















Monday, November 10, 2008

မီးခိုး လိပ်ပြာ







ဟေ့ အနက်ရောင် တို့ရဲ့သခင်မ ...
နင့်ခြေလှမ်းတွေ ပြတ်ကြောင်း
အရိပ်တွေခြွေပြီး
ဆုတောင်းလို့ လျှောက်


ဝိဉာဉ်တွေ သောက်မဲ့ ကြိုးတစ်ချောင်းနဲ့
တနင်္ဂနွေနေ့ နေ့လည် ၂နာရီ ၉စက္ကန့် အလွန်မှာ
ကျုပ်စနေကောင်ရဲ့
အနက်ရောင်လမ်းတွေထဲ လိပ်ပြာတွေ
အော်ဟစ်သောင်းကြမ်းနေတယ်


ဟောင်းနွမ်းဆုံး ဂူအိုကို
အနက်ရောင် နှင်းဆီတို့နဲ့ ဖူးမျှော်ဦးခိုက်


ရုပ်ခန္ဓာ အနီသဏ္ဍာန်နဲ့
နှလုံးသားထဲက အမှောင်ဆုံးဟန်ကို ကျုပ်ပိုင်စိုးလို့
နထင်သွေးကြောနားက သွေးအိပ်မက်အကြောင်း
ကျုပ်ကောင်းကောင်းကြားနာလိုက်ပါရဲ့


အခြေမထူးတဲ့ ရာသီဦးတစ်ခုကုန်လွန်သွားခဲ့ရင်
ကြက်ခြေခတ်တွေ နှိပ်ပြီး ကျုပ်အနီရောင်ကို ခိုးယူခြေမွ
အမှောင်ပျို နတ်ဘုရားမက
ကျပ်မပြည့်တဲ့ စစ်သူကြီးကို စီးလို့
အငှားမယားနဲ့ ပုဝါပါးပါးမှာ ကျုပ်အနီရောင်နဲ့ ဝင်းပပျိုမြစ်
မေတ္တာတော်တွေပို့ယူခြစ်ထုတ်လို့ သွေးပုတ်တွေနဲ့
အဆိပ်ထုတ်ခဲ့ပါတယ်


အိပ်မက်တွေ ပြောက်ဆုံးကုန်လို့
နောက်ဆုံးဆိုတဲ့ 
NOvEmBer အနက်ရောင် ပန်းဘုရင်မကလေးနဲ့
ကျုပ်ခူးယူလို့ သတ်ခဲ့ပါတယ်


ပိတ်လှောင်ထားတဲ့ လူနာ အခန်းအိုကြီးရဲ့ဘေး
ရမ္မက်ဆန္ဒတွေနဲ့ အနက်ရောင်သစ္စာကိုဖေါက်ခဲ့ဖူးပြီမဟုတ်လား


၄နာရီစကားတွေနဲ့ ခြံတံခါးဝက ကလေးတစ်ယောက်ကို
သခင်ရွှေမိက ဘာပန်းတွေနဲ့များ ပစ်ပေါက်လိုက်ပါသလဲ
ကျုပ်မြင်နေသမျှ နှလုံးသားထဲက နံရံတွေအလွန်မှာ
ချိတ်ဆွဲထားတဲ့ သူငယ်တော်တွေ အမှောင်စီးချက်နဲ့
က ကွက်တွေ ပျက်ယွင်းလို့ ၉ကြိုးကို တင်းခဲ့ပါတယ်


စန္ဒရားသံတွေကြောက်လို့ စန္ဒရားအောက်ဝင်ပုန်း
ပျော်ရွှင်ခြင်းတွေ ပစ်ကြွေးနေရအုံးမဲ့ နရီ
မျက်ရည်တွေ တည်ခင်းထားတဲ့ ပွဲတော်အမှီမှာ
သခင်မပြန်လာခဲ့ရင် အနက်ရောင်တွေကိုသတ်လို့
ဆိပ်ဖလူးပန်းတွေနဲ့ အမြစ်ရှည်နေရအုံးမယ်


ဘာများ ခံပြီး
ကျုပ်ကိုသောက်သုံး
ရာဇဝင်ထဲက မျက်လုံးတွေနဲ့
အောင်ပွဲတွေကို ခိုးယူနေအုံးမယ့်
မီး …………… ခိုး …….. လုံး …… တွေ …… ။



nelay







 
 artwork by nelay





Sunday, November 9, 2008

ဆရာ



ဟောဒီ့မှာ ....
လူ ပိန်းဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
လူ လတ်တန်းစားဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
လူ ဂုဏ်တန်ဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
လူ့ နလပိန်းတုန်းဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
လူ ရည်လည်ဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
လူ့ ဉာဏ်ကြီးရှင်ဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
လူ ဖြူဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
လူ မဲဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
လူ ဝါဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
ပုထုစဉ်ဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
သံဃာဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
သူတောင်းစားဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
စလီဗယ်တီဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
လူ လည်ဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
လူ လိမ်ဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
လူ ညာဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
ကဗျာ ... ကဗျာ .... ကဗျာ ....


ဟောဒီ့မှာ ....
ကဗျာ ဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
ဆရာ ဖတ် ဖို့ ကဗျာ


ဟောဒီ့မှာ ....
ကဗျာ ဆရာ ဆရာ ဆရာ .....



nelay





Tuesday, November 4, 2008

မွေးဖွားခြင်း ဇီဇဝါစိတ်



လက်ဖဝါးမှာ ရွှေလင်ပန်းနှင့်အချင်းဆေးပြီး မွေးဖွားလာတဲ့ သံသယဟာ ပြတင်းအဖြစ် ပဋိသန္ဓေတည်ပြီး ယုံကြည်ခြင်းနဲ့ထွက်ကျလာတယ်။ မွေးဖွားကထဲက ကျောမှာတွယ်အပ်တွေတလျှောက် လူတိုင်းမှာ ဆက်ကြောင်းတွေ မတူခဲ့ကြပြန်ဘူး။ စကြာဝဌာ အက်ကွဲကြောင်းထဲက ကမ္ဘာကို ဥချလိုက်တယ် ဆိုရင်ပဲ သစ္စာတရားတို့ ခမ်းခြောက်ကုန်ကြပြန်တယ်။ နေမင်းကို လော့ကတ်သီးဖွဲ့ စကြာဝဌာ ပကာသန အတုကိုမှ အစစ်မှန်းမသိ ဂြိုလ်ကြီးကိုးလုံးကို လိုက်လံပြသလေရဲ့။ မိုးဆိုတာလဲဖြစ်ပေါ်တယ် ဆောင်းဆိုတာလဲဖြစ်ပေါ်တယ် နွေဆိုတာလဲဖြစ်ပေါ်တယ်။လောင်တီကျူ တခုတည်းနဲ့ ကမ္ဘာကိုသိမ်းပိုက်လိုက်တဲ့ နတ်သမီးဟာ ကိုယ်စောင့်နတ် ၁၂ပါးရှိတယ်ဆိုပဲ။ လမင်းအတွက် အချိန်ကုန်ခဲ့တဲ့ ပင်လယ်ဟာ ဆွဲအားတခုတည်းနဲ့ မွေးဖွားခြင်းအမှုကို ပြီးမြောက်စေတယ်။ လောလောဆယ် ဒီလောက်ပါပဲ ...။
''သမီးမျက်နှာဟာ ကျနော့ကမ္ဘာပါ သခင်မ'' သူတိုးတိုးလေးရွတ်လိုက်တယ် မိုးသံတွေ လေသံတွေ ဖုန်းသည်အထိ စစ်တလင်းညံတဲ့ကြမ်းပြင်ကို လွှမ်းသည်အထိ သူတိုးတိုးလေးရွတ်ပြီးနေပြီဖြစ်တယ်။
''အဖေဟာ သမီးရဲ့ သစ္စာပါ မွေးသဖခင်'' သူမကျယ်လောင်စွာ အော်ဟစ်လိုက်တယ် လည်ချောင်းထဲက ဆိတ်ငြိမ်ရပ်ဝန်းတခု တိုးလျှိုသေဆုံးသွားသည်အထိ သုသာန်ရဲ့ အနက်ဆုံး ညသန်းခေါင် မီးစာငြိမ်းသည်အထိ သူမကျယ်လောင်စွာ အော်ဟစ်ရှိုက်သွင်းပြီးနေပြီဖြစ်တယ်။
တစ်မိနစ်တာ အိပ်မက်ရှည်အတွက် အသက်တစ်ရာစတေးတဲ့ အချိန်ကာလတွေ ဖြူစင်သန့်ရှင်းစွာ မွေးဖွားလာကြပြန်တယ်။
ဟိုး .. အဖြူဆုံး အလင်းဆုံး အသန့်ရှင်းဆုံး မေတ္တာတရားရဲ့ ရက်စက်မှုတွေနဲ့ အသက်ဓါတ်တစ်ခုဟာ အသန့်ရှင်းဆုံး ပြတင်းတခါးဆီမှ ပွင့်ဦးလာခဲ့တယ်။
အချိန်ပိုင်းတခုရဲ့ မညီညွှတ်မှုနဲ့ စွန်းပေရအုံးမယ်ဆိုတဲ့ အသက်ဓါတ်အဖြူလေး တခုအတွက် သူစိုးရိမ်တကြီးတွေးတော သိမြင် နောင်တကြီးတခုကို ဖန်ဆင်းပြီးနေနှင့်ပါပြီ။
နံရံမှာချိတ်ထားတဲ့ အဖြူအမဲ အနာဂတ်တချို့ရယ် အကန့်အကန့်တွေနဲ့ သီဆိုမှုတခုရယ် အနီလွန်နေတဲ့ မီးပွိုင့်တခုရယ် မဆီမဆိုင် ၁နာရီဟာလဲ ချုပ်ရိုးပြေ သွေးစက်တွေနဲ့ ခွဲနေခဲ့တော့တယ်။
''ပြောက်မသွားပါနဲ့ မင်းကိုယ်ငွေ့လေးနဲ့ ဝိဉာဉ်အချပ်လေးဟာ ငါ့ကမ္ဘာပါ အရှင်သခင်'' ရာသီမလွန်ခင် ရင်ကွဲခြင်း အပွင့်ဦးတွေ ထူးခဲ့ကြတယ် အရိပ်ဟောင်းကိုစွန့်လို့ အရိပ်သစ်ကိုခိုလိုက်ကြပြီးဖြစ်တယ်။
''သမီးအခိုးလေး အလှအပဆုံးဖမ်းဆုပ်တာကို မြင်ချင်တာအဖေ့ သစ္စာပါ'' မျက်မမြင်တယောက်ခေါင်းကိုတွင်းတွင်းခါ မိုးတွေလဲ အစီအစဉ်မကြေငြာပဲရွာလာပြီးဖြစ်တယ်။
ထုံးစံအတိုင်း ဇာတ်သိမ်းဟာ ရင်ကွဲမှလှမဲ့ မနက်ဖြန်အဆင်တစ်ထည်လဲ ဖြစ်လို့ နေပါတော့တယ် ...
မထင်မှတ်ထားတဲ့ ရပ်ဝန်းတခုရဲ့ ဆွဲအားဟာ ကားတိုက်ခံရတယ် ရထားကြိတ်ခံရတယ် လေယာဉ်အပျက်ခံရတယ် သင်္ဘောမှောက်ခံရတယ် ဒီအချိန်မှာပဲ မြက်တို့အကိုင်းမရှိမှန်း
ရနံ့မရှိမှန်း အရောင်မရှိမှန်း အပင်မရှိမှန်း စိတ်နှင့် သက်ဆိုင်သောလမ်းကို ကမ်းနဖူးအထိလျှောက်မိလျှက်သားဖြစ်နေခဲ့တော့တယ်။ အဖူးနဲ့ ကမ်းပေါ်မှ ပြုတ်ကျခြင်းအတွက်
မွေးဖွားခြင်း ဒဏ်ရာတို့ ဆက်တိုက်ဆိုသလို ''အဟုန်''ကွဲကြ ၃နာရီ စီးကြောင်းရာ ဟာလဲ သိသိသာသာ ခွဲခံနေရပါတော့တယ် ... ။
နောက်တမနက်ရဲ့ အသစ်ဆိုတာကို မွေးဖွားမဲ့ လက်ချောင်းလေးတို့ဟာ နောက်တစ်ဖန်အသစ်မွေးဖွားဖို့အတွက် မိဘစုံလင်စွာဖြင့် အဖြတ်ခံလိုက်ရတယ် ။ ဇီဇဝါပန်းတို့ရဲ့ ဝိဉာဉ်ထက်မှာ ခြံစည်းရိုးတို့ မွေးဖွားလာရင်း လက်ချောင်းလေးတို့ကို အတုအယောင်အဖြစ် မွေးစားလိုက်ကြပါတော့တယ်။ လောလောဆယ် ဒီမှာပြီးထားနှင့်ပါသည်။



nelay





Monday, November 3, 2008

အမေနဲ့ခဏတာ ဆပ်ပြာပူဖေါင်းမှုတ်ကြည့်ခြင်း



၁၆နှစ်

အမေရေ
အမေ့သားလေ
ရည်မှန်းချက်တွေ စီးတန်းထားတယ်လေ
ဖြစ်ကိုဖြစ်ရမယ့် အရာတွေ
အမေထင်သလို ကမ္ဘာကြီးကပြားတယ်လေ

၁၈နှစ်

အမေရေ
အမေ့သားလေ
ဂုဏ်ထူးတွေသီတန်းထားလဲ
အမေ့ပခုံး ကျွဲလိုရုန်းတာ
စိတ်နှလုံး မချမ်းမြေ့ဘူး
ဖြစ်ချင်ရာဖြစ် သားတလှည့် ထမ်းပါရစေလေ


နှစ်၂ဝ

အမေရေ
အမေ့သားလေ
ထူးမလာပါဘူး ဘွဲ့အတုကြီးနဲ့ရူးတယ်
သင်တန်းတကာ ကားယားရပ်တော့
လမ်းတွေလဲ ဂွပိုကျတယ်အမေ

၂၂နှစ်

အမေရေ
အမေ့သားလေ
၂၁ရာစုမှာ ပညာအတုတွေနဲ့ ကူလီထမ်းတယ်
ချွေးနည်းနည်းစာမှာ အမေ့ကို ကြွေးမဲ့ထမင်း
မသန့်ရှင်းတာ သားလျှာတွေလဲ မြက်ပေါက်ပါပြီအမေ

နှစ်၂၄ နှစ်ပိုင်းတစ်ပိုင်း

အမေရေ
အမေ့သားလေ
လက်ချိုးရေလို့မရအောင် ရည်မှန်းချက်တွေပုံခဲ့ဖူးတယ
ရည်မှန်းချက်တွေကြွေကြွေသွာ်းတော့
သားလေ အမေ့အတွက်
၂၄ထပ်တိုက်ပေါ်က ဆပ်ပြာပူဖေါင်းအတုတွေ
လှလှပပမှုတ်တတ်နေပြီ အမေ ....။



nelay